တရုတ်-အမေရိကန် ထိပ်တိုက်တွေ့ကြတဲ့ ရှန်ဂရီလာ လုံခြုံရေး ညီလာခံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဇွန်လ ၁ ရက်နေ့၊ ရှန်ဂရီလာ ဖိုရမ်မှာ စကားပြောကြသူတွေထဲ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုဒ် အော်စတင်လည်း ပါဝင်ပါတယ်။
အင်ဒို-ပစိဖိတ် ဒေသတလွှား လုံခြုံ တည်ငြိမ်မှု ရှိစေရေး အပေါ် အမေရိကန် အစိုးရက အဓိက အာရုံစိုက်နေတယ်လို့ ဝန်ကြီး အော်စတင်က ဆိုပါတယ်။
အာရှဒေသ လုံခြုံမှ အမေရိကန် လုံခြုံနိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီး အော်စတင်က ပြောပါတယ်။
ဒီညီလာခံမှာ အတူရှိနေတဲ့ တရုတ်အစိုးရရဲ့ ကိုယ်စားလှယ် အဖွဲ့ဝင် တစ်ယောက် ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျင်း ကျန်ဖန်းကတော့ အမေရိကန်ဟာ အာရှ - ပစိဖိတ် ဒေသကို ဆက်လက် လွှမ်းမိုးနိုင်ဖို့ရာ နေးတိုး စစ်ရေး မဟာမိတ်အဖွဲ့ ပုံတူမျိုး ဒီ ဒေသမှာ တည်ဆောက်ဖို့ ကြိုးစားနေတယ် ဆိုပြီး စွပ်စွဲ ပြစ်တင်ပါတယ်။
“နိုင်ငံတကာရဲ့ တည်ငြိမ်မှုကို အပျက်ယွင်းစေဆုံး၊ ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် ဆက်ဆံပြီး ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ထူထောင်ဖို့ရာမှာ အနှောင့်အယှက် အဖြစ်စေဆုံးက အမေရိကန်ပဲ ဆိုတာ အချက်အလက်တွေက ညွှန်ပြနေပါတယ်”
“အမေရိကန်ဟာ ဒီဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်နိုင်ရေးမှာ အကြီးမားဆုံး စိန်ခေါ်ချက် အဟန့်အတားကြီးတစ်ရပ် ဖြစ်နေတယ်” ဆိုပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျင်းက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်ဝန်ကြီး အော်စတင်ကတော့ တရုတ်ရဲ့ စွပ်စွဲ ပြောဆိုချက်ကို ပယ်ချပြီး၊ တရုတ် အပေါ် တန်ပြန် ဝေဖန်တာတွေ လုပ်ပါတယ်။ တောင်တရုတ် ပင်လယ်ထဲ ဘေဂျင်းအစိုးရ အနေနဲ့ အလွန် အန္တရာယ်များတဲ့ အပြုအမူတွေ ကျူးလွန်နေတယ်လို့ ဝန်ကြီး အော်စတင်က ပြောပါတယ်။
ဒီလို စကားမျိုးကို အရင်တစ်ရက်က တရုတ် ကာကွယ်ရေး ဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တုန်းကျန်းနဲ့ တွေ့တုန်းကလည်း ဝန်ကြီး အော်စတင် ပြောခဲ့ပါတယ်။ တရုတ် အနေနဲ့ ထိုင်ဝမ်ရဲ့ အနီးတဝိုက်မှာ ရန်စသလို ပြုမူနေတဲ့ စစ်ရေး လှုက်ရှားမှုတွေ ရပ်တန့်သင့်တယ်လို့ ဝန်ကြီးအော်စတင်က ဆိုပါတယ်။
စင်္ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ နှီးနှော ဖလှယ်ပွဲကို လာတက်ကြရင်းသား အမေရိကန်နဲ့ တရုတ် ကာကွယ်ရေး ဝန်ကြီးတွေဟာ အခုလို နှစ်ယောက်ချင်း တွေ့ဆုံ စကားပြောဖြစ်ခဲ့ကြတယ် ဆိုတာဟာ ပထမဆုံး အကြိမ် နှစ်နှစ်ဆက် တွေ့တာ ဖြစ်ပါတယ်။
ဝန်ကြီးနှစ်ယောက် တွေ့ခဲ့ကြတုန်း အင်မတန် ပွင့်ပွင့်လင်းလင်းတွေ အပြန်အလှန် ပြောဖြစ်ခဲ့တယ်လို့ မစ္စတာ အော်စတင်က ဆိုပါတယ်။
မစ္စတာ အော်စတင်က ထိုင်ဝမ်ကိစ္စကို တိုက်ရိုက်ထည့်ပြောခဲ့သလို၊ အက်ဒ်မရယ်လ် တုန်းကျန်းကလည်း အမေရိကန် အနေနဲ့ ထိုင်ဝမ် အရေးမှာ ဝင်ရောက် စွက်ဖက်နေတာတွေ ရပ်သင့်တယ် ဆိုပြီး ပြောခဲ့ပါတယ်။
ထိုင်ဝမ် အရေးနဲ့ ပတ်သက်ပြီး အခုလို ကွဲပြားနေပေမယ့်၊ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံ စစ်တပ်တွေကြား အပြန်အလှန် ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားသင့်တယ် ဆိုပြီး နှစ်ဘက်လုံးကတော့ ပြောနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းသမ္မတ ဇလန်စကီးဟာ စင်္ကာပူနိုင်ငံမှာ ပြုလုပ်နေတဲ့ လုံခြုံရေး ဆိုင်ရာ အဓိက နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကြီး ဖြစ်တဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲကို တက်ရောက်နေပါတယ်။
ဇွန်လ ၂ ရက်၊ တနင်္ဂနွေနေ့ ဆိုရင် သမ္မတ ဇလန်စကီး မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ ရုရှားနဲ့ တိုက်ခိုက်နေရတဲ့ ယူကရိန်းအတွက် နိုင်ငံတကာ အထောက်အပံ့တွေ ပိုရလာအောင် သမ္မတ ဇလန်စကီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ရှန်ဂရီလာဖိုရမ်ကို ရောက်ရောက်ချင်းမှာပဲ ယူကရိန်းသမ္မတက ကမ္ဘာ့လုံခြုံရေး ရုရှားကြောင့် ထိခိုက်နေရတာ ဖြစ်တယ် ဆိုပြီး တွိ (အရင်တွစ်တာ၊ အခု အိတ်ဇ် ဆိုရှယ်မီယီယာပေါ် ရေးသားခြင်း) လုပ်ပါတယ်။
ရုရှားဟာ နိုင်ငံတကာ နယ်နမိတ်တွေ၊ ပိုက်နက်တွေ၊ ဥပဒေတွေ အားလုံးကို လျစ်လျူရှု မျက်ကွယ်ပြုပြီး ထင်ရာစိုင်းနေတာကြောင့် ကမ္ဘာတလွှား လုံခြုံမှု ရှိစေဖို့ ဆိုတာ ရုရှားကြောင့် ဘယ်လိုမှ တည်ဆောက်မရနိုင် ဖြစ်နေတယ်လို့ သမ္မတ ဇလန်စကီး ရေးသားတာ ဖြစ်ပါတယ်။








