တယ်လီဂရမ်မှာ အိန္ဒိယ သားဖွားခန်းထဲက စီစီတီဗီ ဗီဒီယိုတွေကို ဟက်ကာတွေ ခိုးရောင်း

ဟက်ကာတွေက လျှို့ဝှက်အခန်းတွေမှာ တိတ်တဆိတ်အလုပ်လုပ်ပါတယ်။ အဲဒီအခန်းထဲကနေ ကမ္ဘာပေါ်က ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုတွေနဲ့ အေဂျင်စီပေါင်းများစွာကို ‌ဖောက်ထွင်းဝင်ရောက်နေပါတယ်။ ဟက်ကာတွေက ကွန်ပျူတာတွေကိုသုံးပြီး ဆိုက်ဘာအချက်အလက်စင်တာက အချက်အလက်တွေကို ခိုးယူနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆိုင်ဘာရာဇဝတ်မှုတွေနဲ့သက်ဆိုက်တဲ့ ကွန်ရက်တစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ အိန္ဒိယရဲတွေက ပြောပါတယ်

အိန္ဒိယနိုင်ငံရဲ့ သားဖွားဆေးရုံတစ်ခုက ရုပ်သံမှတ်တမ်း ဗီဒီယိုတွေကို ဟက်တာတွေက ခိုးယူခဲ့ပြီး တယ်လီဂရမ်မှာ ရောင်းချခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနောက်မှာ ဒီရုပ်သံရိုက်ကူးတဲ့ ကင်မရာတွေကို အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ သုံးလေ့ရှိတဲ့ နိုင်ငံအတွက် ကိုယ်ရေးကိုယ်တာ လုံခြုံရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာပါတယ်။

ဒီနှစ်အစောပိုင်းမှာ မြို့တစ်မြို့က မီးဖွားခန်းဆေးရုံတစ်ခုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ဆေးစစ်တာနဲ့ တင်ပါးမှာ ဆေးထိုးတာတွေ ပြနေတဲ့ ဗီဒီယိုတွေကို ယူကျုပေါ်မှာ တွေ့ရတယ်လို့ ဂူဂျာရတ်ပြည်နယ် ရဲတွေဆီကို မီဒီယာတွေက သတိပေးခဲ့ကြပါတယ်။

အဲဒီရုပ်သံဖိုင်တွေမှာ လင့်ခ်တွေထည့်သွင်းထားပြီး အဲဒီလင့်ခ်တွေကတော့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်ထဲက ချန်နယ်လ်တွေကို လမ်းညွှန်နေတဲ့လင့်ခ်တွေ ဖြစ်ပါတယ်။ ရုပ်သံမှတ်တမ်း အပြည့်အစုံ အစအဆုံးလိုချင်ရင် ဒီချန်နယ်မှာ ဝယ်ယူနိုင်တယ်ဆိုပြီး အသိပေးထားတာ ဖြစ်ပါတယ်။

ဆေးရုံရဲ့ ညွှန်ကြားရေးမှူးကတော့ ဆရာဝန်တွေရဲ့ လုံခြုံရေးတွေအတွက် မှတ်တမ်းယူဖို့ ကင်မရာတွေ တပ်ဆင်ထားတာလို့ ပြောပါတယ်။

ဗီဒီယိုထဲက အမျိုးသမီးတွေရဲ့ အထောက်အထားကို ကာကွယ်ဖို့ မြို့နာမည်နဲ့ ဆေးရုံနာမည်ကို ဘီဘီစီက ထုတ်ဖော်ခြင်း မပြုပါဘူး။

အဲဒီရုပ်သံမှတ်တမ်းထဲမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတွေကလည်း ရဲစခန်းကို တိုင်ကြားတာ မရှိခဲ့ပါဘူး။

အိန္ဒိယနိုင်ငံအနှံ့က အရေးကြီးတဲ့ ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင် အနည်းဆုံး ၅၀,၀၀၀ ကို ဟက်ကာတွေက ခိုးယူပြီး အွန်လိုင်းကနေ ရောင်းချခဲ့တဲ့ ကြီးမားတဲ့ ဆိုင်ဘာရာဇဝတ်ကွန်ရက်တစ်ခုကို ရဲတွေက စုံစမ်းဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိန္ဒိယနိုင်ငံရဲ့ မြို့ပြနေရာအများစုဟာ စီစီတီဗီ ကင်မရာတွေနဲ့ ပြည့်နှက်နေတာပါ။ အဲဒီကင်မရာတွေကို ကုန်တိုက်နဲ့ ရုံးခန်းတွေ၊ ဆေးရုံနဲ့ကျောင်းတွေအပြင် သီးသန့်အိမ်ရာ၊ တိုက်ခန်းတွေနဲ့ လူနေအိမ်တွေမှာပါ တပ်ဆင်ထားကြတာ ဖြစ်ပါတယ်။

စီစီတီဗီကင်မရာတွေက လုံခြုံရေးကို ပိုကောင်းစေပေမဲ့ တပ်ဆင်တဲ့ နည်းပညာပိုင်းအားနည်းချက်တွေနဲ့ ထိန်းသိမ်းမှုစနစ်မကောင်းမွန်တာတွေက ကိုယ်ရေးကိုယ်တာလုံခြုံမှုတွေကို ခြိမ်းခြောက်မှုတွေဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးပါတယ်။

အိန္ဒိယမှာ စီစီတီဗီကင်မရာတွေနဲ့ ပတ်သက်လို့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ သင်တန်းတွေပေးတာမျိုးမရှိဘဲ ဝန်ထမ်းတွေကပဲ တပ်ဆင်ကိုင်တွယ်နေကြတာ ဖြစ်ပါတယ်။

တချို့ ပြည်တွင်းက ထုတ်လုပ်တဲ့ကင်မရာ မော်ဒယ်အမျိုးအစားတွေမှာလည်း တပ်ဆင်တဲ့ လုံခြုံရေးအပိုင်းအားနည်းတာကြောင့် ဟက်တာတွေက အလွယ်တကူအသုံးချလို့ရနေတယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်တုန်းကလည်း ဘန်းဂါလူရူမြို့က နည်းပညာသမားတစ်ဦးရဲ့ လုံခြုံရေးကင်မရာက မှတ်တမ်းတွေ ခိုးယူခံခဲ့ရပြီး ခိုးယူတဲ့ ဟက်ကာတွေက ဒီမှတ်တမ်းတွေကို တခြားနေရာတစ်ခုစီ မပြန့်စေချင်ရင် ငွေပေးရမယ်ဆိုပြီး အပေးအယူလုပ်ဖို့ သူ့ကို တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာလည်း ယူကျုမှာ ဗီဒီယိုတွေတင်သူ - ယူကျုဘာတစ်ဦးက သူ့အိမ်ရဲ့ စီစီတီဗီကင်မရာမှတ်တမ်းတွေကို ဟက်တာတွေက ခိုးယူခဲ့တယ်ဆိုတာကို မှတ်တမ်းဖိုင်တွေ ပြန့်သွားတဲ့အချိန်မှသာ သိခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ ပြည်နယ်အစိုးရဘက်က ဒေသအလိုက် လုံခြုံရေးနဲ့ အချက်အလက် ချိုးဖောက်ခံရတဲ့ မှတ်တမ်းတွေရှိတဲ့ ဖြန့်ချိသူတွေဆီက စီစီတီဗီတွေကို ဝယ်ယူသုံးစွဲတာမျိုးမလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် စီစီတီဗီ-စောင့်ကြည့်ကင်မရာတွေရဲ့ ဆိုင်ဘာလုံခြုံရေးကိုမြှင့်တင်ဖို့ စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကင်မရာမှတ်တမ်းတွေ ခိုးယူခံရတဲ့ဖြစ်ရပ်တွေ ဆက်ရှိနေတုန်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် မေလတုန်းက ‌ဈေးဆိုင်တစ်ဆိုင်အပြင်ဘက်မှာ တပ်ဆင်ထားတဲ့ ကင်မရာကိုတွေ့ရတဲ့မြင်ကွင်း
အိန္ဒိယအစိုးရအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသက ပုဂ္ဂလိကလုပ်ငန်းတွေအားလုံးကို စီစီတီဗီ လုံခြုံရေးကင်မရာတွေတပ်ဆင်ဖို့ အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ ပဋိပက္ခအများဆုံးရှိတဲ့နေရာတွေကို စောင့်ကြည့်ဖို့ ရည်ရွယ်တယ်လို့ ထောက်ပြနေကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံအနှံ့မှာ စီစီတီဗီ စောင့်ကြည့်ကင်မရာတွေကို တပ်ဆင်ထားကြပါတယ်။

ဂူဂျာရတ်မှာ "နိုင်ငံအနှံ့ ဖြန့်ကြက်ထားသူတွေနဲ့ ကွန်ရက်တစ်ခုကို ရှာတွေ့ရှိခဲ့တယ်"လို့ ရဲတွေက ပြောပါတယ်။

"သူတို့(ဟက်ကာတွေ)က ဆေးရုံတွေ၊ ကျောင်းတွေ၊ ကောလိပ်တွေ၊ ရုံးတွေနဲ့ ပြည်နယ်တော်တော်များများက လူတွေရဲ့ အိပ်ခန်းတွေထဲတွေက စီစီတီဗီစောင့်ကြည့်ရေးစနစ်တွေထဲကို တောင် ဝင်ကြည့်နိုင်နေကြတာ" လို့ အာမက်ဒမက်လို့ခေါ်တဲ့ ဆိုင်ဘာရာဇဝတ်မှုဆိုင်ရာဌာနရဲ့ အကြီးအကဲ လာဗီနာ ဆင်းဟက သတင်းထောက်တွေကို ဖြေကြားပါတယ်။

ဂူဂျာရတ်ရဲ့ ထိပ်တန်းဆိုက်ဘာရာဇဝတ်မှုဆိုင်ရာအရာရှိ ဟာဒစ် မာကတ်ဒီယာကတော့ ဟက်ကာတွေက ဗီဒီယိုတွေကို ရူပီး ၈၀၀ ကနေ ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၉ ဒေါ်လာနဲ့ ၂၂ ဒေါ်လာဝန်းကျင်) နဲ့ ရောင်းချခဲ့ပြီး တယ်လီဂရမ်ချန်နယ်လ်တွေကို ဝင်ကြေးပေးရာကတဆင့် စီစီတီဗီမှတ်တမ်းဗီဒီယိုတွေကို ကြည့်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒီဟက်ကာတွေကို အမျိုးသမီးလူနာတစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု၊ ညစ်ညမ်း အကြောင်းအရာဖြန့်ချိမှု၊ သူတစ်ပါးကို တိတ်တဆိတ်စောင့်ကြည့်မှုနဲ့ ဆိုင်ဘာအကြမ်းဖက်မှုတွေအပါအဝင် ဥပ‌ဒေပုဒ်မအမျိုးမျိုးနဲ့ ရဲတွေက အမှုဖွင့်ထားသလို ဒီအမှုက အာမခံလည်း ရမှာ မဟုတ်ပါဘူး။

ဒါ့အပြင် တယ်လီဂရမ်နဲ့ ယူကျု လူမှုကွန်ရက် ကြီးကြပ်သူတွေကိုလည်း ဆက်သွယ်ပြီး ဗီဒီယိုတွေကို ဖြုတ်ချလိုက်ပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတွေက ဒီအမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းကစလို့ မဟာရက်ရှ်ထရာက ၄ ဦးအပါအဝင် အူတာ ပရာဒက်ရှ်နဲ့ ဂူဂျာရတ်၊ ဒေလီနဲ့ အက်တာရက်ခန် စတဲ့ပြည်နယ်တွေက လူ ၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေကို တရားရုံးမှာ အမှုစစ်ဆေးတာတွေ ဆက်လုပ်နေပြီး တရားစီရင်ရေးအရ ဆက်ထိန်းသိမ်းထားပါတယ်။

ရှေ့နေ့ ရက်ရှ် ကော့ရှ်တီကတော့ စွပ်စွဲထိန်းသိမ်းခံထားရတဲ့ ၃ ဦးအတွက် ရှေ့နေလိုက်ပေးနေပြီး အဲဒီ ၃ ဦးကတော့ ဟက်ကာတွေ ဆိုင်ဘာရာဇဝတ်ကောင်တွေ မဟုတ်ကြောင်းနဲ့ အခြားတစ်ဦးဦးကသာ ဖောက်ဖျက်ကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

ဆိုင်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးမှူး ရီတက်ရှ် ဘာတီရာကတော့ လုံခြုံရေးနဲ့ နည်းစနစ်အားနည်းတဲ့ စီစီတီဗီတွေနဲ့ အိမ်သုံးအင်တာနက်ကွန်ရက်တွေက လွယ်ကူတဲ့ပစ်မှတ်ဖြစ်နေတာကြောင့် လုံခြုံအောင် လုပ်ထားဖို့လိုတယ်လို့ သတိပေးပါတယ်။

"ကြိုးမဲ့စနစ် စီစီတီဗီတွေက အဝေးတစ်နေရာကနေ စမတ်ဖုန်း ဒါမှမဟုတ် လက်ပ်တော့တွေကနေ ကြည့်လို့ရပါတယ်။ ဒါပေမဲ့ ဒီလိုကြည့်လို့ရအောင် စနစ်တစ်ခုကို ဝက်ဘ်စာမျက်နှာတစ်ခုနဲ့ ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့အင်တာနက်လိပ်စာနဲ့ မူရင်းစကားဝှက်တွေကို ဟက်ကာတွေက အလွယ်တကူ ဖော်ထုတ်နိုင်ပါတယ်။ ဟက်ကာတွေက စနစ်ထဲကို ဝင်ရောက်နိုင်ပြီဆိုတာနဲ့ ဗီဒီယိုမှတ်တမ်းတွေကို ကြည့်နိုင်တယ်၊ ဒေါင်းလုဒ်ရယူနိုင်သလို ဒီစနစ်ကိုတောင် ပိတ်ပစ်လိုက်နိုင်တယ်" လို့ မစ္စတာ ဘာတီရာက ရှင်းပြပါတယ်။

စောင့်ကြည့်ကင်မရာစနစ်တွေ လုံခြုံစေမယ့် နည်းလမ်းတစ်ခုကတော့ အိုင်ပီလိပ်စာတွေနဲ့ စကားဝှက်တွေကို ပုံသေမထားဘဲ ပြောင်းပေးဖို့လိုတယ်လို့ သူကထောက်ပြပါတယ်။

ဒါ့အပြင် မစ္စတာ ဘာတီရာက စကားဝှက်တွေကိုလည်း အက္ခရာတွေ၊ နံပါတ်တွေကို ရောနှောပြီး အဘိဓာန်မှာ ရှာမတွေ့နိုင်တဲ့ ခိုင်မာတဲ့ စကားဝှက်တွေကို သုံးဖို့ အကြံပြုသလို ဆိုင်ဘာပညာရှင်တွေကိုလည်း အချိန်တစ်ခုကြာတိုင်း စစ်ဆေးမှုတွေ ပုံမှန်လုပ်ဖို့ တိုက်တွန်းထားပါတယ်။

စီစီတီဗီ စောင့်ကြည့်ကင်မရာထုတ်လုပ်သူတွေအနေနဲ့လည်း ဒီလိုခိုးယူခံရမှုတွေအတွက် တာဝန်ရှိတယ်လို့ သူက ပြောပါတယ်။ စီးကရက်ဘူးတွေမှာ ကျန်းမာရေး သတိပေးစာတွေ ထည့်ထားသလို ဒီဘူးတွေပေါ်တွေမှာလည်း အသုံးပြုသူတွေကို ပုံမှန်စကားဝှက်တွေအစား ခိုင်မာတဲ့ စကားဝှက်တွေနဲ့ အစားထိုးဖို့ ရှင်းရှင်းလင်းလင်း သတိပေးသင့်တယ်လို့ ပြောပါတယ်။

၂၀၂၀ ဖေဖော်ဝါရီ ၁၂ ရက်က ရိုက်ကူးခဲ့တဲ့ တမီးနာဒူမှာ စီစီတီဗီကင်မရာတွေရဲ့ စောင့်ကြည့်မှုအောက်မှာရှိတယ်ဆိုတဲ့ သတိပေးချက်ဆိုင်းဘုတ် - အိန္ဒိယတဝှမ်းမှာ ဒီလိုဆိုင်းဘုတ်တွေရှိပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တမီးနာဒူမှာ စီစီတီဗီကင်မရာတွေရဲ့ စောင့်ကြည့်မှုအောက်မှာရှိတယ်ဆိုတဲ့ သတိပေးချက်ဆိုင်းဘုတ် - အိန္ဒိယတဝှမ်းမှာ ဒီလိုဆိုင်းဘုတ်တွေရှိပါတယ်

ဟက်လုပ်ခံရတဲ့ စီစီတီဗီစောင့်ကြည့်ကင်မရာအများစုဟာ Admin 123 အမျိုးအစား ဒါမှမဟုတ် ခန့်မှန်းခိုးယူရလွယ်တဲ့ ပုံသေစကားဝှက်တွေကို အသုံးပြုထားတာများတယ်လို့ ဂူဂျာရတ်ရဲ့ ထိပ်တန်းဆိုင်ဘာရာဇဝတ်မှုဆိုင်ရာအရာရှိ မစ္စတာ မာကတ်ဒီယာက ဘီဘီစီ ဂူဂျာရတ်ဌာနကို ပြောပါတယ်။

"ဟက်ကာတွေက ဗီဒီယိုမှတ်တမ်းတွေကို ခိုးယူကြည့်ရှုဖို့ တချို့ပရိုဂရမ်တွေကိုသုံးပြီး ထောင်သောင်းမကတဲ့ အက္ခရာ၊ နံပါတ်တွေကို စကားဝှက်အဖြစ်ပေါင်းစပ်ဖန်တီးပြီး ဒီလိုစနစ်တွေထဲ ဖောက်ထွင်းဝင်‌ရောက်နိုင်တယ်"လို့လည်း သူက ထောက်ပြပါတယ်။

အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာစင်တာတစ်ခုဖြစ်တဲ့ မာဂျီလစ်စ်က အော်ဒရေး ဒီမယ်လိုကတော့ ခွင့်ပြုချက်မရှိဘဲ အိန္ဒိယနိုင်ငံအနှံ့အပြားမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားတဲ့အချက်ကို ထောက်ပြပါတယ်။

အဖွဲ့အစည်းတွေအနေနဲ့ အထူးသဖြင့် ထိခိုက်လွယ်တဲ့၊ အရေးကြီးတဲ့ နေရာတွေမှာ တပ်ဆင်တဲ့အခါ စနစ်တွေကို ကောင်းကောင်းမွန်မွန် ဖြစ်အောင် သေချာလုပ်ထားဖို့ တိုက်တွန်းပါတယ်။

"စောင့်ကြည့်ရေးစနစ်တွေ တပ်ဆင်တဲ့ အဖွဲ့အစည်းတွေနဲ့ အထူးသဖြင့် အရေးကြီးတဲ့ နေရာတွေမှာ သူတို့ရဲ့ စနစ်တွေ လုံခြုံရေးစနစ် လုံလုံလောက်လောက်ရှိတာ သေချာအောင် လုပ်ရပါမယ်။ ဒါက လုံးဝ မဖြစ်မနေ လိုအပ်ပါတယ်" လို့ သူက ပြောပါတယ်။

မှတ်တမ်းခိုးယူခံခဲ့ရတဲ့ ဆေးရုံရဲ့ ဒါရိုက်တာဖြစ်သူကတော့ စစ်ဆေးတဲ့အခန်းတွေနဲ့ ဆေးထိုးတဲ့အခန်းတွေမှာတပ်ဆင်ထားတဲ့ စီစီတီဗီတွေဟာ ဆရာဝန်တွေအပေါ် မဟုတ်မမှန်စွပ်စွဲမှုတွေ ရှိလာရင် ကာကွယ်ပေးဖို့ ရည်ရွယ်ပြီး တပ်ဆင်ထားလို့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိမှာတော့ လုံခြုံရေးကျိုးပေါက်မှုတွေဖြစ်စေနိုင်တဲ့ နေရာတွေမှာ တပ်ထားတဲ့ ကင်မရာကိုတွေကို ဖယ်ရှားပစ်လိုက်ပြီလို့ သူက ပြောပါတယ်။

ဂူဂျာရတ်မှာရှိတဲ့ ရဲတပ်ဖွဲ့တော့ ဆေးရုံဘက်ကရော လူနာရှင်တွေဘက်ကရော ဒီလုံခြုံရေးကျိုးပေါက်ခံရမှုအပေါ်မှာ တိုင်ကြားတာမျိုးမရှိခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။ နောက်ဆုံးမှာတော့ ဒီအခြေအနေတွေကို ရဲအရာရှိတစ်ဦးက အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

"အမျိုးသမီးလူနာတွေက သူတို့တွေရဲ့ အထောက်အထား ဘယ်သူဘယ်ဝါဆိုတာမျိုး ထုတ်ဖော်ခံရမှာကို စိုးရိမ်နေကြတာ၊ ဒါကြောင့်မတိုင်ဘဲ နေနေကြတာ"လို့ ဂူဂျာရတ်က ရဲအရာရှိတစ်ဦးက ပြောပါတယ်။

မစ္စ ဒီမယ်လိုကတော့ အမျိုးသမီးတွေအနေနဲ့ ဒီလိုလုံခြုံရေးကျိုးပေါက်မှုတွေ ကြုံတွေ့ရတာက အရှက်အကြောက်ကြီးတဲ့စိတ်ပိုမြင့်အောင် ပိုပြီးအားဖြည့်ပေးသလိုဖြစ်နေတယ်လို့ဆိုပါတယ်။

အမျိုးသမီးတွေကို အခွင့်အရေးတွေ တောင်းဆိုစေချင်ပြီး ရာဇဝတ်ကောင်တွေကို တရားစီရင်ရေးဆီ အရေးယူစေချင်တယ်ဆိုရင် လူ့အဖွဲ့အစည်းအနေနဲ့ ပထမဆုံးအဖြစ် ရာဇဝတ်မှုအတွက် အမျိုးသမီးတွေကို အရှက်ရစေတာနဲ့ အပြစ်တင်တာတွေကို ရပ်ကြရပါမယ်" လို့ သူက ပြောပါတယ်။