ပဇီကြီးရွာက နှစ်ဆန်းတစ်ရက် ရက်လည် နာရေး

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်နှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်နှစ်ဦး

ဒီကနေ့ဟာ ဧရာဝတီမြစ်အနောက်ဘက် ကန့်ဘလူမြို့နယ်ထဲက အိမ်ခြေ ရာဂဏန်းသာရှိတဲ့ ပဇီကြီးရွာကလေး မှာ အိမ်တိုင်းနီးပါးနာရေး ရက်လည်ကြရမယ့်နေ့ဖြစ်ပါတယ်။

ရွာရဲ့အိမ်တိုင်းနီးပါးက မိသားစုဝင်တွေဆုံးရှုံးခဲ့ရပြီးနောက်မှာ မျက်ရည်တွေမခြောက်သေးသလို သူတို့အိမ်အများစုမှာ ဓလေ့ထုံးတမ်းအရ ရက်လည်နာရေးကိုလည်း မလုပ်နိုင်ကြသေးပါဘူး။

“ရက်လည်ကိုတော့ ကျွန်မ တို့အိမ်နဲ့ မနေရသေးလို့ ကိုယ်တိုင်ကိုယ်ကျ မလုပ်နိုင်သေးပါဘူး၊ ကျွန်မတို့တောထဲမှာပဲ နေရပါတယ်၊လုံခြုံမှုအရ အိမ်ကို မပြန်ရသေးပါဘူး”လို့ ဧပြီလ ၁၁ ရက်နေ့ စစ်ကောင်စီတပ်တွေ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ အသက် ၇ နှစ်အရွယ် သမီးလေးရဲ့ မိခင်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်က ပဇီကြီးကျေးရွာ ပြည်သူ့ကာကွယ်ရေးရုံးဖွင့်ပွဲကို စစ်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၃၀ ကျော်အပါအဝင် လူပေါင်း ၁၇၀ ကျော်သေဆုံးခဲ့ရပါတယ်။

“ကျွန်မသမီးလေး သေသွားပြီလို့ကို မထင်ပါဘူးရှင်၊ ဒါပေမဲ့ ပြန်မလာနိုင်တော့ဘူးဆိုတာ သိပါတယ်” လို့ အသက် ၇ နှစ်အရွယ် သမီးရဲ့ မိခင်က ငိုရင်းပြောပြပါတယ်။

သူရဲ့ သမီးနဲ့ အတူ အသက် ၅၅ နှစ် အရွယ် မိခင်လည်း အဲဒီ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီ လေကြာင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ လေကြာင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့

အဲဒီနေ့က သေဆုံးခဲ့တဲ့ အသက် ၇ နှစ် သမီးလေးဟာ ရွာပြင်အစပ်က ပြည်သူ့ကာကွယ်ရေးရုံးဖွင့်ပွဲ ထမင်းကျွေးတဲ့အခမ်းအနားကို ရောက်လာခဲ့ပြီး ထမင်းစားနေတုန်းမှာ တိုက်လေယာဥ်က ကြဲချတဲ့ ဗုံးထိမှန်ခဲ့တာပါ။

သူဟာ ရွာက သူငယ်ချင်း အဖော်တွေနဲ့အတူ ထမင်းစားဖို့ရောက်လာခဲ့တာဖြစ်ပြီး သူရောက်လာတဲ့အချိန်မှာ အခမ်းအနားရောက်နေတဲ့ မိခင်ဖြစ်သူက ကိုယ်တိုင်ထမင်းပြင်ပေးပြီး အိမ်ကို ပြန်လာခဲ့တာလို့ သူ့အမေက ပြန်ပြောပြပါတယ်။

"သမီးရယ် ကျွန်မ အမေရယ် တစ်ဝိုင်းထဲ ထမင်းပြင်ပေးခဲ့တာ မနက် ၈ နာရီလောက်ရှိဦးမယ်။ ကျွန်မက အိမ်မှာ လသားအရွယ် ကလေးလေးကျန်ခဲ့လို့ ကူလုပ်ပေးပြီး အိမ်ကို ပြန်လာတဲ့ အချိန်ဗုံးကျတာ" လို့ ပြောပြပါတယ်။

ဧပြီလ ၁၁ ရက် နေ့ ပဇီကြီးရွာ ပြည်သူ့ကာကွယ်ရေးရုံးဖွင့်ပွဲ အခမ်းအနား ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူတွေကို အမျိုးသားညီညွှတ်ရေး အစိုးရက နာမည်၊ အသက်၊ အဖအမည် စတာတွေနဲ့ တကွ အတိအကျထုတ်ပြန်ခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, သေဆုံးခဲ့ရသူ ကလေးငယ်တစ်ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမျိုးသားညီညွှတ်ရေးအစိုးရ ထုတ်ပြန်ခဲ့တဲ့ သေဆုံးသူတွေအမည်စာရင်းမှာ ၅ နှစ်အောက် ကလေးငယ် ၆ ဦး၊ အသက် ၅ နှစ်နဲ့ ၁၄ နှစ်ကြားကလေးငယ် ၁၄ ဦး၊ အသက်ခွဲခြားလို့မရတဲ့ ကလေးငယ် ၁၀ ဦးနဲ့ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်အကြား ကလေးငယ် ၅ ဦးပါဝင်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရက ရရှိတဲ့နောက်ဆုံး စာရင်းတွေအရ သေဆုံးသူ ၁၆၈ ဦးရှိပြီး အဲဒီထဲမှာ အမည်မဖော်နိုင်သူ ၄ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီသေဆုံးသူတွေထဲမှာ ပဇီကြီးရွာတစ်ခုတည်းက လူ ၁၄၀ နီးပါး ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ပြီး တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသူ အခုလို များပြားခဲ့တာလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူတွေက ဘီဘီစီကို ပြောပြပါတယ်။

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့ ဧပြီ ၁၁ ရက် ပဇီကြီးရွာ ဖြစ်စဥ်ဟာ ယမ်းတွေ၊ မိုင်းတွေကို သိုလှောင်ထားတဲ့ နေရာတည့်တည့်ကို လက်နက်ထိမှန်လို့ ပေါက်ကွဲ သေဆုံးမှုတွေ ပိုများခဲ့တာလို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမဲ့ တိုက်ခိုက်ခံရတဲ့နေရာဟာ မိုင်းတွေ၊ ယမ်းတွေရှိမနေဘဲ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့်သာ အခုလို သေဆုံးမှု များပြားခဲ့တာလို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားပါတယ်။

no tag

ပဇီကြီးရွာက ၇ နှစ် သမီးလေးမိသားစုအပါအဝင် ဧပြီ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကို ကြုံခဲ့ရတဲ့ ပဇီကြီး ဒေသခံတွေဟာ တိုက်ခိုက်မှုမှာ သေဆုံးခဲ့သူတွေအတွက် ရက်လည်ဆွမ်းကျွေးပြုလုပ်ဖို့‌ကို အခုထိ ကြောက်ရွံ့နေတယ်လို့လည်း ပြောပါတယ်။

‘‘ရွာထဲလည်း မသွားရဲပါဘူး၊ ရက်လည်အတွက် ဘုန်းကြီးတွေလည်း မဖိတ်ရဲပါဘူး" လို့ လည်း ဒေသခံတစ်ဦးက ပြောပြပါတယ်။

‘‘ ရက်လည်ဆွမ်းသွတ်လို့ မရဘူးဖြစ်နေတယ်။ နောက်ထပ် လူစုလူဝေးဖြစ်တဲ့အခါ လာပြီးတော့ ပစ်ခတ် သတ်ဖြတ်တာတွေလုပ်မှာစိုးရိမ်ချက်နဲ့” လည်း သူက ပြောပါတယ်။

ရဟတ်ယာဉ်တွေကလည်း ရွာနားမှာ အမြဲတမ်းပျံနေတော့ ဘယ်မှာလည်း မသွားရဲပါဘူး လို့ ပဇီကြီးရွာက သေဆုံးခဲ့သူ ၇ နှစ်သမီးရဲ့ မိခင်က ပြန်ပြောပြပါတယ်။

စစ်ကောင်စီကလည်း ပဇီကြီးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် ရှင်းလင်းသွားဖို့ ဆောင်ရွက်နေတယ်လို့ ဧပြီလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

"ပဇီကြီးမှာ ပစ်ခတ်မှုဖြစ်လို့ ငါးရက်မြောက်တဲ့နေမှာတော့ မြို့က အကိုက ဘုန်းကြီးပင့်ပြီး ဆွမ်းကပ်ပေးတယ်၊ အဲဒါကို ဖုန်းနဲ့ချိတ်ပြီးတော့ တရားလေးတော့ နာလိုက်ရတယ်" လို့ ၇ နှစ်သမီးလေးရဲ့ မိခင်က ပြောပါတယ်။

“စစ်ရှောင်နေတဲ့နေရာကပဲ အချို့က ရက်လည်လုပ်ကြတယ်၊ ဘုန်းကြီးကလည်း ပင့်လို့ အဆင်မပြေတော့ ဖုန်းနဲ့ပဲ တရားနာကြရတယ်”လို့ အကူအညီပေးနေတဲ့ သူတစ်ဦးက ပြောပြပါတယ်။

“ရက်လည်ကတော့ ကျွန်မတို့ မိသားစုလေးပဲလုပ်လိုက်တာပါ။ ကျွန်မတို့လည်းပြေးနေရတော့ ဘုန်းကြီး တရားဟောတာကို ဖုန်းလေးထဲမှာပဲ ရေစက်ခွက်ကလေးချပြီး တရားနာခဲ့ရတယ်”လို့ ပဇီကြီးရွာက အခြားဒေသခံတစ်ဦးက ပြောပြပါတယ်။

“ကောင်းရာဘဝကနေ သာဓုခေါ်နိုင်ပါစေ သမီးရေ၊ ရောက်လေရာဘဝမှာ ဒီလို အဖြစ်ဆိုးကြီးမျိုးနဲ့ မကြုံပါစေနဲ့လို့ ဆုတောင်းပါတယ်။ ဘုရားကန်တော့တိုင်းလည်း ဆုတောင်းပါတယ် “လို့ ၇ နှစ်သမီးရဲ့ မိခင်က ငိုပြီး ပြောပြခဲ့ပါတယ်။