၂၀၂၂ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များ

၂၀၂၂ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို လူ့အခွင့်အရေး လှုပ်ရှားသူ တဦးနဲ့ အဖွဲ့အစည်း ၂ ရပ်တို့ကို ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။

ဘယ်လာရုစ်နိုင်ငံက လူ့အခွင့်အရေး ရှေ့နေ အယ်လီယာ့စ် ဘယ်လီယတ်စကီးနဲ့ အတူ ရုရှား လူ့အခွင့်အရေး အဖွဲ့တခု ဖြစ်တဲ့ Memorial ၊ ယူကရိန်း လူ့အခွင့်အရေး အဖွဲ့အစည်း Center for Civil Liberties တို့ကို ပူးတွဲ ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဘယ်လာရုစ်က လူ့အခွင့်အရေး လှုပ်ရှားသူ အယ်လီယာ့စ် ဘယ်လီယတ်စကီး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘယ်လာရုစ်က လူ့အခွင့်အရေး လှုပ်ရှားသူ အယ်လီယာ့စ် ဘယ်လီယတ်စကီး

ဒီနှစ် ဆုချီးမြှင့်ခံရသူတွေထဲက ဘယ်လာရုစ်က လူ့အခွင့်အရေး လှုပ်ရှားသူ အယ်လီယာ့စ် ဘယ်လီယတ်စကီး ဟာ အသက် ၆၀ ရှိပြီဖြစ်ကာ အဖမ်းခံထားရပြီး လောလောဆယ်မှာ သူ့ကို စွဲဆိုထားတဲ့ အမှုတွေကို ရင်ဆိုင်ဖို့ စောင့်နေရပါတယ်။

ဘယ်လီယတ်စကီးဟာ နွေဦးလို့ အဓိပ္ပါယ်ရတဲ့ Viasna လူ့အခွင့်အရေး စင်တာကို ၁၉၉၆ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ ဘယ်လာရုစ်ရဲ့ အာဏာရှင် ခေါင်းဆောင်ဖြစ်တဲ့ အလက်ဇန်းဒါး လူကာရှန်ကိုက သူ့ကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့ပြီးနောက်မှာ အဲဒီ လူ့အခွင့်အရေး အဖွဲ့ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ ဘဝ တလျှောက်လုံးမှာ သူ့တိုင်းပြည်အတွင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့သူ ဖြစ်တယ်လို့ နိုဘယ်ဆုချီးမြှင့်ရေး ကော်မတီက ပြောပါတယ်။ ၂၀၁၁ နဲ့ ၁၄ အကြားမှာ သူ့ကို အခွန်ရှောင်မှုတွေနဲ့ ပထမအကြိမ် ဖမ်းဆီးထောင်ချတာ ခံခဲ့ရပါတယ်။ ဘယ်လီယတ်စကီးကတော့ ဒီစွဲချက်တွေကို အမြဲတမ်း ငြင်းဆိုခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အတွင်းက အတိုက်အခံတွေနဲ့ လွတ်လပ်တဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေက မသမာမှုတွေ ရှိတယ်လို့ ပြောခဲ့ကြတဲ့ ဘယ်လာရုစ် ရွေးကောက်ပွဲမှာ လူကာရှန်ကို ဆက်လက် အာဏာစွဲကိုင်ထားစေတဲ့ ရလဒ်ထွက်လာခဲ့ပါတယ်။ ဒါကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့ပြီးနောက်မှာ ဘယ်လီယတ်စကီး ထပ်မံဖမ်းဆီး ခံခဲ့ရပါတယ်။

နော်ဝေးက နိုဘယ်ဆု ချီးမြှင့်ရေး ကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ဘဲရစ်ရီစ်အန်ဒါဆန် ကတော့ ဘယ်လီယတ်စကီးဟာ ဘယ်လာရုစ်မှာ လူ့အခွင့်အရေး အတွက် တလက်မမှ နောက်ဆုတ်မပေးဘဲ တိုက်ပွဲဝင်နေသူ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ယူကရိန်း လူ့အခွင့်အရေး အဖွဲ့ Center for Civil Liberties (CGS)

Ukrainian Center for Civil Liberties ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုလက်ဇန်းဒါး မက်ဗီချက်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, Ukrainian Center for Civil Liberties ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အိုလက်ဇန်းဒါး မက်ဗီချက်

နောက် နိုဘယ်ဆု ပူးတွဲ ချီးမြှင့်ခံရတဲ့ အဖွဲ့တခုကတော့ ယူကရိန်းက Ukrainian Center for Civil Liberties (CGS) လို့ခေါ်တဲ့ လူ့အခွင့်အရေး အဖွဲ့ဖြစ်ပါတယ်။

CGS အဖွဲ့ဟာ ယူကရိန်းက လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ အဖွဲ့အစည်းတရပ်လည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ အရင် ဆိုဗီယက် ပြည်ထောင်စုထဲက နိုင်ငံ ၉ ခုက လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေအကြား ကိယဗ်မြို့မှာ အခြေစိုက်တဲ့ နယ်စပ် ဖြတ်ကျော် ရင်းမြစ် ထောက်ပံ့ကူညီရေး ဌာနတခုကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အဖွဲ့က ယူကရိန်းကနေ ရုရှားက ဖဲ့ထုတ်သွားခဲ့တဲ့ ခရိုင်းမီးယား ဒေသအတွင်း နိုင်ငံရေး ဖိနှိပ်မှုတွေကိုလည်း စောင့်ကြည့်ခဲ့သလို ဒွန်ဘတ်စ်ဒေသအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း မှတ်တမ်းရယူ သိမ်းဆည်းတာတွေ လုပ်ထားကြပါတယ်။ နောက်ပြီး ကရင်မလင်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေကိုလည်း စီစဉ်ကျင်းပခဲ့ကြပါတယ်။

၂၀၂၂ ဖေဖော်ဝါရီ လမှာ ရုရှားက ယူကရိန်းကို စတင် ကျူးကျော်ခဲ့တဲ့ နောက်မှာ Center for Civil Liberties အဖွဲ့က ရုရှားတွေရဲ့ ယူကရိန်း ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို လိုက်လံ ဖော်ထုတ် မှတ်တမ်းတင်မှုတွေ လုပ်ခဲ့ပါတယ်။

ဖျက်သိမ်းခံလိုက်ရတဲ့ ရုရှားရဲ့ သက်တမ်းအရင့်ဆုံး လူ့အခွင့်အရေးအဖွဲ့ Memorial

လူ့အခွင့်အရေးအဖွဲ့ Memorial

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အပိတ်ခံရတဲ့ လူ့အခွင့်အရေးအဖွဲ့ Memorial
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု ပူးတွဲ ချီးမြှင့်ခံရတဲ့ နောက်တဖွဲ့ကတော့ ရုရှားက လူ့အခွင့်အရေး အဖွဲ့ Memorial ပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ဒီနှစ် အစောပိုင်းက ဖျက်သိမ်းခံခဲ့ရပါတယ်။

အဲဒီ Memorial အဖွဲ့ဟာ ဆိုဗီယက် ခေတ်အတွင်း အပြစ်မရှိဘဲ ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆို၊ အကျဉ်းချ၊ ကွပ်မျက် ခံခဲ့ရတဲ့ လူ သန်းပေါင်းများစွာကို အမြဲအမှတ်ရနေစေဖို့ အတွက် လှုပ်ရှားခဲ့ကြပါတယ်။

သူတို့ လှုပ်ရှားမှုတွေက ရုရှား အာဏာပိုင်တွေကို ကသိကအောက် ဖြစ်စေခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်အတွင်းမှာ ပထမအကြိမ် သတိပေး ခံခဲ့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ရုရှား အစိုးရက ပြည်ပ အထောက်အပံ့ ယူနေတယ်လို့ သတ်မှတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တွေရဲ့ နာမည်တွေ ပါတဲ့ ပြည်ပအားကိုး စာရင်းမှာပါ ထည့်သွင်း ခံခဲ့ရပါတယ်။ သူတို့ Memorial အဖွဲ့ ရဲ့ လူမှု ကွန်ရက်တွေအပေါ် တင်တဲ့ ပို့စ်တချို့ထဲမှာ ဥပဒေအရ ပြည်ပအားကိုး မဟုတ်ကြောင်း ဖော်ပြဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ ပိတ်သိမ်းခံရဖို့ အထိ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလ အတွင်းမှာ ရုရှား တရားရုံးချုပ်က Memorial အဖွဲ့ကို ၂၀၁၂ ပြည်ပအားကိုး ဥပဒေကို ချိုးဖောက်မှုနဲ့ အဖွဲကို ဒေသဆိုင်ရာ ရုံးခွဲတွေပါ မကျန် ပိတ်သိမ်းဖို့အတွက် အမိန့်ချမှတ်ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ရုံးတော်က ဖတ်ကြားနေစဉ်အတွင်း တရားရုံးထဲမှာ ရှိနေသူတွေဆီက ရှက်စရာ လုပ်ရပ်အဖြစ် ဟစ်ကြွေးခဲ့ကြပါတယ်။