ကျောက်ကပ်လှူချင်ပါတယ်နဲ့ ဘဝ အလဲအထပ်များ

no tag

 ရန်ကုန်မြို့ က အသက် ၂၉ နှစ် အရွယ် ကလေးမိခင်တစ်ဦးက သူ့ရဲ့ကျောက်ကပ်ကို ထုတ်ပြီးလှူမယ်လို့ လှုမူကွန်ရက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေးခဲ့ပါတယ်။

အခုလို ကျောက်ကပ်ထုတ်ပြီး လှူရင်ငွေကြေးတချို့ပြန်ရနိုင်ပြီး သူပေးဖို့ရှိနေတဲ့ အကြွးတွေကို ပြန်ဆပ်နိုင်မယ်လို့ ယူဆကြောင်း သူက ဘီဘီစီကိုပြောပြပါတယ်။

သူကစက်ချုပ်တဲ့ အမျိုးသမီးတစ်ဦးလို့ဆိုပါတယ်။သူရဲ့ လုပ်အားခတွေဟာ ကားခနဲ့ စားစရိတ်အတွက်သာကုန်နေတာများပြီး အိမ်ငှားခအပါအဝင် ကလေးစားရိတ်ကြောင့် အကြွေးတွေများသထက်များလာနေတယ်လို့ ဆိုပါတယ်။ အကြွေးကို ဆပ်ချင်တာကြောင့် အခုလိုကျောက်ကပ်ထုတ်ပြီး လှူဖို့ဆုံးဖြတ်တာလို့ သူကပြောပါတယ်။

“အခုလိုလှူလိုက်ရင် ၁၀ သိန်းရရ ၁၅ သိန်းပြန်ရရ အကြွေးလေးကျေရင် ဆက်ပြီး ကျွန်မလုပ်တတ်ကိုင်တတ်တယ် အကြွေးကရှိနေတော့ ကိုယ့်ဘယ်တော့ ဖမ်းမလဲ ရုံးတိုင်မလဲ စိတ်က တထင့်ထင့်ဖြစ်နေရတယ်”လို့ သူကပြောပါတယ်။

အခုရက်ပိုင်း ကျောက်ကပ်လှူချင်ပါတယ်ဆိုတဲ့ ရေးသားမှုတွေ လူမှုကွန်ရက်မှာတွေ့ရပြီး အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းပိုင်းအတွင်း အနည်းဆုံး အယောက် ၂၀ ဝန်းကျင်ခန့် တွေ့ရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, cJ

ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက်မှာတွေ့ရတဲ့ ပြီးခဲတဲ့ အောက်တိုဘာလက ကျောက်ကပ် ရောင်းမယ် လှူမယ် ဆိုတဲ့ ပိုစ်တစ်ခု

ကျောက်ကပ်လှူရင် ဘယ်လောက်ရတယ်ဆိုတော့ မသိပေမဲ့ လှူတဲ့သူက သူ့ရဲ့ငွေကြေးအခက်အခဲကို ကူညီရင်သူက ကျေနပ်ပြီလို့ ကျောက်ကပ်လှူမယ့်အမျိုးသမီးက ဆိုပါတယ်။

ဘီဘီစီနဲ့ ပြောခွင့်ရခဲ့တဲ့ အဲဒီကျောက်ကပ်လှူမယ့် အမျိုးသမီးမှာက ၃ နှစ်အရွယ်သမီးလေးရှိပြီး အိမ်ထောင်ကွဲဘဝနဲ့ သမီးလေးကို စောင့်ရှောက်ကျွေးမွေးနေသူတစ်ဦးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်ကပ်အလှူခံတဲ့ သူအချို့ကလည်း ကျောက်ကပ်လှူတဲ့သူတွေကို ငွေကြေးပမာဏတစ်ခုပြန်ကူညီပေးပြီး အပြန်အလှန်သဘောတူညီမှုလုပ်ကြတယ်လို့ ဆိုပါတယ်။

“ကျွန်မအမေ မသေခင်က အကြွေးက ဆယ်သိန်းလောက်တင်ပြီး အခုကအတိုးတွေ ထပ်တက်လာတာကြောင့် သူမှာ့ အကြွေး ၁၅ သိန်းလောက်တင်နေတယ် “လို့သူကရှင်းပြပါတယ်။

ကျောက်ကပ်လှူပြီးရင် လူကောင်းလို အလုပ်လုပ်နိုင်မှာမဟုတ်တော့ဘူးဆိုတာ သိထားတယ်လို့ သူကပြောပါတယ်။

ကိုယ်ပိုင် အပ်ချုပ်စက်ကလေးတစ်လုံးလောက် ဝယ်နိုင်ပြီးရင်တော့ ကိုယ်ပိုင်အလုပ်လုပ်နိုင်ပြီး သားအမိ နှစ်ယောက်လုပ်ကိုင်စားဖို့ ကြံထားတယ်လို့ သူရှင်းပြတယ်။

ကုန်မြို့လယ်၂၀၂၂ ခုနှစ် စက်တင်ဘာလ

ဓာတ်ပုံ ရင်းမြစ်, SHWEINNTHAR

ဓာတ်ပုံ ပုံစာ, ကုန်မြို့လယ်၂၀၂၂ ခုနှစ် စက်တင်ဘာလ

သူ့လိုပဲ စီးပွားရေး ကျပ်တည်းတာကြောင့် ခန္ဓာကိုယ်တွင်းက ကျောက်ကပ်နဲ့ အစိတ်အပိုင်းအချို့ကို လှူဒါန်းပြီး စေတနာကြေးအဖြစ် ငွေကြေးပေးအပ်ဖို့ လိုလားတဲ့အကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားကြတာတွေ တွေ့နေကြရပါတယ်။

 ကိုယ့်ရဲ့သွေးအမျိုးအစားက ဘာအမျိုးအစား၊ အသက်အရွယ်က ဘယ်လောက် ရှိပါတယ်၊ ကျောက်ကပ် လှူချင်ပါတယ်၊ ရောင်းချင်ပါတယ်ဆိုတဲ့ ရေးသားမှုတွေဟာ လူမှုကွန်ရက် ဖေ့ဘွတ်ခ် စာမျက်နှာတွေမှာ တော်တော်များများ တွေ့လာရပါတယ်။

အဓိကကတော့ ငွေကြေးခက်ခဲလွန်းတာ၊ အကြွေးတွေဆပ်ချင်တာ၊ မိသားစုကို ထောက်ပံ့ချင်လို့ ဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ အသက်အရွယ် ၁၈ နှစ်ကနေ ၅၀ ဝန်းကျင်အထိ အမျိုးသမီး၊ အမျိုးသားတွေ က ကျောက်ကပ်ကိုပြည်တွင်းက လိုအပ်နေသူတွေဆီ လှူဒါန်း၊ ရောင်းချမယ်ဆိုပြီး ရေးသားထားကြတာပါ။

ကိုဗစ်ကာလကျပ်တည်းမှုကနေ စစ်အာဏာသိမ်းခံရပြီး နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်ကိုင် ရှားပါးလာတာ၊ ကုန်ဈေးနှုန်းတွေကြီးမြင့်လာတာ၊ စီးပွားရေးတွေ ကျပ်တည်းလာတာတွေက ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရောင်းချဖို့အထိ ဖြစ်စေခဲ့တာလို့ ကျောက်ကပ်လှူဒါန်းဖို့ ကြိုးစားနေသူတွေက ပြော ပါတယ်။

 စစ်အာဏာသိမ်းပြီး အလုပ်ကိုင် ရှားပါးလာတာ၊ ကုန်ဈေးနှုန်းတွေကြီးမြင့်လာတာတွေဆက်တိုက်ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, SHWEINNTHAR

ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းပြီး အလုပ်ကိုင် ရှားပါးလာတာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာတွေ ဆက်တိုက်ဖြစ်လာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 ကျောက်ကပ်လှူထားသူတစ်ယောက်က ကျောက်ကပ်တစ်လုံးနဲ့ သက်တမ်းစေ့အောင် နေလို့ရတယ်ဆိုပေမဲ့ သာမာန်လူထက် သူ့ရဲ့ကျန်းမာရေးကို သေချာဂရုစိုက်ရတဲ့အကြောင်း၊ လက်ရှိကာလမှာလည်း ဆီးချို၊ သွေးတိုးရောဂါရှိသူတွေက ကျောက်ကပ်ထိခိုက်တာများတဲ့အတွက် ကျောက်ကပ်လဲဖို့ လိုအပ်တဲ့သူတွေလည်း များလာတဲ့အကြောင်း၊ ဒ့ါကြောင့် ကျောက်ကပ်လိုအပ်သူနဲ့ လှူဒါန်းချင်သူတွေ အချင်းချင်း ချိတ်ဆက်နေတာ ဖြစ်နိုင်တယ်လို့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ထုတ်လိုက်ဖို့အထိ မစဉ်းစားစေချင်ဘူးလို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ ဆရာဝန်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

အခုလို ကျောက်ကပ်လှူဒါန်းသူတွေအတွက် အနည်းဆုံးငွေကျပ် သိန်း ၅၀ ပမာဏကို ရရှိကြတယ်လို့လည်း သိရပါတယ်။

 လိုအပ်သူနဲ့ လှူဒါန်းလိုသူကြား ငွေကြေးပမာဏတစ်ခုအပေါ် သဘောတူညီချက်ရရှိတဲ့အခါ အခက်အခဲမရှိ ကူညီနိုင်တယ်လို့ လှူဒါန်းသူတွေဆီက သိရပါတယ်။

 မြန်မာနိုင်ငံမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ရောင်းချတာ၊ ဝယ်ယူတာ၊ လွှဲပြောင်းတာဟာ တရားဥပဒေအရ ခွင့်ပြုထားတာမရှိဘဲ အရေးယူခံရမှာဖြစ်တယ်လို့ ကိုယ်အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားတာပါ။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အခြားသူတစ်ယောက်ကရဲ့ ခန္ဓာကိုယ်မှာအစားထိုး အသုံးပြုနိုင်ဖို့ ဆန္ဒ အလျောက် အခမဲ့ခွင့်ပြုလှူဒါန်းခွင့်ပြုထားပေမယ့် ဥပဒေအရဖွဲ့စည်းထားတဲ့ ကြီးကြပ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လဲလှယ်ခွင့်၊ လှူဒါန်းခွင့်တွေကို ခွင့်ပြုပေးတာဖြစ်ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, SHWEINNTHAR

အခုကျောက်ကပ်လှူမယ့် အမျိုးသမီးက သူ့ရဲ့ကျောက်ကပ်ကို လှူမယ့်ဆိုပေမယ့် သူရဲ့ငွေကြေး အခက်အခဲကို ပြန်ပြီးကူမယ့်သူကိုသာ လှူဒါန်းမယ့်သဘောဖြစ်ပါတယ်။

ဒီလိုလုပ်ဖို့ မဆုံးဖြတ်ခင် အခြားနည်းတွေစဥ်းစားခဲ့ပြီး ဘယ်နည်းလမ်းကမှ အဆင်မပြေလို အခုလိုလုပ်ရတာလို့ သူက ပြောပါတယ်။

သူရဲ့ လက်ရှိအလုပ်က ယုဇနပလာဇာမှာ စက်ချုပ်တဲ့အလုပ်လုပ်ပြီး လစာတစ်လ တစ်သိန်း ခြောက်သောင်းရတယ်လို့ ပြောပါတယ်။

 “ကိုဗစ်ကာလမှ စပြီး ကျပ်တည်းလာတာပါ စစ်အာဏာသိမ်းပြီးတော့ ပိုဆိုးလာတယ်၊ စျေးတွေကလည်းအကုန်တက်ဆိုတော့ ဘာမှ မလုပ်တတ်တော့ဘူး တခါမှ အခုလို ဒုက္ခမရောက်ဖူးဘူး” လို့ သူကရှင်းပြပါတယ်။

ကျွန်မကတော့ ကလေးအတွက်တွေးပြီး အခုလိုကိုယ်ခန္ဓာကိုယ်အစိတ်အပိုင်းကို အခုလိုလုပ်ရတာလို့သူက ပြောပါတယ်။

 ဒီကနေ့အထိတော့ သူ့ရဲ့ အခက်အခဲကို ကူပြီး ကျောက်ကပ်အလှူခံလာမယ့် သူ့ကို သူက မျှော်လင့်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။