တတန်းတည်းသား သူငယ်ချင်း သတ်မှုနဲ့ တရုတ်ဆယ်ကျော်သက် ထောင်ဒဏ်တသက်ချမှတ်

၁၃ နှစ်သား ယောက်ျားလေးကို သတ်မှုကြောင့် နိုင်ငံအနှံ့ ဒေါသထွက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၃ နှစ်သား ယောက်ျားလေးကို သတ်မှုကြောင့် နိုင်ငံအနှံ့ ဒေါသထွက်ခဲ့
    • ရေးသားသူ, ခိုယွီး
    • ရာထူးတာဝန်, ဘီဘီစီသတင်း

တရုတ်ဆယ်ကျော်သက် နှစ်ယောက်ကို မတ်လတုန်းက ကျောင်းနေဘက် သူငယ်ချင်း သေဆုံးမှုအတွက် တရုတ်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

တတန်းတည်းသား သူငယ်ချင်း ဝမ်ကို သတ်ပြီး သူ့ငွေကို ခွဲယူဖို့ ကြံစည်ချိန်က ဒီ ဟယ်ဘေနယ်က ဆယ်ကျော်သက်တွေဟာ ၁၃ နှစ်ပဲ ရှိပါသေးတယ်။ သူတို့အမည်ရင်းကို မဖော်ပြဘဲ ဂျန်နဲ့ လီဆိုတဲ့ မျိုးရိုးနာမည်ကိုပဲ ထုတ်ဖော်ထားပါတယ်။

ဝမ်ကို ပေါက်ပြားနဲ့ ခုတ်သတ်ပြီး ဟင်းသီးဟင်းရွက်စိုက်တဲ့ ဖန်လုံအိမ်ဟောင်းတခုထဲမှာ မြှုပ်ထားခဲ့ကြကြောင်း တရားရုံးက တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။ သူတို့ သတ်တဲ့နည်းက အင်မတန် ရက်စက်ပြီး ကြောက်စရာ ကောင်းတယ်လို့လည်း ဆိုပါတယ်။

ဒီဆယ်ကျော်သက်နှစ်ယောက်ကို ထောင်ဒဏ်တသက်နဲ့ ထောင် ၁၂ နှစ်စီ အသီးသီးချမှတ်ခဲ့ပါတယ်။

ဆယ်ကျော်သက်နှစ်ယောက်ကို ထောင်ဒဏ်တသက်နဲ့ ထောင် ၁၂ နှစ်စီ အသီးသီးချမှတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆယ်ကျော်သက်နှစ်ယောက်ကို ထောင်ဒဏ်တသက်နဲ့ ထောင် ၁၂ နှစ်စီ အသီးသီးချမှတ်

ဒီအမှု စဖြစ်ကတည်းက လူထုကြားမှာ ဒေါသ အကြီးအကျယ် ထွက်ခဲ့ကြတာပါ။

ဝမ်ကို ကျောင်းမှာ သူငယ်ချင်း သုံးယောက်က အနိုင်ကျင့်နေတာ ကြာပြီလို့ သူ့မိသားစုနဲ့ ရှေ့နေက မတ်လမှာ ပြောပါတယ်။ ဂျန်နဲ့ လီက ဝမ်နဲ့ မတည့်ကြဘူးလို့လည်း တရားရုံးက ပြောပါတယ်။

မာလို့ ခေါ်တဲ့ တတိယ ဆယ်ကျော်သက်လည်း အခင်းဖြစ်ရာမှာ ရှိပါတယ်။ သူ့ကိုတော့ ရာဇဝတ်ကြောင်းအရ ပြစ်ဒဏ်မပေးခဲ့ဘူးလို့ တရားရုံးဘက်က ဆိုပါတယ်။

မတ်လ ၃ ရက်နေ့က ဂျန်က ဝမ်ကို ဖန်လုံအိမ်ဆီကို စကူတာဘီးနဲ့ ခေါ်လာပြီး လီနဲ့ မာတို့က တခြားတစီးနဲ့ လိုက်လာကြပါတယ်။ လမ်းမှာတော့ ဝမ်ကို သတ်ဖို့ ဂျန် ကြံနေတဲ့အကြောင်း လီက မာကို ပြောလာခဲ့ပါတယ်။

လေးယောက်သား ဖန်လုံအိမ်ကို ရောက်တဲ့အခါမှာ ဂျန်က ဝမ်ကို ပေါက်ပြားနဲ့ စတိုက်ခိုက်ပြီး လီက သူ့ကို ကူပါတယ်။ ဒီလိုသတ်ဖြတ်နေတာကို မြင်တဲ့ မာက ဖန်လုံအိမ်ကနေ ထွက်သွားပါတယ်။

အဲဒီနောက် ဝမ်ရဲ့ အလောင်းကို ဂျန်နဲ့ လီက မြှုပ်ပြီး ဒီနေရာကနေ သုံးယောက်သား ထွက်သွားကြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဂျန်က ဝမ်ရဲ့ ဖုန်းကို သုံးပြီး သူ့ရဲ့ ဝီချက်အကောင့်ကနေ ငွေတွေကို သူနဲ့ လီတို့ဆီကို လွှဲဖို့ လုပ်ပါတယ်။ ဝမ်ရဲ့ဖုန်းက ဆင်းမ်ကတ်ကို ထုတ်ပစ်ပြီး မာကို ဖျက်ဆီးခိုင်းပါတယ်။

ဂျန်၊ လီနဲ့ မာတို့ တယောက်ချင်းကို ရဲက စုံစမ်းတဲ့အခါမှာ မာက ဖော်ကောင်လုပ်ပြီး လူသတ်တဲ့ နေရာကို ခေါ်သွားခဲ့ပါတယ်။

ဒီအမှုကြောင့် တရုတ်လူမှုကွန်ရက်မှာ ရိုက်ခတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီအမှုကြောင့် တရုတ်လူမှုကွန်ရက်မှာ ရိုက်ခတ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂျန်ဟာ ဒီအမှုမှာ အဓိက ကျူးလွန်သူဖြစ်ကြောင်း တရားရုံးက ပြောပါတယ်။ အမှုဖြစ်ပွားအောင် စီစဉ်ခဲ့ပြီး တခြားသူတွေကို ပါအောင် သိမ်းသွင်းခဲ့သလို သူ့လက်ချက်ကြောင့် ဝမ် သေရတာ ဖြစ်ပါတယ်။

လီကတော့ ဒီအမှုမှာ တက်တက်ကြွကြွ ပူးပေါင်း ပါဝင်သူဖြစ်ပြီး ဂျန်နဲ့ ပိုက်ဆံခွဲယူခဲ့ကြောင်း တရားရုံးက ထုတ်ပြန်ပါတယ်။

မာကိုတော့ ပြန်လည် ပြုပြင် ပညာပေးရေး စခန်းပို့မယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။ ရာဇ၀တ်မှု ကျူးလွန်တဲ့ လူငယ်တွေကို ဒီနည်းနဲ့ ပြုပြင်လေ့ ရှိပါတယ်။

ဒီဆယ်ကျော်သက်တွေကို ပြစ်ဒဏ်ချမှုကလည်း ဒီလို ရက်စက်တဲ့ အမှုကို ဘယ်လို စီရင်မလဲ စောင့်နေကြတဲ့ တရုတ်လူမှုကွန်ရက်မှာ ရိုက်ခတ်ခဲ့ပါတယ်။ ပြစ်ဒဏ်တွေက ပျော့လွန်း ညှာတာလွန်းတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။

ထောင် ၁၂ နှစ်ပဲ ကျတဲ့သူဟာ ပြန်လွတ်လာချိန်မှာ လူငယ်ပဲ ရှိအုန်းမှာပါ၊ အပြင်ပြန်ရောက်ချိန်မှာ လူ့အဖွဲ့အစည်းကို လက်တုံ့မပြန်ဖို့ပဲ မျှော်လင့်ပါတယ် ဆိုပြီး ဝေဘို လူမှုကွန်ရက်မှာ လူကြိုက်များနေတဲ့ မှတ်ချက်တခုက ရေးပါတယ်။ မကြာခင်က တရုတ်နိုင်ငံအနှံ့ တုန်လှုပ်သွားကြတဲ့ အစုအပြုံလိုက် လူသတ်မှုကို ရည်ညွှန်း ရေးတာ ဖြစ်ပါတယ်။

တချို့လူတွေကတော့ ဝမ်သေသွားတဲ့အတွက် စိတ်မကောင်းကြပါဘူး။ မိဘတယောက်အနေနဲ့ ဒီကလေးအတွက် တကယ် စိတ်မကောင်းပါဘူး၊ ရင်ကွဲစရာပါ ဆိုပြီး ဝေဘို လူမှုကွန်ရက်ကို သုံးသူတယောက်က ရေးပါတယ်။