လူ ၁၃၂ ယောက်ပါလာတဲ့ တရုတ်လေယာဉ် ပျက်ကျ၊ အသက်ရှင်သူမတွေ့ရသေး

ဓာတ်ပုံ ရင်းမြစ်, Alamy
China Eastern လေကြောင်းလိုင်းက လူ ၁၃၂ ယောက်လိုက်ပါလာတဲ့ ခရီးသည်တင် ဘိုးအင်းလေယာဉ်တစ်စီးဟာ ဂွမ်ရှီပြည်နယ်ထဲမှာ ပျက်ကျခဲ့တယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။
အဲဒီလေယာဉ်မှာ ခရီးသည် ၁၂၃ ယောက်နဲ့ လေယာဉ်အမှုထမ်း ကိုးယောက် လိုက်ပါသွားကြတယ်လို့ တရုတ်မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့ (CAA) က ထုတ်ပြန်ပါတယ်။
ဘိုးအင်း 737-800 ဂျက်လေယာဉ်ဟာ ဝူဂျိုးဒေသက တောင်ထူထပ်တဲ့နေရာမှာ ပျက်ကျခဲ့ပြီး တောထဲမှာ ပေါက်ကွဲမီးလောင်ကျွမ်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြတာတွေ့ရပါတယ်။
သေဆုံး ထိခိုက်ဒဏ်ရာမှု စာရင်းအတိအကျနဲ့ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အခုအထိ မသိရသေးပါဘူး။ ဒါပေမဲ့ ပျက်ကျရာ နေရာကို ရောက်သွားတဲ့ ကယ်ဆယ်ရေး လုပ်သားတွေကတော့ အသက်ရှင်ကျန်ရစ်သူ ရှိတဲ့ လက္ခဏာမတွေ့ရဘူးလို့ ပြောပါတယ်။
စုံစမ်းဖို့ သမ္မတညွှန်ကြား
သမ္မတရှီကျင်ပင်းက လေယာဉ်ပျက်ကျရတဲ့ အကြောင်းကို ချက်ချင်းစုံစမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ China Eastern လေကြောင်းကလည်း သူတို့မှာရှိတဲ့ ဘိုးအင်း 737 လေယာဉ်တွေအားလုံး ပျံသန်းမှု ရပ်နားထားလိုက်တယ်လို့ သိရပါတယ်။
လေယာဉ်ပျက်ကျတဲ့နေရာကို အရေးပေါ်ကယ်ဆယ်ရေးလုပ်သား ၆၀၀ ကျော်ရောက်နေကြပါတယ်။ အရင်ဆုံးရောက်သွားကြသူတွေက မီးသတ်သမားတွေ ဖြစ်ပြီး လေယာဉ်ပျက်ကျရာက ပေါက်ကွဲပြီး မီးလောင်နေတဲ့ တောင်နံရံတွေက မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြပါတယ်။
ဒေသခံရွာသားတွေက ရိုက်ကူးထားပြီး တရုတ်ဆိုရှယ်မီဒီယာမှာ မျှဝေနေကြတဲ့ ဗီဒီယိုပြကွက်တွေမှာတော့ လေယာဉ်ပျက်ကျတဲ့နေရာက မီးလောင်ပြီး မီးခိုးတွေတက်လာနေတာ၊ လေယာဉ်အပျက်အစီးတွေ မြေပေါ်မှာ ပြန့်ကျဲနေတာ တွေ့ရပါတယ်။

China Eastern လေကြောင်းလိုင်းကတော့ လေယာဉ်ပေါ်ပါသွားသူတွေနဲ့ ပတ်သက်လို့ မေးမြန်းလိုသူတွေအတွက် တယ်လီဖုန်းလိုင်းတစ်ခုကို ဖွင့်ပေးထားပါတယ်။၊ သူတို့ရဲ့ Weibo စာမျက်နှာမှာတော့ ကုမ္ပဏီရဲ့ လိုဂိုအမှတ်တံဆိပ်ကို မီးခိုးရောင်ပြောင်းထားပြီး ဝက်ဆိုက်ကိုလည်း အဖြူအမဲ အဖြစ်ပြောင်းခဲ့တာတွေ့ရပါတယ်။
လေယာဉ်ခရီးစဉ်အမှတ် MU5735 ဟာ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၁၁ မိနစ်မှာ ကူမင်းမြို့က ပျံတက်ခဲ့ပြီး ဂွမ်ဂျိုးကို နေ့လယ် ၃ နာရီ ၅ မိနစ်မှာ ရောက်ရမှာ ဖြစ်ပါတယ်။
ရုတ်တရက် ထိုးဆင်းသွားတာ မှတ်တမ်းမှာတွေ့ရ
လေယာဉ်ပျံသန်းမှုကို စောင့်ကြည့်မှတ်တမ်းတင်တဲ့ ဝက်ဆိုက်တွေမှာတော့ လေယာဉ်ဟာ ပျံသန်းချိန် တစ်နာရီကျော်ကြာရှိခဲ့ပြီး ခရီးဆုံးကို ရောက်ခါနီးနေပြီလို့ ဖော်ပြပါတယ်။
FlightRadar24 မှာ ဖော်ပြထားတဲ့ လေယာဉ် ပျံသန်းမှုဆိုင်ရာ နောက်ဆုံးရရှိသော အချက်အလက်အရ လေယာဉ်ဟာ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၂၂ မိနစ်မှာ အမြင့်ပေ ၃၂၂၅ မှာ နောက်ဆုံး ရှိနေခဲ့တာကို ပြနေပါတယ်။ ပေ ၂၉၀၀၀ ကျော်မှာ ပျံသန်းနေရာက နှစ်မိနစ်နဲ့ ၁၅ စက္ကန့်အတွင်း ပေ ၉၀၀၀ အထိ ထိုးကျသွားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
လေယာဉ်ပျက်ကျတဲ့ အချိန်နဲ့ နေရာမှာ တိမ်ထူထပ်မှုရှိနေပေမဲ့ မြင်ကွင်းကတော့ ကောင်းနေတယ်လို့သိရပါတယ်။China Eastern လေကြောင်းလိုင်းဟာ တရုတ်ရဲ့ နိုင်ငံပိုင်လေကြောင်းလိုင်း သုံးခုထဲက တစ်ခု ဖြစ်ပါတယ်။ ကျန်တဲ့ နှစ်ခုက China Southern နဲ့ Air China တို့ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုပျက်ကျခဲ့တဲ့ ဘိုးအင်း 737-800 လေယာဉ်ဟာ သက်တမ်း ခုနှစ်နှစ်ရှိပြီလို့ လေကြောင်းပျံသန်းမှု လေ့လောစောင့်ကြည့်သူတွေရဲ့ အချက်အလက်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာတော့ တရုတ်ရဲ့ လေကြောင်းပျံသန်းမှုဟာ ဘေးအန္တရာယ်လုံခြုံစိတ်ချရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။
တရုတ်မှာ နောက်ဆုံး ကြီးကြီးမားမားဖြစ်ခဲ့တဲ့ လေယာဉ်ပျက်ကျမှုကတော့ ၂၀၁၀ သြဂုတ်လတုန်းက ဟာဘင်ကနေ ယိချွန်ကို ပျံနေတဲ့ ခရီးသည်တင်လေယာဉ်ပျက်ကျပြီး လူ ၄၂ ယောက်အသက်ဆုံးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။








