အကြားအာရုံချို့တဲ့ပေမဲ့ အိန္ဒိယ တရားရေးလောကမှာ မှတ်တိုင်ထူခဲ့သူ

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Sarah Sunny

ဓာတ်ပုံ ပုံစာ, အကြားအာရုံချို့တဲ့သူတွေကို ချန်လှပ်ထားမခံရအောင် တိုက်ပွဲ၀င်ခဲ့တဲ့ ဆာရာဆန်နီ

အိန္ဒိယ တရားလွှတ်တော်ချုပ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က အကြားအာရုံချို့တဲ့သူ အမျိုးသမီးရှေ့နေ ဆာရာဆန်နီက အမှု လျှောက်လဲ တင်ပြခဲ့ပြီး သမိုင်းတင်ခဲ့ပါတယ်။

ဒါဟာ အိန္ဒိယ တရားလွှတ်တော်ချုပ် သမိုင်းမှာ မှတ်တိုင်ထူစရာအဖြစ် အကြားအာရုံ ချို့တဲ့သူတစ်ယောက်က တရားလွှတ်တော်ချုပ်လို နိုင်ငံရဲ့ အရေးပါတဲ့ အဆင့်မြင့် အဖွဲ့အစည်းမှာ ဥပဒေကြောင်း လျှောက်လဲတင်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် ဆာရာဆန်နီဟာ စက်တင်ဘာလမှာ လက်သင်္ကေတ စကားပြန်တစ်ဦးရဲ့ အကူအညီနဲ့ လျှောက်လဲ တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့လျှောက်လဲချက်ကို ခြွင်းချက်အနေနဲ့ တရားရုံးက ခွင့်ပြုခဲ့တာကြောင့် သူဟာ တရားသူကြီးချုပ် ဒီဝိုင် ချန်ဒရာချောက်ရဲ့ ရှေ့မှောက်မှာ လျှောက်လဲ တင်သွင်းခွင့် ရခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်နေ့မှာတော့ တရားရုံးရဲ့ ကိုယ်ပိုင် လက်သင်္ကေတ စကားပြန်ကို တရားရုံး သမိုင်းမှာ ပထမဆုံးအဖြစ် ခန့်ထားခဲ့ပါတယ်။

ဒါကြောင့် သူဟာ တရားခွင်မှာ ဘာတွေ ဆွေးနွေးပြောဆိုနေတယ်ဆိုတာကို နားလည်နိုင်မှာ ဖြစ်ပါတယ်။

အခုလို မစ္စဆန်နီ တရားခွင်မှာ ဆွေးနွေးပြောဆိုမှုရလာတာက အိန္ဒိယ တရားစီရင်ရေးစနစ်မှာ အလွှာစုံက လူတွေပိုမိုပါ၀င်လာစေပြီး အကြားအာရုံချို့တဲ့သူတွေအတွက် အထောက်အကူဖြစ်စေနိုင်တာတွေကို ထည့်သွင်းစီစဥ်ပေးနေတယ်ဆိုတာ သက်သေပြနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

ထိပ်တန်း ရှေ့နေတစ်ယောက် ဖြစ်တဲ့ မီနာခါ ဂုရုဆွာမိကလည်း ဒါဟာ တကယ့်ကို သမိုင်း၀င် မှတ်တိုင်ထူပြလိုက်တဲ့ အခင်းအကျင်းတခုပဲလို့ ဆိုပါတယ်။

"အခုဖြစ်ရပ်ကြောင့် အပေါင်းလက္ခဏာဆောင်တဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေ ရှိလာလိမ့်မယ်။ ဒါ့အပြင် မစ္စဆန်နီဟာ သမားရိုးကျလမ်းစဥ်တွေကို ဖောက်ထွက်နိုင်ခဲ့တာကြောင့် တခြား အကြားအာရုံချို့တဲ့တဲ့ ကျောင်းသားတွေလည်း ဥပဒေပညာရပ်ကို ပိုပြီး လေ့လာသင်ယူလာကြလိမ့်မယ်။ တရားစီရင်ရေးစနစ်ကိုလည်း သူတို့ ထိတွေ့နားလည်နိုင်လာလိမ့်မယ်"လို့ မစ္စဆန်နီရဲ့ လုပ်ဖော်ကိုင်ဖက် ဆန်ချီသာ အိန်းက ပြောပါတယ်။

မိခင်အကူအညီ သူငယ်ချင်း ဆွေမျိုး အကူအညီတွေနဲ့ ရှေ့နေဖြစ်လာတဲ့ ဆာရာဆန်နီ

ဓာတ်ပုံ ရင်းမြစ်, Sarah Sunny

ဓာတ်ပုံ ပုံစာ, မိဘတွေနဲ့ သူငယ်ချင်း၊ ဆွေမျိုးတွေ အကူအညီနဲ့ ရှေ့နေဖြစ်လာတဲ့ ဆာရာဆန်နီ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မစ္စဆန်နီဟာ အိန္ဒိယတောင်ပိုင်း ဘန်ဂလူရု( ယခင် အခေါ် - ဘန်ဂလော )မြို့ကပါ။ ပြီးခဲ့တဲ့ ၂ နှစ်ကစပြီး ဥပဒေရေးရာတွေကို လိုက်ပါဆောင်ရွက်ပေးသူ တစ်ယောက် ဖြစ်ပါတယ်။

အစတုန်းက သူတို့မြို့က အောက်တရားရုံးတွေ (တခြားအဆင့်တရားရုံးတွေ) မှာ သူ့ကို လက်သင်္ကေတ စကားပြန် သုံးခွင့်မပြုခဲ့ပါဘူး။

စကားပြန်တွေက တရားရေး ၀ေါဟာရတွေကို နားလည်မှာမဟုတ်ဘူးလို့ တရားသူကြီးတွေက သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မစ္စဆန်နီက သူ့ရဲ့ လျှောက်လဲဆွေးနွေးချက်တွေကို စာနဲ့ရေးသား တင်ပြခဲ့ပါတယ်။

တရားလွှတ်တော်ချုပ်မှာ မစ္စဆန်နီ ပထမဆုံးအကြိမ် လျှောက်လဲဖို့အတွက် လက်သင်္ကေ စကားပြန် လုပ်ခဲ့ပေးသူ ဆာရေ့ဗ် ရွိုင်းချောင်ဒရီဟာ ဥပဒေဘာသာရပ် မသင်ခဲ့ရပေမဲ့ ရှေ့နေတွေနဲ့ ဥပဒေ ကျောင်းသားတွေအတွက် ဘာသာပြန်ပေးခဲ့ရတဲ့ အတွေ့အကြုံများစွာ ရှိခဲ့ဖူးပြီး ဒေလီက အဆင့်မြင့် တရားရုံးမှာ နားမကြားတဲ့ ရှေ့နေတွေနဲ့ အမှုနှစ်ကြိမ် ဘာသာပြန်ပေးခဲ့ဖူးသူ ဖြစ်ပါတယ်။

ဒါပေမဲ့ အိန္ဒိယ နိုင်ငံမှာ လက်သင်္ကေ စကားပြန်တွေဟာ ဥပဒေ ရေးရာ ၀ေါဟာရတွေ လေ့ကျင့် သင်ကြားပေးခဲ့ဖူးတာ မရှိခဲ့ဖူးပဲ အလုပ်ကတဆင့် လေ့လာ သင်ယူနေကြရတာ ဖြစ်ပါတယ်။

မစ္စဆန်နီကတော့ သူတောင် လုပ်နိုင်သေးတာရင် တခြား အကြားအာရုံချို့တဲ့သူတွေလည်း လုပ်နိုင်ရမှာပေါ့ ဆိုတဲ့အချက်ကို ပြလိုက်တာပဲလို့ ဘီဘီစီကို ပြောပါတယ်။

ဘန်ဂလူရု ဇာတိ မစ္စဆန်နီရဲ့ မွေးချင်းတွေဖြစ်တဲ့ အမြွှာညီအစ်မ မာရီယာ ဆန်နီနဲ့ အစ်ကိုဖြစ်သူ ပရာတစ်ခ် ခူရူဗီလာတို့ဟာလည်း အကြားအာရုံ ချို့တဲ့သူတွေ ဖြစ်ကြပါတယ်။

အခုတော့ အစ်ကိုဖြစ်သူဟာ အမေရိကန်မှာ ဆော့ဖ်၀ဲ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ပြီး တက္ကဆက် ပြည်နယ်က နားမကြားသူတွေအတွက် ကျောင်းတစ်ကျောင်းမှာ ဆရာလုပ်နေပါတယ်။

သူနဲ့အမြွှာ ညီအစ်မ မာရီယာ ဆန်နီကတော့ လက်မှတ်ရ စာရင်းကိုင် တစ်ယောက် ဖြစ်ပါတယ်။

မွေးချင်း ၃ ယောက်စလုံး အကြားအာရုံ ချို့တဲ့ကြပြီး အစ်ကိုက ဆော့ဖ်၀ဲ အင်ဂျင်နီယာ ၊ အမြွှာညီမက စာရင်းကိုင် အလုပ်နဲ့ အသက်မွေးနေကြ

ဓာတ်ပုံ ရင်းမြစ်, Sarah Sunny

ဓာတ်ပုံ ပုံစာ, မွေးချင်း ၃ ယောက်စလုံး အကြားအာရုံ ချို့တဲ့ကြပြီး အစ်ကိုက ဆော့ဖ်၀ဲ အင်ဂျင်နီယာ ၊ အမြွှာညီမက စာရင်းကိုင် အလုပ်နဲ့ အသက်မွေးနေကြ

မစ္စဆန်နီတို့ မိဘတွေက သူတို့ကလေးတွေကို ဆွံ့အ နားမကြားကလေးတွေအတွက်ဖွင့်တဲ့ အထူးစောင့်ရှောက်မှုကျောင်းတွေမှာ ပညာမသင်စေချင်ပါဘူး။

သားသမီး ၃ ယောက်လုံးအတွက် ကျောင်း၀င်ခွင့်ရဖို့ ခက်ခဲလှပါတယ်။ ဒါပေမဲ့ အဆုံးမှာ သူတို့အတွက် သင့်တော်တဲ့ကျောင်းကို ရှာတွေ့ခဲ့ကြပါတယ်။

မစ္စဆန်နီဟာ နှုတ်ခမ်းလှုပ်ဖတ်နည်းအပြင် သူ့သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ ကျောင်းစာကို လေ့လာသင်ယူခဲ့ပါတယ်။ တခြားသူတွေက နောက်ပြောင်တာမျိုးလည်း ကြုံရလေ့ရှိပေမဲ့ သူက ပြန်ရှင်းပြ တုံ့ပြန်တာမျိုး ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

သူဟာ ဘန်ဂလူရုမြို့က စိန့်ဂျိုးဇက်ဖ် ကောလိပ်မှာ ဥပဒေပညာ ဆက်လေ့လာသင်ယူခဲ့ပါတယ်။ မစ္စဆန်နီဟာ အရင်ကကျောင်းစာတွေမှာ မိခင် အကူအညီ ယူနိုင်ခဲ့ပေမဲ့ ဥပဒေ သင်တန်းတက်တဲ့အခါမှာတော့ သူငယ်ချင်းတွေနဲ့ မောင်နှမတွေရဲ့ အကူအညီကို ရယူခဲ့ရတယ်လို့ ပြောပါတယ်။

သူဟာ ၂၀၂၁ မှာ ရှေ့နေ စာမေးပွဲ ၀င်ဖြေခဲ့ပြီး အဲဒီနောက် ဥပဒေ အကျိုးဆောင် အဖြစ် စတင် အသက်မွေးခဲ့တာလို့ ဆိုပါတယ်။

အခုလို ရပ်တည်နိုင်တဲ့အတွက် မိဘတွေကို ကျေးဇူးတင်ကြောင်း၊ တန်းတူညီမျှရေး ယုံကြည်ချက်ရှိတဲ့ မိဘတွေက သားသမီး ၃ ယောက်စလုံးကို ညီတူညီမျှ စောင့်ရှောက်ပြီး ပုံမှန်ကျောင်းတွေမှာပဲ ပညာသင်ပေးတဲ့အတွက်လည်း ဂုဏ်ယူမဆုံး ဖြစ်ရတယ်၊ ဒါတွေက သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ယုံကြည်ချက် စွမ်းအားတွေ ပေးခဲ့တာပါလို့ သူက ပြောပါတယ်။

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, swaminathan

ဓာတ်ပုံ ပုံစာ, ကိုဗစ်ကာလတုန်းက အကြားအာရုံချို့တဲ့သူတွေကို ချန်လှပ်မထားဖို့ တိုက်ပွဲ၀င်ခဲ့တဲ့ ဆွာမိနသန် မိသားစု

အိန္ဒိယမှာ လူမှုအသိုင်းအ၀ိုင်းကြားက တရားသေ အယူအစွဲတွေနဲ့ တရားရုံးတွေမှာ လက်သင်္ကေတ စကားပြန် ခန့်ထားမှု မရှိတာတွေကြောင့် အကြားအာရုံ ချို့တဲ့တဲ့ ဥပဒေသမားဆိုတာ မတွေ့ရသလောက်ပဲလို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ တုန်းကတော့ ဒေလီမြို့မှာရှိတဲ့ တရားရုံးချုပ် က နားမကြားတဲ့ ရှေ့နေ ဆောင်ဒါမိနိ ပသေး ကို အမှုလိုက်ခွင့်ပြုခဲ့ပြီး သူလည်း မစ္စဆန်နီလိုပဲ လက်သင်္ကေတ ဘာသာပြန်တစ်ယောက်ကို ခေါ်ခဲ့ရပါတယ်။

စက်တင်ဘာမှာတော့ တခြား နားမကြားတဲ့ ရှေ့နေတစ်ယောက်က လက်သင်္ကေတ စကားပြန် နှစ်ယောက်ကို တစ်ယောက်ကို ရှေ့နေတွေအတွက်နဲ့ နောက်တစ်ယောက်ကို တရားသူကြီးတွေအတွက် ထားရှိဖို့ တောင်းဆိုခဲ့တာကြောင့် ဒေလီ တရားရုံးချုပ်က လက်သင်္ကတေစကားပြန်တွေ စတင်ခန့်ထားခဲ့ပါတယ်။

အခု တရားရုံးချုပ် အမိန့်ဟာ အကြားအာရုံချို့တဲ့ သူတွေအတွက် တရား ဥပဒေအောက်မှာ သာတူညီမျှ အခွင့်အရေးရှိတယ် ဆိုတာ ပြလိုက်တာပဲလို့ လက်သင်္ကေတစကားပြန် မစ္စတာ ချောင်ဒရီကပြောပါတယ်။

ဒါ့အပြင် လက်သင်္ကတေစကားပြန်တွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း လမ်းဖွင့်ပေးလိုက်တာပဲလို့ သူက ဆိုပါတယ်။ အခုအခါမှာ လိုင်စင်ရ စကားပြန် လေးငါးရာ ရှိပေမဲ့ အရည်အချင်းပြည့်စုံပြီး ကျင့်၀တ်လိုက်နာသူကတော့ လေးငါးဆယ်လောက်ပဲ ရှိတယ်လို့ သူက ဆိုပါတယ်။

မွေးရာပါ အကြားအာရုံချို့တဲ့သူ၊ ၁၉၉၉ တုန်းက အားကစားမှာ ဒုတိယ အမြင့်ဆုံး ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခံခဲ့ရသူ ကြက်တောင် အားကစားမယ်၊ လက်ရှိ IT ကုမ္ပဏီမှာ အလုပ်လုပ်နေသူ ရန်ဂျီနီ ရာမန်နူဂျမ် ကလည်း တရားရုံးချုပ်ရဲ့ လုပ်ဆောင်ချက်ကို ချီးမွမ်း ကြိုဆိုလိုက်ပြီး ဒါဟာ လူမှုအသိုင်းအ၀ိုင်းကြားက အတားအဆီးတွေကို ဖယ်ရှား ပေးလိုက်တာပဲလို့ ပြောပါတယ်။

ဒါ့အပြင် အခုတရားရုံး လုပ်ဆောင်ချက်ဟာ အကြားအာရုံချို့တဲ့သူတွေကို ထုတ်ဖော်ပြောဆိုဖို့ အခွင့်အရေးပေးခဲ့တာ ဖြစ်ပြီး တခြားအဖွဲ့အစည်းတွေကို နမူနာပြခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။