မြန်မာ့အိမ်ခြံမြေ ဘာလို့ လပိုင်းအတွင်း အရောင်းအဝယ် အေးသွားတာလဲ

အိမ်ခြံမြေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

အခုနှစ်အတွင်း လှုပ်လှုပ်ခတ်ခတ်ရှိခဲ့တဲ့ အိမ်ခြံမြေစျေးကွက်ဟာ ဒီနိုဝင်ဘာလအစမှာတော့ စျေးကွက်အေးနေတဲ့ အနေအထားလို့ စျေးကွက်ကျွမ်းကျင်သူတွေကနေ သိရပါတယ်။

ဒါပေမဲ့ အိမ်ငှားစျေးကွက်မှာတော့ မြို့နယ်အပေါ်မူတည်ပြီး အရောင်းအဝယ် စျေးကွက်နဲ့ပြောင်းပြန် အငှားစျေးကွက် ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။

အရောင်းအဝယ်အေးလေ့ရှိတဲ့ရာသီ

မန္တလေးမြို့မနက်ခင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မန္တလေးမြို့မနက်ခင်း

ဇွန်လကနေ အောက်တိုဘာလ အထိဟာ အိမ်ခြံမြေရာသီလို့ဆိုကြပြီး အခု ၂၀၂၂ ခုနှစ်ဟာ ဆယ်စုနှစ်အတွင်း စျေးကွက်အကောင်းဆုံးအခြေအနေ ရှိခဲ့တယ်လို့ ‌ကျွမ်းကျင်သူတွေကပြောပါတယ်။

အခုနိုဝင်ဘာလမှာတော့ အိမ်ခြံမြေစျေးကွက်အနေနဲ့ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းနေပါတယ်။

ဝယ်လိုသူ နည်းနေပြီး အရောင်းအဝယ် ထင်သလောက်မဖြစ်ပေမဲ့ အိမ်ခြံမြေအရောင်းစျေးတွေကတော့ စျေးမကျသေးဘဲ စျေးအမြင့်မှာ ဆက်ရှိနေဆဲလို့ သိရပါတယ်။

ပြီးခဲ့တဲ့လတွေတုန်းက ဒေါ်လာစျေး၊ ရွှေစျေးတွေ စံချိန်တင် စျေးတက်နေချိန်မှာ အိမ်ခြံမြေအရောင်းအဝယ်ဖြစ်ခဲ့ပြီး လပိုင်းအတွင်း စျေးကွက်အေးသွားတာ ဘာကြောင့်ပါလဲ။

မန္တလေးမြို့က ဝါရင့် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက အခုလို ပြောပြပါတယ်။

“နိုဝင်ဘာလမှာကတော့ အမြဲတမ်း အေးလေ့အေးထ ရှိပါတယ်။ ဒီဇင်ဘာ၊ ဇန်နဝါရီ ဟိုဘက် တရုတ်နှစ်သစ်ကူးတို့ဘာတို့ အေးတယ်။”

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“အိမ်ခြံမြေစျေးကွက်က များသောအားဖြင့်က လူအများထင်သလို ဒေါ်လာစျေးတက်လေ့တက်ထရှိလို့ တက်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ရွှေစျေးတက်လို့ တက်လေ့ တက်ထ ရှိတဲ့ ကိစ္စလည်း မဟုတ်ဘူး။”

“ဒေါ်လာစျေးတက်တယ်၊ ရွှေစျေးတက်ဆိုရင် အဲဒီဘက်ကို ကူးသွားတာပဲ။ အိမ်ခြံမြေဘက်ကို မလှည့်တော့ဘူး။” 

“ကျန်တဲ့ အချိန်မှာ ရွှေစျေး၊ ဒေါ်လာစျေး တည်ငြိမ်နေတဲ့ အချိန်မှာ အိမ်ခြံမြေဘက်ကို ပြန်ပြီးတော့ ဝယ်ကြတာ၊ ဒါထုံးစံပဲ။”

ပြီးခဲ့တဲ့နှစ် ဇွန်လက စပြီးနောက် အခုနှစ် ဇွန်၊ဇူလိုင်မှာ အိမ်ခြံမြေစျေးကွက် အကောင်းဆုံး အချိန်ကိုရောက်ခဲ့ပြီး ဝယ်လိုအား ထိပ်ဆုံးကို ရောက်ခဲ့ကြောင်းလည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်း စျေးကွက်တန်ဖိုး အမြင့်ဆုံးအချိန်မှာ အိမ်ခြံမြေလက်ဝယ် ရှိသူတချို့က အဲဒီတန်ဖိုးတွေနဲ့ ထုတ်ရောင်းထားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ 

အစိုးရက အခွန်နှုန်းထား မြှင့်ရင် အိမ်ခြံမြေစျေးကွက် အေးပြီး အခုအခါ အခွန်နှုန်း လျှော့ထားတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း မန္တလေးမြို့က အဲဒီ အိမ်ခြံမြေ အကျိုးဆောင်က က ပြောပါတယ်။

အခွန်အကောက်ဥပဒေအရ အနိမ့်ဆုံးအနေနဲ့ ကျပ်သိန်း တစ်ထောင်အောက်အတွက်ဆိုရင် ၃ ရာခိုင်နှုန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

အဲဒီနောက် ကျပ် သိန်း သုံးထောင်အထိ ၅ ရာခိုင်နှုန်း၊ သိန်း တစ်သောင်းအထိ ၁၀ ရာခိုင်နှုန်း၊ သိန်း သုံးသောင်းအထိ ၁၅ ရာခိုင်နှုန်းနဲ့ သိန်းသုံးသောင်းနဲ့အထက်ကို ၃၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။

မြို့ကြီးတွေမှာ အိမ်ငှားစည်းကမ်းများလာ

နေအိမ်တိုက်ခန်း သိမ်းဆည်းခံရမှာ စိုးရိမ်မှုကြောင့် အိမ်ရှင်တွေက အိမ်ငှားတွေဆီက အထောက်အထား တောင်းဆိုမှုတွေ များပြားလာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နေအိမ်တိုက်ခန်း သိမ်းဆည်းခံရမှာ စိုးရိမ်မှုကြောင့် အိမ်ရှင်တွေက အိမ်ငှားတွေဆီက အထောက်အထား တောင်းဆိုမှုတွေ များပြားလာ

အရောင်းအဝယ်တွေ အေးနေပေမဲ့ အိမ်ငှားစျေးကွက်မှာတော့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက တချို့မြို့နယ်တွေမှာ အိမ်ငှားလိုအားကများပြီး ငှားရမ်းလိုသူတွေနည်းပါးနေပါတယ်။ 

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသများလာရာကနေ မြို့ကြီးတွေပေါ်ကို ပြောင်းရွှေ့နေထိုင်ပြီး စီးပွားရေးလုပ်တာ၊ ပညာသင်ယူတာတွေ များလာတာကြောင့် အိမ်ငှားရမ်းသူအများစုဟာ လူငယ်တွေစုပေါင်းနေထိုင်တာမျိုးတွေများလာတာကို တွေ့ရပါတယ်။

ဒါကြောင့် မြို့နယ်အလိုက် အိမ်ငှားရမ်းတဲ့ စျေးကွက်ကွာခြားမှုရှိတဲ့အကြောင်း ရန်ကုန်မြို့က အိမ်အကျိုးဆောင်တစ်ဦးက အခုလို ပြောပါတယ်။

“ဥပမာအားဖြင့် သင်တန်းကျောင်းတွေ ရှိတဲ့နေရာမှာပဲ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ ဂျပန်သင်တန်းကျောင်းတို့ ၊ သင်တန်းကျောင်းတွေ ဖွင့်တဲ့နေရာတွေမှာပဲ jam (အငှားများ) ဖြစ်တာပေါ့။”

“သင်တန်းကျောင်းနဲ့ ဝေးတဲ့နေရာတွေတော့ ဒီလောက် jam မဖြစ်ဘူး။”

တဖက်မှာလည်း အိမ်ရှင်တွေအနေနဲ့ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားတဲ့ လူငယ်တွေကို ရှာဖွေဖမ်းဆီးမိရင် နေအိမ်ကို သိမ်းဆည်းမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားမှုကြောင့် အိမ်ငှားတွေကို ပိုပြီး စိစစ်ပြီးမှ အိမ်ငှားရမ်းနေကြပါတယ်။

အထူးသဖြင့် ဧည့်စာရင်းတိုင်ကြားဖို့ အသိပေးပြောကြသလို လျှပ်စစ်မီတာကျသင့်ငွေဆောင်ဖို့အတွက်ကိုပါ အိမ်ရှင်ဘက်က စပေါ်ငွေထပ်တိုး တောင်းကြတယ်လို့ အိမ်ငှားသူတွေက ပြောပါတယ်။

အိမ်ငှားရမ်းကာလကိုလည်း ၆လ ဒါမှမဟုတ် တစ်နှစ်စာချုပ်နဲ့သာ ငှားရမ်းတော့တာကြောင့် ငွေကြေးပိုင်ဆိုင်ရာ ပိုမိုအခက်ကြုံရတယ်လို့ ဘီဘီစီမေးမြန်းကြည့်တဲ့ အိမ်ငှားလိုသူတွေက တုံ့ပြန်ဖြေကြပါတယ်။

ရန်ကုန်မှာ အိမ်ငှားတဲ့အခါ ကြုံတွေ့ရတဲ့ အခြေအနေကို တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း အခုလို ပြောပါတယ်။

အိမ်ရှင်တွေက အိမ်ငှားဆီက သန်းခေါင်စာရင်းနဲ့ အလုပ်ထောက်ခံစာစတဲ့ အချက်အလက် အပြည့်အစုံကို တောင်းလာကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေကလည်း ရပ်ကွက်တွေအတွင်း လုံခြုံရေးတင်းကျပ်တဲ့အနေနဲ့ ရပ်ကွက်တွေက နေအိမ်တိုက်ခန်းတွေကို လိုက်လံစစ်ဆေးတာတွေ ရှိပြီး လူငယ်တွေ စုနေတဲ့ တိုက်ခန်းတွေ၊ လူများများ စုပေါင်းငှားရမ်းတဲ့နေရာတွေကို ရှာဖွေ စစ်ဆေးတတ်ပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းတွေ အကျပ်အတည်းနဲ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှု နောက်ဆက်တွဲ အဖြစ် မြန်မာငွေကြေး မခိုင်မာတာကြောင့် ကျပ်ငွေအစား အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာ စတာတွေမှာ ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံလာကြပါတယ်။

ဒီအခြေအနေမှာ ပြည်တွင်းဘဏ်တွေက နှစ်ရှည်ချထားခဲ့တဲ့ ဘဏ်တိုးနှုန်းတွေကို ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း တိုးမြှင့်ပေးလာနေပါတယ်။ ဒါပေမဲ့ မြန်မာငွေတန်ဖိုးက နှစ်ဆဝန်းကျင် ကျဆင်းနေဆဲ ဖြစ်ပြီး အိမ်ခြံမြေစျေးတွေလည်း အမြင့်စျေးမှာ ဆက်ရှိနေတဲ့ အခြေအနေကို ရောက်နေတာ ဖြစ်ပါတယ်။