လူ ၇ သန်း နှစ်စဉ် ကင်ဆာဖြစ်နေတာကို ကြိုတင်တားဆီးလို့ ရနိုင်တယ်ဆိုတဲ့ အစီရင်ခံစာထွက်လာ

ဓာတ်ပုံ ရင်းမြစ်, Hindustan Times via Getty Images
- ရေးသားသူ, ဂျိမ်းစ် ဂါလာဂါ
- ရာထူးတာဝန်, ကျန်းမာရေးနဲ့ သိပ္ပံဆိုင်ရာ ဘီဘီစီ သတင်းထောက်
- ဖတ်ရန်အချိန်: မိနစ် ၅
နှစ်စဉ် လူ ၇ သန်းရဲ့ ကင်ဆာရောဂါတွေကို ကြိုတင်တားဆီးလို့ ရကြောင်း ကမ္ဘာတဝန်း လေ့လာချက်ရဲ့ ပထမဆုံး အစီရင်ခံစာက ဆိုပါတယ်။
ကင်ဆာရောဂါတွေရဲ့ ၃၇ ရာခိုင်နှုန်းက ရောဂါပိုးကူးစက်မှု၊ လူနေမှုပုံစံ ရွေးချယ်မှု နဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သိပ္ပံပညာရှင်တွေရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပြီး ဒါတွေကို ကြိုတင် ဟန့်တား ရှောင်ရှားနိုင်တယ်လို့ ဆိုပါတယ်။
ဒီထဲမှာ Human Papilloma Virus (HPV) လို့ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ ရောဂါပိုးကြောင့် ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာနဲ့ စီးကရက်ကြောင့် ဖြစ်တဲ့ အကျိတ်ကင်ဆာ ရောဂါတွေ ပါပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါကို (HPV) ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကြိုတင် ကာကွယ်နိုင်ပါတယ်။
ဒီအစီရင်ခံစာအရ လူသန်းပေါင်းများစွာရဲ့ ဘဝတွေကို ပြောင်းလဲနိုင်ဖို့ "အစွမ်းထက်တဲ့ အခွင့်အလမ်းကြီး" တစ်ခု ရှိနေတယ် ဆိုတာကို ဖော်ပြနေတယ်လို့ သုတေသီတွေက ပြောပါတယ်။
ကင်ဆာရောဂါတချို့ကတော့ ရှောင်လွှဲလို့ မရပါဘူး။ အဲဒါတွေကတော့ အသက်ကြီးလာတာနဲ့အမျှ လူတွေရဲ့ DNA မျိုးဗီဇထဲမှာ တဖြည်းဖြည်းနဲ့ မလွှဲမသွေ ထိခိုက်ပျက်စီးလာရာကနေ ဖြစ်လာတဲ့ ကင်ဆာရောဂါတွေ ဒါမှမဟုတ် ကင်ဆာမျိုးရိုး ရှိတာကြောင့် ဖြစ်လာတဲ့ ကင်ဆာရောဂါတွေ ဖြစ်ပါတယ်။
ဒါပေမဲ့ သုတေသီ ဒေါက်တာ အစ္စဘဲလ် ဆိုယာဂျိုမာတာရမ် က "ကင်ဆာရောဂါ ဆယ်ခုမှာ လေးခု နီးပါးလောက်က ကြိုတင်တားဆီးနိုင်တယ်ဆိုတာကို လူတွေ သိလိုက်ရလို့ အရမ်းကို အံ့အားသင့်သွားခဲ့ကြပါတယ်။ ဒါက သိသိသာသာ များတဲ့ အရေအတွက်မျိုး ဖြစ်နေလို့ပါ" လို့ ဆိုပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဖွဲ့ခွဲဖြစ်တဲ့ ကင်ဆာရောဂါ လေ့လာရေး နိုင်ငံတကာအေဂျင်စီအဖွဲ့ က ကင်ဆာဖြစ်မလာအောင် ကြိုတင်ကာကွယ်နိုင်တဲ့ အချက် ၃၀ ကို လေ့လာသုံးသပ်ခဲ့ကြပါတယ်။
အဲဒီထဲမှာ ဆေးလိပ်သောက်တာ၊ DNA မျိုးရိုးဗီဇကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည် (UV) ထိတွေ့တာ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းလွန်းတာကြောင့် ဖြစ်လာတဲ့ ရောင်ရမ်းမှု၊ ကင်ဆာဆဲလ်တွေ နိုးထလာစေတဲ့ လေထုညစ်ညမ်းမှု၊ ကင်ဆာဖြစ်စေတဲ့ ခန္ဓာကိုယ်တွင်း ဟော်မုန်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ဒါ့အပြင် HPV လိင်အင်္ဂါကြွက်နို့ ရောဂါပိုး၊ အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့ အသည်းရောင် အသားဝါ ရောဂါပိုး၊ H. pylori လို့ခေါ်တဲ့ အစာအိမ်ရောဂါပိုး တွေကိုလည်း လေ့လာခဲ့ပါတယ်။
သူတို့အဖွဲ့က နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစလို့ ဖြစ်ပွားတဲ့ ကင်ဆာရောဂါတွေနဲ့ အဲဒီမတိုင်ခင် ဆယ်နှစ်လောက်မှာ ကင်ဆာဖြစ်နိုင်တဲ့ အချက် ၃၀ တို့ရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို အသုံးပြုပြီး ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြထားပါတယ်။
ကမ္ဘာတဝန်း လူ ၁၈ သန်းကျော်မှာ ကင်ဆာဖြစ်ပွားစေခဲ့တဲ့ အဓိကအကြောင်းရင်း အချက်ကြီး သုံးချက်ကို ရှာတွေ့ခဲ့ပါတယ်။
- ဆေးလိပ်ကြောင့် လူ ၃.၃ သန်း ကင်ဆာဖြစ်
- ရောဂါပိုး ကူးစက်မှုကြောင့် လူ ၂.၃ သန်း ကင်ဆာဖြစ်
- အရက်ကြောင့် လူ ၇ သိန်း ကင်ဆာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမျိုးသမီး အမျိုးသား နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါ ၄၅ ရာခိုင်နှုန်းကို ကြိုတင်တားဆီးနိုင်ပြီး အမျိုးသမီးတွေမှာ ဖြစ်တဲ့ ကင်ဆာရောဂါ ၃၀ ရာခိုင်နှုန်းကိုပဲ တားဆီးနိုင်ပါတယ်။ ဒါက အမျိုးသားတွေအကြား ဆေးလိပ်သောက်မှု အတိုင်းအတာ ပိုများတာနဲ့ တစ်စိတ်တပိုင်း ဆိုင်ပါတယ်။
ဥရောပမှာ နေထိုင်တဲ့ အမျိုးသမီးတွေထဲမှာ တွေ့ရတဲ့ ကြိုတင်တားဆီးနိုင်တဲ့ ကင်ဆာဖြစ်စေမှု အကြောင်းရင်း ထိပ်ဆုံး သုံးခုက ဆေးလိပ်သောက်တာရယ်၊ ရောဂါပိုး ကူးစက်တာရယ်နဲ့ အဝလွန်တာရယ်ဆိုပြီး အစဉ်လိုက် တွေ့ရပါတယ်။
ဆာဟာရ အာဖရိက အောက်ပိုင်းမှာ အမျိုးသမီးတွေအကြား ကြိုတင်တားဆီးနိုင်တဲ့ ကင်ဆာရောဂါ ၈၀ ရာခိုင်နှုန်းနီးပါးဟာ ရောဂါပိုး ကူးစက်မှုကြောင့် ဖြစ်တယ်ဆိုတာကို လေ့လာ တွေ့ရပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ဒီလိုကင်ဆာရောဂါတွေကို တိုက်ဖျက်ရာမှာ ဒေသအလိုက်၊ နိုင်ငံအလိုက် သူ့နေရာနဲ့သူ ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို တွေ့ရပါတယ်။
"သမိုင်းဝင် ဒီလေ့လာချက်ဟာ ကမ္ဘာတဝန်း ကြိုတင်တားဆီးနိုင်တဲ့ ကင်ဆာရောဂါတွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်ထားမှုတစ်ခု ဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ရောဂါပိုး ကူးစက်မှုကြောင့် ကင်ဆာဖြစ်တယ်ဆိုတဲ့ အချက်ကို အပြုအမူ၊ ပတ်ဝန်းကျင်၊ အလုပ်အကိုင်တွေကြောင့် ကင်ဆာ ဖြစ်စေတဲ့ အကြောင်းရင်းနဲ့အတူ ပထမဆုံးအကြိမ် ထည့်သွင်း ဖော်ပြထားတာ ဖြစ်ပါတယ်" လို့ IARC ကင်ဆာစောင့်ကြည့်လေ့လာရေး ဌာနရဲ့ လက်ထောက်အကြီးအကဲ ဒေါက်တာ ဆိုယာဂျိုမာတာရမ် ကပြောပါတယ်။
"ကင်ဆာဖြစ်မှုကို ကြိုတင်တားဆီးနိုင်တဲ့ ဒီအကြောင်းရင်းတွေကို လိုက်နာခြင်းအားဖြင့် ကမ္ဘာတဝန်း ကင်ဆာဖြစ်ပွားမှု ဝန်ထုပ်ဝန်ပိုးကြီးကို လျှော့ချနိုင်ဖို့ အစွမ်းထက်ဆုံး အခွင့်အလမ်းကြီး တစ်ခုဖြစ်ပါတယ်"
Nature Medicine ဆေးဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီအစီရင်ခံစာအရ ကြိုတင်တားဆီးနိုင်တဲ့ ကင်ဆာအမျိုးအစား အားလုံးရဲ့ တစ်ဝက်နီးပါးလောက်ဟာ (ဆေးလိပ်နဲ့ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့) အဆုတ်ကင်ဆာ၊ (H. pylori အစာအိမ်ရောဂါပိုးကြောင့် ဖြစ်တဲ့) အစာအိမ်ကင်ဆာ၊ (HPV ရောဂါပိုးကြောင့် ဖြစ်တဲ့) သားအိမ်ခေါင်းကင်ဆာတို့ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကင်ဆာထိန်းချုပ်ရေးဌာန အကြီးအကဲ ဒေါက်တာ အွန်ဒရေ အီလ်ဘာဝီ က ဒီလေ့လာချက်ဟာ ကင်ဆာရောဂါ ကာကွယ်နိုင်တဲ့ နည်းလမ်းတစ်ခုခု ရှိနေတယ် ဆိုတာကို ဖော်ပြနေတာမို့ သတင်းကောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်မှု လျော့ကျအောင် လုပ်တာမျိုး ဒါမှမဟုတ် HPV ကာကွယ်ဆေး ထိုးတာမျိုးလို ပေါ်လစီ မူဝါဒတွေ ချမှတ် ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ကင်ဆာရောဂါ တိုက်ဖျက်မှု အောင်မြင်တယ်ဆိုတာကို သူက ထောက်ပြခဲ့ပါတယ်။
"ကြိုတင်တားဆီးနိုင်တဲ့ ကင်ဆာရောဂါ ရာခိုင်နှုန်းဟာ အချိန်ကြာလာတာနဲ့အမျှ လုံးဝ တားဆီးနိုင်တဲ့ ရာခိုင်နှုန်းနားအထိ ပြောင်းလဲ ရောက်ရှိလာနိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်" လို့ သူက ပြောပါတယ်။








