ယူကရိန်းကနေ ရုရှားထဲဝင် ထိုးဖောက်တိုက်ခိုက်နေတဲ့သူတွေက ဘယ်သူတွေလဲ
ဂျဲယ်ရမီ ဟောင်ဝဲလ် နဲ့ အန်နီ ဂဲယ်လဂါ

ဓာတ်ပုံ ရင်းမြစ်, Liberty of Russia Legion
ယူကရိန်းဘက်ကနေ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘီရဲလ်ဂေါ့ ဒေသထဲကို ရောက်လာတဲ့ တိုက်ခိုက်ရေးသမားတွေကို “အကြမ်းဖက်ဆန့်ကျင်ရေး စစ်ဆင်ရေး” တခုလုပ်ပြီး သူတို့ ပြန်တိုက်ထုတ်လိုက်ပြီလို့ ရုရှားကပြောပါတယ်။
တိုက်ခိုက်ရေးသမားတွေဟာ ယူကရိန်းနိုင်ငံသား “ဖောက်ခွဲဖျက်ဆီးရေးသမား” တွေလို့ ရုရှားကပြောပေမဲ့ ယူကရိန်း အရာရှိတွေကတော့ အဲဒီလူတွေဟာ ရုရှားနိုင်ငံသားတွေ ဖြစ်ပြီး ရုရှား စေတနာ့ဝန်ထမ်း တပ်ဖွဲ့ (Russian Volunteer Corps - RDK) နဲ့ ရုရှား လွတ်လပ်ရေး တပ်ဖွဲ့ (Freedom of Russian Legion-FRL) တွေက ဖြစ်ကာ ကရင်မလင် အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ တပ်ဖွဲ့ဝင်တွေလို့ ပြောပါတယ်။
ဒီတပ်ဖွဲ့ ၂ ဖွဲ့စလုံးဟာ သူတို့ စစ်ဆင်ရေးတွေအတွက် ယူကရိန်း စစ်တပ်နဲ့ ထောက် လှမ်းရေးတပ်ဖွဲ့ ဆီကနေ အကူအညီတွေ အများအပြားရနေမယ်လို့ စစ်ရေး သုံးသပ် သူတွေက ပြောပါတယ်။
ရုရှား စေတနာ့ဝန်ထမ်း တပ်ဖွဲ့ (RDK) ဆိုတာ ဘယ်သူ တွေပါလဲ
ယူကရိန်းနယ်စပ်နဲ့ နီးတဲ့ ရုရှားအလယ်ပိုင်းက ဘရန့်စ်ဒေသကို ရုရှား စေတနာ့ ဝန်ထမ်း တပ်ဖွဲ့ (RDK) နယ်စပ်ဖြတ်ကျော် တိုက်ခဲ့တဲ့အချိန် ၂၀၂၃ ခုနှစ် မတ်လ ကစပြီး သူတို့ တပ်ဖွဲ့ရဲ့ နာမည်ကို လူတွေ သိလာပါတယ်။ သူတို့ တပ်ဖွဲ့ဝင် အင်အား က ၄၅ ယောက်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံသားတွေ သူတို့ အစိုးရကို ပုန်ကန်တိုက်ခိုက်ဖို့ အားပေးတဲ့ အနေနဲ့ ဒီ တိုက်ခိုက်မှုကို လုပ်တာလို့ သူတို့က ပြောပါတယ်။
ရုရှားဘက်က ထုတ်တဲ့ သတင်းတွေမှာ ပစ်ခတ်သတ်ဖြတ်တာတွေ၊ အထိအခိုက် အသေ အပျောက်တွေ၊ ပြန်ပေးဆွဲတာတွေရှိတယ်လို့ ပါပေမဲ့ ဒါတွေကို အတည်ပြု လို့ မရနိုင်ခဲ့ပါဘူး။
RDK က သူတို့ ပြန်ပေးဆွဲတာတွေ မရှိဘူး၊ ယူကရိန်းကို ဘေးကင်းကင်းနဲ့ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
RDK ခေါင်းဆောင်က သူ့နာမည်ဟာ ဒန်းနစ် ကက်စ်ပြူတင် (သို့မဟုတ်) ဒန်းနစ် နီကီတင် ဖြစ် ကြောင်း ပြောပါတယ်။
သူက ရုရှားအမျိုးသားရေးဝါဒီ တယောက်ဖြစ်ပြီး ရုရှားလူမျိုးစု တမျိုးတည်းပဲ နေကြတဲ့ တခုတည်းသော ရုရှားပြည်နယ်ကနေ ပေါက်ဖွားလာတာပါ။
စုံစမ်းဆန်းစစ်တဲ့ ယူကရိန်း ဝက်ဆိုဒ်တခုက သူဟာ နာဇီ လက်သစ် ဝါဒီအဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိတယ်လို့ ၂၀၂၀ ခုနှစ်အတွင်းမှာ စွပ်စွဲခဲ့ဖူးပါတယ်။ ကက်စ်ပြူတင် ကိုယ်တိုင်က သူဟာ ဘောလုံးပွဲကြည့်ပရိသတ် လူရမ်းကား အုပ်စုတခုထဲမှာ ပါဝင်ဖူးတယ်လို့ ပြောဖူးပါတယ်။
RDK တပ်ဖွဲ့က ပူတင်အစိုးရဟာ ဘော်ရှီဗစ် (ကွန်မြူနစ်)တွေလို့ ရှုတ်ချထားပြီး၊ ယူကရိန်းမှာ စစ်ပြုနေတာနဲ့ ပတ်သက်ပြီး ရုရှား အဓိက အတိုက်အခံတွေက ခြံစည်းရိုးပေါ် ခွထိုင်နေကြတယ်လို့ စွပ်စွဲပါတယ်။
ဒါပေမဲ့ သဘောထား ပြင်းထန်တဲ့ ရုရှား အမျိုးသားရေးအဖွဲ့ တခုက ရုရှားအစိုးရကို ဘာကြောင့် တန်ပြန် တိုက်ခိုက်နေတာလဲ ဆိုတဲ့အပေါ် ပဟေဠိ ဖြစ်နေတယ်လို့ ကင်းစ် ကောလိပ် လန်ဒန် က ကာကွယ်ရေးလေ့လာမှု သုတေသီ တယောက်ဖြစ်တဲ့ ဒေါက်တာ မာရီနာ မီရွန်က ပြောပါတယ်။
“RDK ကို အားကောင်းအောင် တည်ဆောက်တာက ယူကရိန်းဖြစ်မယ်” လို့ မစ္စ မီရွန် ကပြောရင်း “စစ်မဖြစ် ခင်က သူတို့က ရုရှားထဲက အဖွဲ့သေးသေးလေးတခုပါ၊ သူတို့မှာ လက်နက်ကိုင် တပ်ဖွဲ့လည်း မရှိပါဘူး” လို့ ဆိုပါတယ်။
ဖော်ကျူနာလို့ အမည်ဝှက်ပေးထားတဲ့ RDK တပ်ဖွဲ့ဝင် တယောက်က သူတို့ အဖွဲ့မှာ လူ ၁၂၀ ရှိတယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ယူကရိန်း မီဒီယာ တခုကို ပြောထား ပါတယ်။
“ကျွန်တော်တို့က ကိုယ့်ဆန္ဒနဲ့ ကိုယ်ပါဝင်တဲ့ စေတနာ့ဝန်ထမ်း တပ်ဖွဲ့ပါ၊ ယူကရိန်း နိုင်ငံသားတွေလို စစ်ထဲဝင်ဖို့ ကောက်ခံရတာမျိုး၊ စစ်တပ် ဝန်ထမ်းအဖြစ် စာချုပ်နဲ့ လုပ်ရတာမျိုး မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
ရုရှား လွတ်လပ်ရေး တပ်ဖွဲ့ (FRL) ဆိုတာ ဘယ်သူ တွေလဲ
ရုရှား လွတ်လပ်ရေး တပ်ဖွဲ့ (FRL)က ယူကရိန်း တပ်ဖွဲ့တွေနဲ့ အတူယှဉ်တွဲပြီး ရုရှား စစ်တပ်ကို တိုက်နေတဲ့ နောက်ထပ် တပ်ဖွဲ့တဖွဲ့ပါ။ သူတို့ကို ရုရှား လွတ်မြောက်ရေး တပ်ဖွဲ့ လို့လည်း ခေါ်ပါတယ်။
သူတို့က အဖြူ-အပြာ-အဖြူ စပ်ထားတဲ့ အလံကို သုံးပြီး ရုရှား အတိုက်အခံ တချို့ က ဒီအလံကို “ရုရှားလွတ်လပ်ရေး” အလံ လို့ သတ်မှတ်ကြပါတယ်။
RDK နဲ့ နှိုင်းရင် ဒီ ရုရှား လွတ်လပ်ရေး တပ်ဖွဲ့ (FRL) က နိုင်ငံရေးအရ သဘောထား သိပ်မပြင်းထန်ဘူးလို့ ယူဆထားကြပါတယ်။
ဘီရဲလ်ဂေါ့ရဲ့ အနောက်တောင်ဘက်ကျပြီး ယူကရိန်းနယ်စပ်နဲ့ ကပ်ရက်မှာ ရှိတဲ့ ရုရှားရွာ ကော့ဇင်ကာကို သူတို့ လွတ်မြောက်စေလိုက်ပြီလို့ FRL က မေလ ၂၂ ရက်မှာ ကြေငြာပါတယ်။
“FRL နဲ့ RDK တို့ဟာ ရှေ့ဆက်ပြီး ဘီရဲလ်ဂေါ့ဒေသ လွတ်မြောက်အောင် လုပ်သွား မှာ” လို့ သူတို့က ပြောပါတယ်။
“ထပ်ပြီးပြောရရင် ရုရှား နိုင်ငံသားတွေ လုံခြုံဘေးကင်းတယ်၊ ရုရှား ပြည်ထောင်စု က ခိုင်မာတယ်လို့ ဆိုတာတွေဟာ ဒဏ္ဍာရီဖြစ်သွားပါပြီ” လို့လည်း ရုရှား လွတ်လပ်ရေး တပ်ဖွဲ့ (FRL)က ပြောပါတယ်။
မော်စကိုမြို့ပေါ်မှာ သူတို့ရဲ့ အလံကို ချီနှောင်ထားတဲ့ မိုးပျံဘောလုံးတွေ ပျံဝဲနေတာကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်မှာ အဲဒီအချိန်က သူတို့ တင်ခဲ့ပါတယ်။
အရင် ရုရှား လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ အခု ယူကရိန်း နိုင်ငံသား တယောက်လည်း ဖြစ်တဲ့ အဲလ်ရာ ပိုနာမာရက်ဗ်က သူတို့ဟာ ပြည်သူ့သမ္မတ တပ်ဖွဲ့လို့ခေါ်တဲ့ တခြား အဖွဲ့နဲ့ အတူ ဗလာဒီမီယာ ပူတင် အုပ်ချုပ်မှုအောက်ကနေ ရုရှားလွတ်မြောက်အောင် ဆောင်ရွက်မယ်ဆိုတဲ့ ဘုံပန်းတိုင် သဘောတူညီချက်ကို လက်မှတ်ထိုးထားကြတယ် လို့ သူ့ရဲ့ ဖေ့စ်ဘွတ်က တဆင့်၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းက ပြောခဲ့ပါတယ်။
ဆီဇာလို့ ခေါ်ကြပြီး အကောင်းဆုံး စစ်သားလို့ လူသိများတဲ့ တပ်ဖွဲ့ဝင်တယောက်က “အတင်းဝင်ခိုင်းလို့ ဝင်ရတဲ့သူ တယောက်မှ သူတို့ တပ်ဖွဲ့မှာ မရှိဘူး” လို့ ပြောပါ တယ်။
ဘက်ပြောင်းပြီး ယူကရိန်း စစ်တပ်ဆီမှာ လက်နက်ချလာတဲ့ ရုရှား စစ်သား တချို့ တော့ သူတို့တပ်ဖွဲ့ထဲမှာ ရှိတယ်လို့ သူက ပြောပါတယ်။
ဒီရုရှား တိုက်ခိုက်ရေးသမားတွေကို ယူကရိန်းက ထောက်ခံကူညီလား
ကိယက်ဗ်ရဲ့ ထေက်လှမ်းရေးဌာနက အင်ဒရေ ယူဆော့ဗ်က အဖွဲ့ ၂ ဖွဲ့လုံးဟာ “ရုရှား နိုင်ငံ နယ်မြေတွင်းမှာ သူ့ ကိုယ်ပိုင်အုပ်ချုပ်မှု” နဲ့ လှုပ်ရှားဆောင်ရွက် နေကြတာ ဖြစ်ပြီး ယူကရိန်းက ပတ်သက်မှု ဘာမှမရှိဘူးလို့ ပြောပါတယ်။
ယူကရိန်း ရုပ်မြင်သံကြားကလည်း သူတို့ဟာ အရပ်သားလက်နက်ကိုင်တွေ ဖြစ်ပြီး “ရုရှားနိုင်ငံသား ဗော်လံတီယာတွေ” ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကင်းစ် ကောလိပ် လန်ဒန်က သုတေသီ ဒေါက်တာ မာရီနာ မီရွန်က ယူကရိန်း စစ်တပ်ရဲ့ နောက်က အားပေးကူညီတာတွေ မပါဘဲ ဒီအဖွဲ့တွေဟာ ရုရှားနယ်စပ်ကို ကျော်ဖြတ်ပြီး တိုက်ခိုက်တာတွေ လုပ်နိုင်ပါ့မလား ဆိုတဲ့ အမေးထုတ်ပါတယ်။
ဘာကြောင့်ဒီအဖွဲ့တွေက အနောက်နိုင်ငံတွေမှာသုံးကြတဲ့ ဟမ်းမား စစ်သံချပ်ကာ ကားတွေလို စစ်သုံးယာဉ်တွေ၊ စစ်ပစ္စည်းတွေသုံးနေတာကို ဓာတ်ပုံတွေရိုက်နေလဲ ဆိုတဲ့ အပေါ်မှာလည်း သူက အမေးထုတ်ပါတယ်။
“သူတို့ဟာ အပြင်က ထောက်ပံ့မှုတွေ၊ ယူကရိန်းထောက်လှမ်းရေးက ပေးတဲ့ သတင်းအချက်အလက်တွေကို ကျိန်းသေပေါက် အားကိုးနေမှာ မလွဲပဲ” လို့ ဒေါက်တာ မီရွန်က ပြောပါတယ်။
“ဒါပေမဲ့ ယူကရိန်းထဲမှာ ဖြစ်နေတဲ့ စစ်ကနေ အာရုံလွှဲနိုင်ရေးအတွက် သူတို့ ရုရှားနယ်စပ်ကို ဖြတ်ပြီး တိုက်ခိုက်မှုတွေလုပ်မယ်၊ ဒီနေရာမှာ ဒီအဖွဲ့တွေက တိုက်နေတာလို့ ယူကရိန်းက အကြောင်းပြပြီး ငြင်းမယ်ဆိုရင် ငြင်းဖို့ အခွင့်ကောင်း ရနိုင်ပါတယ်။”
ယူကရိန်း နိုင်ငံရေး သုံးသပ်သူ ဗိုလော့ဒီမီယာ ဖက်ဆန်ကိုက ယူကရိန်းနဲ့ တွဲပြီး အလုပ်လုပ်နေတဲ့ အရံဗော်လံတီယာတပ်ဖွဲ့တွေ အမျိုးမျိုးရှိကြပါတယ်၊ ဒါပေမဲ့ တကယ့် တိုက်ခိုက်မှုလုပ်တာထက်စာရင် လူထုဆက်ဆံရေး ဝါဒဖြန့်တာမျိုးဘက်မှာပဲ ပိုအသုံးပြုတာပါလို့ ဆိုပါတယ်။








