ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ၅ မိုင်ခန့်အကွာမှာ ခုံး (ဂုံး)ကောင်ရေ အများအပြားသေဆုံးနေတာတွေ့

ဓာတ်ပုံ ရင်းမြစ်, မျိုးလွင်
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ် နယ်စပ်က ကျားအိုချောင်းအတွင်းမှာ ခုံး (ဂုံး)ကောင် ရေအများအပြားသေဆုံးနေတာတွေ့ရတယ်လို့ ဒီရေတောထိန်းသိမ်းစိုက်ပျိုးနေတဲ့ ဦးမျိုးလွင်က ပြောပါတယ်။
အဲဒီခုံးတွေသေဆုံးနေတာက ချောင်းကမ်းဘေး နွံတောအကျယ်ကြီးမှာ ထူထူထပ်ထပ် သေဆုံးနေကြတာပါ။
ဘီဘီစီက ရရှိတဲ့ ဓာတ်ပုံ အထောက်အထား မှတ်တမ်းတွေအရလည်း အရေအတွက်အားဖြင့် များတဲ့ပမာဏဆိုတာ ခန့်မှန်းနိုင်ပေမဲ့ အရေအတွက် ဘယ်လောက်ဆိုတာကိုတော့ အတိအကျမမှန်းနိုင်ပါဘူး။
အဲဒီခုံးတွေဟာ ကျားအိုချောင်းအတွင်း ဧရိယာအားဖြင့် ပေ ၂၀၀ လောက်ရှိတဲ့နေရာမှာ အုံလိုက်ကျင်းလိုက်ကိုသေဆုံးနေတာတွေ့ရတယ်။ အပေါ်ယံလောက်ပဲသေဆုံးနေတာမဟုတ်ဘဲ မြေအောက်ထဲမှာရှိနေတဲ့ အကောင်တွေလည်းသေဆုံးနေတယ်လို့ ဦးမျိုးလွင်က ပြောပါတယ်။
ဒါကြောင့် ခုံးကောင်ရေ သေဆုံးမှုဟာ သန်းပေါင်းများစွာသေတယ်လို့ယူဆနိုင်တယ်ဆိုပြီး သူက ခန့်မှန်းပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မျိုးလွင်
ခုံးကောင်ဆိုတာ ရေစပ်မှာတွေ့ရလေ့ရှိတဲ့ အခွံနှစ်ခြမ်းပါတဲ့ ခရုမျိုးနွယ်ဝင် ရေသတ္တဝါတစ်မျိုးဖြစ်ပါတယ်။
ကျားအိုချောင်းအတွင်းက ရွှံ့နွံတွေထဲရှိနေကြတဲ့ခုံးတွေ သေဆုံးနေတာကို သင်္ကြန်မတိုင်ခင်နှစ်ရက်က တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီခုံးတွေဟာ လွန်ခဲ့တဲ့နှစ်လလောက်ကမှ သေဆုံးသွားတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းရကြောင်း ဦးမျိုးလွင်ကပြောပါတယ်။
သေနေတဲ့ ခုံးတွေထဲက အချို့မှာ အသားတွေရှိနေသေးတဲ့ အတွက် ပြီးခဲ့တဲ့နှစ်လလောက်က သေဆုံးခဲ့တာဖြစ်မယ်လို့ ခန့်မှန်းတာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းကလည်း ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီး သံဇစ်မြစ်အတွင်း မြစ်ရေညစ်ညမ်းမှုကြောင့် သံဇစ်မြစ်နဲ့ ကျားအိုချောင်းအတွင်းမှာ အခုလိုမျိုးခုံးကောင်ရေအများအပြား သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့တာရှိပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က မဒေးကျွန်း တရုတ်ရေနံတင် ဆိပ်ကမ်းရှိတဲ့ သံဇစ်မြစ်ရေပြင်ပေါ်မှာ သုံးမိုင်လောက် ရှည်တဲ့ အညိုကွက်ကြီးတွေ့ရတဲ့အတွက် CNPC တရုတ် ရေနံနဲ့ ဓာတ်ငွေ့ ကုမ္ပဏီက တာဝန်ရှိသူတွေ အပါအဝင် ဒေသခံအာဏာပိုင်တွေက သွားရောက် စစ်ဆေးခဲ့ပါတယ်။
စစ်ဆေးရင်း ရယူခဲ့တဲ့ ရေနမူနာတွေကို ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်တွေရော၊ ရန်ကုန်ကိုပါ ပို့ပြီး ဓာတ်ခွဲ စစ်ဆေးမှာ ဖြစ်တယ်လို့ သွားရောက် စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ကျောက်ဖြူခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်ဦးက ဘီဘီစီကို ပြောခဲ့ပါတယ်။
စစ်ဆေးရာမှာ CNPC နဲ့ ပူးပေါင်း လုပ်ကိုင်နေတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE က တာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဝင်ခဲ့ပါတယ်။
ဒီလို အကွက်ပေါ်နေတဲ့ နေရာက ရေတွေကို ရေလုပ်သားတွေကို နမူနာ ယူစေခဲ့တဲ့ ကျောက်ဖြူမြို့နယ်ရဲ့ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံကတော့ အဲဒီရေတွေဟာ ပုလင်းထဲမှာ သံချေး ဒါမှမဟုတ် ရေညှိတွေလို အနည်ထိုင်သွားပြီး အနံ့အသက်တော့ မရှိဘူးလို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မျိုးလွင်
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနောက်မြောက်ဘက် သံဇစ်မြစ်အတွင်း ၂၀၁၈ ဇူလိုင်လ တတိယအပတ်ခန့်က စတင် တွေ့ရှိရတဲ့ သံချေးရောင်ရေတွေမှာ ရေညစ်ညစ်မှု အလွန်မြင့်မားနေပြီး လူနဲ့ ရေသတ္တဝါတွေကို အန္တရာယ်ရှိစေနိုင်ကြောင်း၊ ပေးပို့လာတဲ့ သံဇစ်မြစ်ရေ နမူနာရဲ့ ရူပ ၊ဓာတုဂုဏ် သတ္တိ ၁၆မျိုးကို စမ်းသပ် စစ်ဆေးခဲ့ရာမှာလည်း သတ်မှတ်စံနှုန်းထက် ခဲဓာတ်မှာ ၁၀ ဆ၊ ဖီနောဓာတ်မှာ ၂၆ ဆ များနေတာကို တွေ့ရှိရကြောင်း၊ ဒါကြောင့် သံဇစ်မြစ်ရေဟာ အန္တရာယ် ရှိစေနိုင်ကြောင်း ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၇ ရက် နေ့စွဲနဲ့ စိမ်းလန်း အမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းက ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ သြဂုတ် ၁၃ ရက်နေ့က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(ရုံးချုပ်)မှာ ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာတော့ အဲဒီအချိန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယ အမြဲတမ်းအတွင်းဝန် တာဝန်ယူထားသူ ဦးဌေးအောင်က ရေ နမူနာရယူကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှာ ဆီငွေ့သန်းခြင်း၊ အနံ့ ရခြင်းများ မဖြစ်ပေါ်တဲ့အတွက် ရေနံမဖြစ်နိုင်ကြောင်း၊ သံဇစ်မြစ်အောက်ကြမ်းပြင် ရေစီး အရှိန် ပြင်းထန်မှုကြောင့် မြစ်ကြမ်းပြင်နဲ့ ကျောက်ဆောင်များကြား တွယ်ကပ်နေတဲ့ ရေမှော်နဲ့ နှုံး အမှိုက်များ ရေပြင်ပေါ်တက်လာတာသာဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။
အဲ့ဒီနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ အတွင်းမှာလည်း သံဇစ်မြစ်အတွင်း ညစ်ညမ်းနေတဲ့ အမဲရောင်ရေတွေကိုထပ်ပြီးတွေ့ရတဲ့အတွက် ဒေသခံလုပ်ငန်းရှင်တွေက သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အခုလိုမျိုး ကျောက်ဖြူစီးပွားရေးဇုန်အနီးက သံဇစ်မြစ်အတွင်းနဲ့ အနီးတစ်ဝိုက် ခုံးတွေသေတာက ၂၀၁၈ ကနေ ၂၀၁၉ ၊ ၂၀၂၀ အထိသုံးနှစ်ဆက်တိုက် ရေထုညစ်ညမ်းမှုတွေဖြစ်ပွားပြီးနောက်ပိုင်းဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီသုံးနှစ်မှာ အခုလိုမျိုးပဲ ခုံးတွေကတော်တော်များများသေဆုံးခဲ့တာလို့ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီလို ခုံးကောင်ရေ အများအပြားသေဆုံးတာဟာ မဒေးကျွန်းမှာရှိတဲ့ တရုတ်အစိုးရရဲ့ ဆိပ်ကမ်းကို ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်လာပြီး မကြာခင်မှာပဲ ဒီပြဿနာ စဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
အဲဒီ တရုတ်ကုမ္ပဏီက သင်္ဘောတွေမှာ ရေနံစွန့်ပစ်ပစ်စ္စည်းတွေကို မြစ်ထဲစွန့်ပစ်တဲ့အတွက် အခုလို ရေနေသတ္တဝါတွေ အဆိပ်သင့်သေဆုံးရတာဖြစ်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
မိုင် ၅၀၀ နီးပါး ရှည်လျားတဲ့ တရုတ် – မြန်မာရေနံပိုက်လိုင်းဟာ ဘင်္ဂလားပင်လယ်ကို အဝင်အထွက်ပြုလုပ်နိုင်တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့က တစ်ဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်မြောက်ပိုင်းတို့ကို ဖြတ်သန်းကာ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွယ်တန်းထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ရုရှားက Leonid Loza အမည်ရသင်္ဘောနဲ့ ယခုလဆန်းပိုင်းမှာ ကျောက်ဖြူဆိပ်ကမ်းကို ရေနံစည် အများအပြားကို ပို့ဆောင်ခဲ့တယ်လို့ Energy Intelligence က ဖော်ပြခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ဥရောပသမဂ္ဂ (EU) က ပိတ်ဆို့အရေးယူထားချိန် အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတဲ့ ရုရှားက မြန်မာကို အသုံးချပြီး ရေနံတင်ပို့မှုလမ်းကြောင်း သစ်ဖော်ထုတ်လာတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရုရှားက မြန်မာနိုင်ငံကိုဖြတ်ပြီး ပိုက်လိုင်းကနေ ရေနံတင်ပို့မှုမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အကြာ ၂၀၂၃ စတင်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်လို့ မရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, မျိုးလွင်
အခုနှစ် ၂၀၂၃ မှာလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်အနီး ၂၀၁၈ ခုနှစ်က ခုံးတွေသေဆုံးခဲ့တဲ့နေရာနဲ့ ပေ ၅၀၀ လောက်သာဝေးတဲ့ နေရာမှာ ခုံးတွေ အမြောက်အများထပ်မံသေဆုံးမှုဖြစ်ပွားတာဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့်လား အဆိပ်သင့်မှု ကြောင့်လား ဆိုတာကို တိတိကျကျ မပြောနိုင်သေးဘူးလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်နေသူတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မြို့နယ်ငါးလုပ်ငန်းဌာနကို သွားရောက်စစ်ဆေးဖို့ညွှန်ကြားထားပြီး သုတေသနပြုလုပ်ပြီးမှသာ ခုံးကောင်ရေအမြောက်အများ ဘာကြောင့်သေဆုံးရတယ်ဆိုတာ သိနိုင်မယ်လို့ ငါးလုပ်ငန်းဌာနက တုံ့ပြန်ပါတယ်။
ကျောက်ဖြူစီးပွားရေးဇုန် နဲ့ တရုတ်ရဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ သိုလှောင်ရုံတွေတည်ရှိတဲ့ မဒေးကျွန်းဟာ သံဇစ်မြစ်ထဲမှာရှိနေပြီး မဒေးကျွန်းနဲ့ ကျောက်ဖြူမြို့ဟာ သံဇစ်မြစ် တစ်ဖက်ခြမ်းစီမှာ ရှိနေပါတယ်။
သံဇစ်မြစ်ဟာ ဒေသခံကျေးရွာအများအပြားနဲ့ ကျောက်ဖြူမြို့အတွက်ပါ အရေးပါတဲ့မြစ်ဖြစ်ပြီး ဒေသခံတွေအများစုဟာ ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးနေကြတာ ဖြစ်ပါတယ်။








