ကလေးသူငယ် လက်ထပ်မှုကြောင့် အာသံမှာ လူ လေးရာကျော် ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကလေးသူငယ် လက်ထပ်မှုကို တိုက်ဖျက်တဲ့အနေနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လူ လေးရာကျော်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။
လူမှု မကောင်းဆိုးဝါးကို အဆုံးသတ်ဖို့ ဆက်ကြိုးစားရမယ်လို့ အာသံဝန်ကြီးချုပ် ဟီမန်းတား ဘစ်စဝါ ဆာမက ပြောပါတယ်။
မနှစ် အောက်တိုဘာလမှာ ကလေးသူငယ်လက်ထပ်မှုကို နှိမ်နင်းရေးအတွင်း အာသံရဲက လူတထောင်ကျော်ကို ဖမ်းဆီးခဲ့ကြောင်း အိန္ဒိယတိုင်းမ်သတင်းစာမှာ ပါရှိပါတယ်။
မနှစ် နှစ်ဆန်းတုန်းကလည်း ကလေး ထိမ်းမြားမှု ပိတ်ပင်ရေး အက်ဥပဒေနဲ့ နှစ်လအတွင်း လူ သုံးထောင်ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်အစိုးရ စာရင်းတွေမှာ ပါရှိပါတယ်။
ဒီလိုဖမ်းဆီးရာမှာ ကလေးမိဘတွေနဲ့အတူ လက်ထပ်ပွဲ မှတ်ပုံတင်ပေးသူတွေကိုပါ ဖမ်းတာ ဖြစ်ပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလကစပြီး အာသံပြည်နယ်မှာ ကလေးသူငယ် ထိမ်းမြားမှု ၄၃၆၃ မှု ရှိခဲ့ကြောင်း စာရင်းထုတ်ပြန်ပါတယ်။
ကလေးသူငယ် လက်ထပ်မှုဟာ ၂၀၂၆ မှာ အာသံကနေ အပြီးတိုင် ပျောက်ကွယ်သွားစေရမယ်ဆိုပြီး မစ္စတာဆာမက ပြောကြားခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၈ နှစ်အောက် အမျိုးသမီးနဲ့ ၂၁ နှစ်အောက် အမျိုးသားတွေရဲ့ လက်ထပ်မှုဟာ အိန္ဒိယမှာ ဥပဒေနဲ့ မညီပါဘူး။
ဒါပေမဲ့လည်း ချိုးဖောက်မှုတွေက ရှိတတ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အိန္ဒိယက အမျိုးသမီး ၂၂၃ သန်း ဟာ ၁၈ နှစ် မပြည့်ခင် လက်ထပ်ခဲ့ရပြီး ကမ္ဘာမှာ အများဆုံး ကလေးသူငယ် လက်ထပ်မှု ရှိတဲ့ နိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
၁၅ နှစ်ကနေ ၁၉ နှစ်ကြား အိန္ဒိယမိန်းကလေးတွေရဲ့ ၁၆ ရာခိုင်နှုန်းဟာ လက်ထပ်ပြီးသား ဖြစ်နေကြောင်း ဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါပေမဲ့လည်း ဒီလို လက်ထပ်မှုတွေ အခု သိသိသာသာ ကျဆင်းသွားပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယမှာ ဥပဒေက တားမြစ်ထားပေမယ့် သန်းနဲ့ချီတဲ့ ကလေးငယ်တွေကို လက်ထပ်ဖို့ ဖိအားပေးတာတွေ ဆင်းရဲတဲ့ ကျေးလက်ဒေသတွေမှာ ရှိနေဆဲဖြစ်ကြောင်း ပါကစ္စတန်ထုတ် အရုဏ်ဦးသတင်းစာက ဖော်ပြပါတယ်။
စီးပွားရေး အခြေအနေကြောင့် မိဘအများအပြားဟာ သူတို့ကလေးတွေကို လက်ထပ်ပေးတာတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီအကျိုးဆက်ကြောင့် မိန်းကလေးတွေ ကျောင်းထွက်ပြီး အိမ်ထောင်မှု ကိစ္စတွေ လုပ်ရတာနဲ့ သက်ငယ် မီးဖွားမှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိလာပါတယ်။
ဒါကြောင့် အသက်မပြည့်သေးတဲ့ ဇနီးနဲ့ လိင်ဆက်ဆံတာဟာ မုဒိမ်းမှု မြောက်ကြောင်း ၂၀၁၇ က အိန္ဒိယ ထိပ်တန်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။








