နေပြည်တော်နဲ့ နီးတဲ့ ရှမ်း၊ကယားနယ်စပ် ပင်လောင်းအထိ ဖြစ်လာတဲ့ တိုက်ပွဲတွေ

ဓာတ်ပုံ ရင်းမြစ်, KNDF
ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ ကရင်နီအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အကြား ပင်လောင်းမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ပင်လောင်းမြို့နယ်အတွင်းက ဆောင်းပြောင်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပအိုဝ်းပြည်သူ့စစ်တို့ နေရာယူတပ်စွဲထားတဲ့ စခန်းတခုကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စပြီး တိုက်ခိုက်ရာကနေ တိုက်ပွဲတွေ စပြီး ဖြစ်လာတာပါ။
တိုက်ပွဲတွေကြောင့် ပင်လောင်းမြို့နယ်အတွင်းက တောင်စလုံး၊ မြောက်စလုံး၊ တောင်မဲသင်း၊ တောင်လုံးပျဥ် စတဲ့ကျေးရွာတွေ အပါအဝင် အနည်းဆုံး ရွာ ၆ ရွာက ပြည်သူ ၃,၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပင်လောင်းမြို့နယ်ဟာ နေပြည်တော်နဲ့ နီးတဲ့အတွက်” စစ်ကောင်စီဘက်က တပ် အင်အားတွေ ထပ်ဖြည့်နေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
KNDF တပ်ရင်း (၂၂) ဟာ ပင်လောင်းမြို့နယ်အတွင်း အခြေပြုလှုပ်ရှားတဲ့ တပ်ဖြစ်ကြောင်းလည်း KNDF က ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက စာထုတ် ကြေညာထားပါတယ်။
ပင်လောင်းဘက်က တိုက်ပွဲတွေမှာ ပူးပေါင်းတပ်တွေနဲ့အတူ KNDF က အဓိက ပါဝင်နေတာကြောင့် နီးစပ်နယ်မြေဖြစ်ပြီး KNDF လှုပ်ရှားနယ်မြေ နောက်ထပ် တနေရာ ဖြစ်တဲ့ ဖယ်ခုံဘက်ကို စစ်ကောင်စီဘက်က အမြောက်တွေနဲ့ ပစ်ခတ်နေပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက် ည ၇ နာရီခွဲလောက်မှာ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ တပ်ကနေ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ခေါင်းအိကျေးရွာအုပ်စု၊ ကျေးရွာတရွာက ဘုန်းကြီးကျောင်းထဲကို ကျရောက် ပေါက်ကွဲခဲ့လို့ ဘုန်းကြီးကျောင်းမှာ စာကျက်နေတဲ့ အသက် ၁၉ နှစ်အရွယ် ဆယ်တန်း ကျောင်းသား တယောက် နဲ့ အသက် ၁၅ နှစ်အရွယ် သူ့ရဲ့ ညီ ဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ ဖယ်ခုံ အခြေစိုက် KNDF တပ်ရင်း ၁၁ က ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ထား ပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညကလည်း ဖယ်ခုံမြို့နယ် ခေါင်းအိ ကျေးရွာ အုပ်စုထဲက ကျေးရွာ တရွာ ကို ဖယ်ခုံအခြေစိုက် စစ်ကောင်စီ တပ်ကပဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၈ နှစ် အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲဒီနေ့ညမှာပဲ ဖယ်ခုံအနောက်ဘက် ခြမ်းမှာရှိတဲ့ တခြား ကျေးရွာတရွာမှာ လက်နက်ကြီး ကျပြီး အရပ်သား ၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ KNDF တပ်ရင်း (၁၁) က ထုတ်ပြန် ထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေနေထိုင်ရာ နေရာတွေ၊ ဘုန်းကြီးကျောင်း တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့လည်း သူတို့က စွပ်စွဲပါတယ်။
ဒီအဖြစ်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီ အနေနဲ့ သီးခြားလွတ်လပ်စွာ အတည်မပြု နိုင်သေးသလို စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုချက်ကိုလည်း မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Google Maps
ပင်လောင်းရဲ့ ထူးခြားချက်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပင်လောင်းမြို့နယ်ဟာ ဟိုပုန်း၊ ဆီဆိုင်စတဲ့ မြို့နယ်တွေလိုပဲ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသထဲက မြို့နယ်တခုဖြစ်ပြီး စစ်တပ်အာဏာပိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နဲ့ သူ့ရဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ အားကောင်းကောင်းနဲ့ လှုပ်ရှားရာ မြို့နယ်လို့လည်း ဆိုကြပါတယ်။
ဒါပေမယ့် ဒီဒေသအတွင်းနေထိုင်သူအားလုံးဟာ ပအိုဝ်းလူမျိုးချည်းပဲ မဟုတ်ဘဲ “ကယန်းနွယ် လူမျိုးတွေ အများအပြားရှိကြတယ်” လို့ လူမျိုးများအရေးကို အထူးပြု လေ့လာတဲ့ သုတေသီတယောက်က ပြောပါတယ်။
“အရင် ဗမာပြည်ကွန်မြူနစ်ပါတီ အားကောင်းစဉ်ခေတ်က ဒီနယ်ကို ကယန်း ပြည်သစ်ပါတီ (KNLP) က တပ်တွေနဲ့အတူ ဝင်ရောက် ထိုးဖောက် နိုင်ခဲ့ကြတယ်” လို့လည်း သူက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ KNDF နဲ့ ၁၉၉၀ အလယ်ပိုင်းနှစ်တွေကတည်းက စစ်ကောင်စီတပ်နဲ့ အပစ်အခတ် ရပ်စဲ ထားတဲ့ KNLP တို့အကြား ဘယ်လို ညှိနှိုင်းမှု၊ ဆက်ဆံမှု ရှိကြသလဲ ဆိုတာကတော့ မသိရ သေးပါဘူး။
ပင်လောင်းကနေတဆင့် မြန်မာပြည်အလယ်ပိုင်း “နေပြည်တော်ဘက်ကို ဆင်းချ လာလို့ ရတယ်” လို့လည်း သုံးသပ်သူတွေက ပြောပါတယ်။
ကရင်နီ ပြည်နယ်ထဲက တိုက်ပွဲတွေကနေ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ပင်လောင်း အထိ လက်နက်ကိုင် လှုပ်ရှားမှု ပျံ့နှံ့လာတာ တွေကနေ ရှုပ်ထွေးမှုတွေလည်း ဖြစ်လာနိုင်တယ်လို့ မြန်မာ့ နိုင်ငံရေး စောင့်ကြည့် လေ့လာသူတယောက်က သတိပေးပါတယ်။
“အစုအဖွဲ့တွေက တဖြည်းဖြည်းများလာတာကို တွေ့ရတယ်။ များလာတဲ့ အစုအဖွဲ့တွေ ကြားမှာ ကိုယ့်အကျိုးအမြတ်ဆိုင်ရာ စဉ်းစားမှုတွေ၊ ဦးတည်ချက် ဆိုင်ရာ စဉ်းစားမှုတွေ (အတွက်) ရုန်းကန်လှုပ်ရှားနေကြတဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒီအဖွဲ့တွေ အချင်းချင်းကြားမှာ နားလည်မှုတွေ၊ ပြောဆိုဆက်ဆံမှုတွေ ရှိမနေ ဘူးဆိုရင် ပဋိပက္ခက ပိုရှုပ်ထွေးလာနိုင်တယ်။”








