ဗုံးခွဲမယ်ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် အိန္ဒိယလေကြောင်းခရီးစဉ်တွေ ကမောက်ကမဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လေယာဉ်ကို ဗုံးခွဲမယ်ဆိုတဲ့ ဟန်ဆောင်ခြိမ်းခြောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း အိန္ဒိယက လေကြောင်းခရီးစဉ် အနည်းဆုံး ၁၀ ခုလောက် နှောင့်နှေးတာ၊ လမ်းလွှဲပျံသန်းရတာတွေ ရှိခဲ့ပါတယ်။
အင်္ဂါနေ့တုန်းက အဲအိန္ဒိယ အိတ်စ်ပရက်စ် လေကြောင်းလိုင်းက လေယာဉ်ဟာ ဗုံးခြိမ်းခြောက်မှုကြောင့် လူနေထူထပ်ရာဒေသတွေပေါ်မရောက်ခင် စင်္ကာပူလေတပ်က ဂျက်တိုက်လေယာဉ် နှစ်စင်းစေလွှတ်ပြီး အဆိုပါလေယာဉ်ကို ဝန်းရံ ပျံသန်းခဲ့ရပါတယ်။
အဲဒီမတိုင်ခင် နာရီပိုင်းကလည်း ဒေလီကနေ ရှီကာဂိုကို ပျံသန်းတဲ့ အဲအိန္ဒိယ လေယာဉ် ခရီးစဉ်ဟာလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကနေဒါ လေဆိပ်မှာ ဆင်းသက်ခဲ့ရပါတယ်။
အိန္ဒိယမှာ အခုလို ဗုံးခွဲမယ်ဆိုပြီး ဟန်ဆောင်ခြိမ်းခြောက်မှုတွေက သိပ်မစိမ်းပေမဲ့ တနင်္လာနေ့ကစပြီး ရုတ်တရက် များလာတဲ့ ဒီဗုံးခြိမ်းခြောက်မှုတွေက ဘာကြောင့်ဖြစ်ရသလဲ ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဘီဘီစီက အိန္ဒိယ လေကြောင်း ထိန်းသိမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ အဖွဲ့တွေဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ တစုံတရာ တုံ့ပြန်လာတာ မရှိသေးပါဘူး။
အဲအိန္ဒိယ အပြင် တခြားလေကြောင်းလိုင်းတွေ ဖြစ်တဲ့ အင်ဒီဂို၊ စပိုက်စ်ဂျက်နဲ့ အကာဆာအဲ လေကြောင်းလိုင်းက လေယာဉ်တွေလည်း အလားတူ ဗုံးခြိမ်းခြောက်မှုတွေ လက်ခံရရှိခဲ့ပါတယ်။
လူမှုကွန်ရက် X (ယခင် တွစ်တာ) ပေါ်မှာ ဗုံးဖောက်ခွဲမယ်ဆိုပြီး ခြိမ်းခြောက်တဲ့ ပို့စ်တွေ့ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကနေ ပျံသန်းသွားတဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ၃ ခုဟာ ခရီးစဉ်ပြောင်းပစ်ရတာ ဒါမှမဟုတ် နှောင့်နှေးမှုတွေနဲ့ ကြုံခဲ့ရတာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ဆယ်ကျော်သက်တစ်ယောက်ကို ထိန်းသိမ်းထားတယ်လို့ ရဲက ပြောပါတယ်။
အင်္ဂါနေ့ကလည်း အဲအိန္ဒိယ လေကြောင်းလိုင်းက လေယာဉ် နှစ်စင်းအပါအဝင် လေကြောင်းခရီးစဉ် ၇ ခု လူမှုကွန်ယက် X ပေါ်က ဗုံးခြိမ်းခြောက်မှုကြောင့် ခရီးစဉ် ရွှေ့ဆိုင်းထားခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဆယ်ကျော်သက်လူငယ်က လေကြောင်းလိုင်းနဲ့ ဒေသန္တရရဲဌာနတွေကို ပူးတွဲရည်ညွှန်းကာ Tag တွဲထားပြီး လေယာဉ်ခရီးစဉ်နံပါတ်ကို ဖော်ပြခြိမ်းခြောက်ထားတဲ့ ပို့စ်တွေကို Screenshot မှတ်တမ်းယူထားတဲ့ရုပ်ပုံတွေမှာ တွေ့ရပါတယ်။
အဲအိန္ဒိယ ထုတ်ပြန်ချက်မှာတော့ ဗုံးခြိမ်းခြောက်မှု နောက်ကွယ်က လူတွေကို ဖော်ထုတ်ဖို့ အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေပြီ၊ ဒီကိစ္စနဲ့ပတ်သက်လို့ ထိခိုက်ဆုံးရှုံးခဲ့ရတာတွေ အတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တကယ်တော့ အိန္ဒိယလေဆိပ်တိုင်းမှာ ဗုံးခြိမ်းခြောက်မှု အကဲဖြတ်စောင့်ကြည့်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်းထားပြီး ခြိမ်းခြောက်မှုရဲ့အတိုင်းအတာကို လေ့လာစောင့်ကြည့်ကာ အရေးယူဆောင်ရွက်ဖို့ စီစဉ်ထားပြီး ဖြစ်ပါတယ်။
အခုကြုံရတဲ့ ဗုံးခြိမ်းခြောက်မှုတွေကြောင့် ဗုံးရှင်းလင်းဖယ်ရှားရေး တပ်ဖွဲ့ ၊ အနံ့ခံခွေးတွေ၊ လူနာတင်ကားတွေ ၊ ရဲတွေနဲ့ ဆရာဝန်တွေပါ အသင့်အနေအထားနဲ့ ပါဝင်လာစေနိုင်ပါတယ်။
လေယာဉ်ပေါ်က ခရီးသည်တွေနဲ့အတူ လေယာဉ်ခေါင်မိုးပေါ်က သူတို့ရဲ့ လက်ကိုင် ခရီးဆောင်အိတ်တွေ၊ အပ်နှံခရီးဆောင်အိတ်တွေနဲ့ ကုန်ပစ္စည်းတွေကို လေယာဉ်ပေါ်က ချကာ စကန်နဲ့ ပြန်စစ်ဆေးရတာပါ။
အင်ဂျင်နီယာတွေနဲ့ လုံခြုံရေး အဖွဲ့တွေကလည်း လေယာဉ်ထပ်မပျံသန်းခင် လေယာဉ်ပေါ် ရှာဖွေစစ်ဆေးမှုတွေ လုပ်ကြရပါတယ်။
ဒီကနေ နှောင့်နှေးမှုဖြစ်လာရင် လေကြောင်းလိုင်းတွေနဲ့ လုံခြုံရေးအဖွဲ့တွေအပေါ် ဒေါ်လာထောင်နဲ့ချီ အကုန်အကျ များစေနိုင်ပါတယ်။
လေယာဉ်တွေက တခြားနိုင်ငံတွေကို ဦးတည်ပျံသန်းနေချိန်မှာ ခြိမ်းခြောက်မှုဖြစ်လာခဲ့ရင်လည်း အခု စင်္ကာပူနဲ့ ကနေဒါမှာ ဖြစ်ခဲ့သလို နိုင်ငံတကာအဖွဲ့အစည်းတွေပါ ပါဝင်လုပ်ဆောင်လာရပါတယ်။
စင်္ကာပူမှာ အဲအိန္ဒိယ အိတ်စပရက်စ် လေယာဉ် ချန်ဂီးလေဆိပ်မှာ လုံခြုံစိတ်ချရစွာ မဆင်းခင် လေတပ်ရဲ့ ဂျက်တိုက်လေယာဉ်နှစ်စင်း စေလွှတ် ချံရံပျံသန်းဖို့ စီစဉ်ခဲ့ရတယ်လို့ စင်္ကာပူ ကာကွယ်ရေး ဝန်ကြီး နန်အင်ဟန်က အင်္ဂါနေ့က အတည်ပြု ပြောပါတယ်။
အဲဒီလေယာဉ်ဟာ အိန္ဒိယ နိုင်ငံ မဒူရိုင်းကနေ စင်္ကာပူကို ပျံသန်းနေစဉ် ခြိမ်းခြောက်ခံရတာ ဖြစ်ပါတယ်။
မြေပြင်ကို ဆင်းသက်ပြီးတာနဲ့ လေယာဉ်ကို လေကြောင်းဆိုင်ရာရဲလက်ဆီ အပ်ခဲ့ကြပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်နေပါတယ်လို့ မစ္စတာ အန်အင်ဟန်က ရေးသားခဲ့ပါတယ်။
အဆုံးမှာတော့ လေယာဉ်ဟာ လုံခြုံဘေးကင်းစွာ ချန်ဂီးလေဆိပ်မှာ ဆင်းသက်နိုင်ခဲ့ပါတယ်။
ကနေဒါမှာ ဆိုရင်လဲ အဲအိန္ဒိယ လေကြောင်းလိုင်းက လေယာဉ်ဟာ ရှီကာဂိုမြို့ကို ပျံသန်းစဉ် အီကာလူးဝစ် လေဆိပ်မှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆင်းသက်ခဲ့ရပြီး ကနေဒါက တော်ဝင် ရဲတပ်ဖွဲ့ကတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။
အဲအိန္ဒိယ ကလည်း ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားရာမှာ ကနေဒါ လေတပ်က လေယာဉ်တစ်စင်းဟာ ခရီးသည်တွေကို ရှီကာဂို ကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲအိန္ဒိယ လေကြောင်းလိုင်း လေယာဉ်ကတော့ ကနေဒါကနေ ဘယ်တော့ ပြန်ထွက်ခွာနိုင်မလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။








