အိန္ဒိယမှာ ဆိုင်ဘာလုံခြုံရေးအက်ပ် ဖုန်းတွေမှာ ထည့်ရမယ့် အမိန့် ပြန်ရုပ်သိမ်း
နစ်ခေးလ် အနန်ဒါ
BBC News

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
အိန္ဒိယမှာ စမတ်ဖုန်းထုတ်လုပ်သူတွေ အနေနဲ့ ဖုန်းတိုင်းမှာ အစိုးရက လုပ်ပေးထားတဲ့ ဆိုင်ဘာ လုံခြုံရေး အက်ပ်ကို မဖြစ်မနေ ထည့်သွင်းရမယ် ဆိုတဲ့ အမိန့်ကို ထုတ်ခဲ့ပြီး လူထုအကြား လက်မခံနိုင်မှုတွေ အုတ်အုတ်ကျက်ကျက် ထွက်ပေါ်လာခဲ့တဲ့နောက် အခုတော့ ဒီအမိန့်ကို အစိုးရက ပယ်ဖျက်လိုက်ပါပြီ။
အမိန့်ထုတ်ပြန်စဥ်က ဖုန်းထုတ်လုပ်သူတွေ အနေနဲ့ ဖုန်းအသစ်တွေမှာ အဲဒီ ဆန်ချာ ဆာသီအက်ပ်ကို ထည့်ဖို့ ရက်ပေါင်း ၉၀ အချိန်ပေးခဲ့ပါတယ်။ ဒီ အက်ပ်ကို ကန့်သတ်တာမျိုး၊ အလုပ်မဖြစ်အောင် ပိတ်ထားတာမျိုး မလုပ်နိုင်တဲ့ အက်ပ်ဖြစ်ပါတယ်။
ဒီအရေးကြောင့် လူတွေဟာ ပုဂ္ဂလိက အတွင်းရေး ကိစ္စလုံခြုံရေးနဲ့ စောင့်ကြည့်ခံရမှုတွေ အပေါ် စိုးရိမ်လာခဲ့ကြပါတယ်။
အစိုးရကတော့ ဒီအက်ပ်တွေက ဖုန်းကိုင်သူ ဘယ်သူဘယ်ဝါဆိုတာ မှတ်ပုံတင်ထားနိုင်တဲ့ အတွက် ဆိုင်ဘာလုံခြုံရေးအရ ကောင်းမွန်တယ်၊ နောက်ပြီး ဖုန်းတွေ ခိုးခံရရင် ဒါမှမဟုတ် ပျောက်သွားရင် ဒီဖုန်းကို အသုံးမပြုနိုင်အောင် လှမ်းပိတ်ထားဖို့ အတွက် အသုံးကျတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီလုပ်ဆောင်မှုကနေ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံစိတ်ချရရေးကို ချိုးဖျက်သွားတဲ့အထိ ဖြစ်သွားနိုင်ကြောင်း ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ အိန္ဒိယ အစိုးရက ဒီအမိန့်ကို ပယ်ဖျက်လိုက်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုအချိန်ထိ မိုဘိုင်းဖုန်းသုံးသူ ၁၄ သန်းက ဒီအက်ပ်ကို ဒေါင်းလုပ်ဆွဲခဲ့ကြပါတယ်။ အင်္ဂါနေ့ တနေ့တည်းမှာတင် ဒီအက်ပ်ကို သုံးသူအဖြစ် မှတ်ပုံတင်သူ ၆၀၀,၀၀၀ ခန့်ရှိတယ်လို့ အိန္ဒိယရဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။
ဒါပေမဲ့ အရင်သီတင်းပတ်က အတည်ပြုခဲ့ပြီး တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ဒီအမိန့်မှာ ဒီအက်ပ်ကို မဖြစ်မနေ ထည့်သွင်းရမယ်ဆိုတဲ့ အချက်က ဆိုင်ဘာလုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူ အများအပြားကို တုံ့ပြန်ဖို့ စေ့ဆော်လိုက်ပါတော့တယ်။
စမတ်ဖုန်း ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ အက်ပဲလ်နဲ့ ဆမ်ဆောင်းတို့ကလည်း သူတို့ဖုန်းမှာ ဒီအက်ပ် ထည့်ပေးဖို့အရေးကို ငြင်းဆန်ကြပါတယ်။
ဒီအမိန့်ကို အရင်မညှိနှိုင်းဘဲ ထုတ်ပြန်တာဖြစ်ပြီး ဒီကိစ္စက ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွင်းရေးတွေနဲ့ ပတ်သက်ပြီး လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေကို စိန်ခေါ်နေသလို ဖြစ်နေတယ်လို့ ဒီကုမ္ပဏီတွေက စိုးရိမ်ကြောင်း သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
အမိန့်ကို အခုပြန်ရုပ်သိမ်းလိုက်တာနဲ့အတူ အိန္ဒိယ ဆက်သွယ်ရေး ဝန်ကြီး ဂျုတီရာဒစ်ယာ စင်ဒီယာက ဒီအက်ပ်ကို စောင့်ကြည့်ဖို့အတွက် အသုံးပြုတာမဟုတ်ကြောင်း ငြင်းဆန်ပါတယ်။
"ဆန်ချာ ဆာသီ ဘေးကင်းရေး အက်ပ်ကို သုံးပြီး စောင့်ကြပ်ကြည့်ဖို့ ဆိုတာ မဖြစ်နိုင်သလို ဘယ်တော့မှလည်း လုပ်မှာမဟုတ်ပါဘူး" လို့ စီဒီယာက ပြောပါတယ်။
ဒီအမိန့်ကို အစိုးရရက ပြန်ရုပ်သိမ်းလိုက်တဲ့အပေါ် ဒစ်ဂျစ်တယ် အခွင့်အရေး မြှင့်တင်လိုတဲ့ အဖွဲ့တွေက ကြိုဆိုကြပါတယ်။
"တိုးတက်မှုအဖြစ် ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီကြေညာချက်နောက်ပိုင်း ၂၀၂၄ ဆိုင်ဘာ လုံခြုံရေး စည်းမျဥ်းတွေရဲ့ ဥပဒေကြောင်းအရ ဖျက်သိမ်းကြောင်း အမိန့်အပြည့်အစုံက တွဲပါလာသင့်ပါတယ်" လို့ အင်တာနက် လွတ်လပ်ရေး ဖောင်ဒေးရှင်းက အိတ်စ်မှာ ရေးတင်ပါတယ်။








