အေရွန် တေလာ ဂျွန်ဆင် - ဂျိမ်းစ်ဘွန်းမင်းသားသစ် ဖြစ်လာမလား ခန့်မှန်း

Aaron Taylor-Johnson

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝဝ၇ ဂျိမ်းစ်ဘွန်းမင်းသားသစ် နေရာမှာ လတ်တလော တစ်ပြေးနေတဲ့ အေရွန် တေလာဂျွန်ဆင်

ဗြိတိသျှမင်းသား အေရွန် တေလာဂျွန်ဆင် ဂျိမ်းစ်ဘွန်းမင်းသားသစ် နေရာကို လက်ခံလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ဂျိမ်းစ်ဘွန်းအသစ် ဘယ်သူဖြစ်လာမလဲ မှန်းဆချက်တွေ ပေါ်ထွက်လာပြန်ပါတယ်။

ဒန်နီရယ် ခရိတ် သရုပ်ဆောင်ခဲ့တဲ့ ၀၀၇ သူလျှိုဇာတ်ကောင်နေရာကို Kick-Ass နဲ့ မာဗယ် ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့သူကို တရားဝင် ကမ်းလှမ်းလိုက်ပြီလို့ ဆန်းသတင်းစာက ရေးသားပါတယ်။

ဒန်နီရယ် ခရိတ် ၁၆ နှစ်အတွင်း ဂျိမ်းစ်ဘွန်းကား ငါးကားမှာ သရုပ်ဆောင်ခဲ့ပြီး ၂၀၂၁ က နားသွားခဲ့ပါတယ်။

နောက်လာမယ့် ဂျိမ်းစ်ဘွန်းကားသစ်ကတော့ No Time to Die နောက် ၂၆ ကားမြောက် ဖြစ်ပါတယ်။

ဘီဘီစီက တေလာဂျွန်ဆင်ကို ဆက်သွယ်ခဲ့ပါတယ်။ ဂျိမ်းစ်ဘွန်းကားတွေ ရိုက်တဲ့ Eon ထုတ်လုပ်ရေးကတော့ ဒီမှန်းဆချက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးဘူးလို့ ပြောပါတယ်။ ဒီကောလာဟလတွေက မမှန်ဘူးလို့လည်း ရုပ်ရှင်ကုမ္ပဏီထဲက အတွင်းလူက ဘီဘီစီကို ပြောပါတယ်။

လူတွေက သူ့ကို ဘွန်းဇာတ်ကောင်နေရာမှာ မြင်ကြည့်ကြလို့ ဝမ်းသာကြောင်း တေလာဂျွန်ဆင်က Numero မဂ္ဂဇင်းကို မကြာခင်က ပြောကြားခဲ့ပါတယ်။

နောက်ထပ် ဘွန်းမင်းသားအသစ် ဖြစ်လာမလား ဆိုတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာတော့ ချီးကျူးဂုဏ်ပြုမှုလို့ မြင်ပါကြောင်း ပြောပါတယ်။

James Bond

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၅ မှာ ဆဋ္ဌမ ဂျိမ်းစ်ဘွန်းဖြစ်လာခဲ့ပြီး ၂၀၂၁ ထိ ပါဝင်ခဲ့တဲ့ ဒန်နီရယ် ခရိတ်

၂၀၀၉ တုန်းက Nowhere Boy ဇာတ်ကားမှာ ဂျွန်လင်နွန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကို ဂျိမ်းစ်ဘွန်းနေရာက သရုပ်ဆောင်မယ်ဆိုပြီး ရေပန်းစား ပြောဆိုနေကြပါတယ်။

၂၀၁၇ က Nocturnal Animals သည်းထိတ်ရင်ဖိုဇာတ်ကားမှာလည်း သူ သရုပ်ဆောင်ခဲ့လို့ ရွှေကမ္ဘာလုံးဆုရခဲ့ပါတယ်။ အန်နာကရင်နီနာနဲ့ ဂေါ်ဇီလာကားတွေမှာလည်း သူသရုပ်ဆောင်ခဲ့ပါတယ်။

ဂျိမ်းစ်ဘွန်းနေရာမှာ ဘယ်သူဖြစ်လာနိုင်သေးလဲ

Henry Cavill

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Man Of Steel နဲ့ Batman Vs Superman ကားတွေမှာ စူပါမန်း အဖြစ် ပါဝင်ခဲ့တဲ့ ဟင်နရီ ကဗီးလ်

လိုက်မီဖို့ ခက်တယ်လို့ မြင်ကြတဲ့ ဒန်နီရယ် ခရိတ်နေရာကို ဝင်မယ့် မင်းသားသစ် ဘယ်သူဖြစ်လာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ထင်ကြေးပေးတာတွေ များခဲ့ကြပါတယ်။

ဒန်နီရယ် ခရိတ် ထွက်သွားပြီးနောက် ဘွန်းမင်းသားသစ်ဟာ ကော်ဇောနီပေါ်မှာ ကြွကြွရွရွလေး ဝတ်စားပြီး နာရီအကောင်းစားပတ်တဲ့ မင်းသားပုံစံ ဖြစ်မှာ မဟုတ်ဘူးဆိုပြီး ဂျိမ်းစ်ဘွန်းပရိသတ်တယောက်ရဲ့ အမှတ်တရများ စာအုပ်ရေးတဲ့ မာ့က် အိုကောနဲလ်က ဘီဘီစီကို ပြောပါတယ်။

ဒီမင်းသားသစ်ဟာ ရုပ်ရှင်ကြယ်ပွင့်၊ မီဒီယာ သံတမန်နဲ့ ဗြိတိသျှ ယဉ်ကျေးမှုရဲ့ သားကောင်းတယောက် ဖြစ်ရမှာပါ ဆိုပြီး သူက ပြောပါတယ်။ သူ့ကို တကမ္ဘာလုံးက ဂျိမ်းစ်ဘွန်းလို့ ချက်ချင်း တန်းသိရမှာပါ၊

ကြည့်ကောင်းရမယ်၊ ဘောလုံးကွင်းလောက် အရွယ် ရှိတဲ့ ရုပ်ရှင်ပိတ်ကားတွေကို လွှမ်းမိုးထားနိုင်ရမယ် လို့လည်း ဆိုပါတယ်။

'တအား စိတ်လှုပ်ရှားတယ် '

ဒီနေရာမှာ ဝင်လာမယ်လို့ လတ်တလော လူကြိုက်များ ခန့်မှန်းနေကြတဲ့အထဲ Super Man နဲ့ Mission: Impossible မင်းသား ဟင်နရီကဗီးလ်လည်း ပါပါတယ်။ သူ ဂျိမ်းစ်ဘွန်းဖြစ်ဖို့ ဒန်နီရယ် ခရိတ် မတိုင်ခင်ကတည်းက ခန့်မှန်းခဲ့ကြတာပါ။

ဂျိမ်းစ်ဘွန်းနေရာမှာ သရုပ်ဆောင်ချင်တယ်၊ ဒါဆိုရင် တအား တအား စိတ်လှုပ်ရှားမိမှာပဲ ဆိုပြီး GQ မဂ္ဂဇင်းကို ၂၀၂၀ က သူပြောခဲ့ဖူးပါတယ်။

ဘွန်းမင်းသားလောင်း ပြိုင်ပွဲစာရင်းမှာ အငယ်ဆုံးက ပါလာသူ တယောက်ကတော့ ၃၂ နှစ်အရွယ် ဒမ်ဆန် အီးဒရက်စ် ဖြစ်ပါတယ်။

အမေရိကန် မှုခင်းရုပ်သံဇာတ်လမ်း Snowfall နဲ့ သူ့ကို လူသိအများဆုံး ဖြစ်ပြီး ၂၀၁၇ ကနေ ၂၀၂၃ ကြား အတွဲ ခြောက်တွဲ ပြခဲ့တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ Netflix သိပ္ပံ ဇာတ်ကား Outside the Wire မှာလည်း သူ မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။

Damson Idris

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Snowfall မှုခင်းဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ ဒမ်ဆန် အီးဒရက်စ်

၂၀၁၉ တုန်းက Little Women ဇာတ်ကားမှာ ပါခဲ့တဲ့ ဂျိမ်းစ်နော်တန်ကိုလည်း ဘွန်းမင်းသားသစ်အဖြစ် ထင်ကြေးပေးသူတွေ ရှိပါတယ်။

McMafia နဲ့ Happy Valley အပါအဝင် တီဗီဇာတ်လမ်းတွဲ အတော်များများမှာ ၃၈ နှစ်အရွယ် နော်တန် သရုပ်ဆောင်ခဲ့ပါတယ်။

သူ နောက်ထပ် ဘွန်းမင်းသား ဖြစ်လာနိုင်တယ်ဆိုတဲ့ မှန်းဆချက်တွေကို ၂၀၁၈ က နော်တန် ပယ်ချခဲ့ပါတယ်။ ခန့်မှန်းတာတွေ အများကြီး ရှိပေမဲ့ ဒါက မှန်းဆချက်ပဲ ဖြစ်ပါတယ်။ တအားကို ချီးကျူ အားပေးတဲ့ မှန်းဆချက်ပါလို့ Evening Standard သတင်းစာကို သူပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ခြောက်နှစ်အတွင်း ပြောင်းသွားနိုင်တာတွေ အများကြီး ရှိပါတယ်။

James Norton

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘီဘီစီရဲ့ စစ်နဲ့ ငြိမ်းချမ်းရေး ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့တဲ့ ဂျိမ်းစ်နော်တန်

အီးဒရစ် အယ်လ်ဘာနဲ့ ခရစ္စ အဗန်းစ် တို့လည်း ဒီလို တစ်ပေးခံရတဲ့ စာရင်းမှာ ပါပါတယ်။

၅၁ နှစ်အရွယ် အယ်လ်ဘာကတော့ ဒီနေရာမှာ ရိုက်ဖို့ သူအသက်ကြီးနေလိမ့်မယ်လို့ ဝန်ခံပါတယ်။ ဒန်ရီရယ် ခရိတ်လို နောက် ၁၅ နှစ် ဂျိမ်းစ်ဘွန်းအဖြစ် ဆက်ရိုက်နေရင် သူ ၆၆ နှစ် ဖြစ်သွားမယ်လို့ ပြောပါတယ်။

Idris Elba

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Wire ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးပြီးနောက် ဂျိမ်းစ်ဘွန်းဖြစ်လာမယ်လို့ တစ်ပေးခံခဲ့ရတဲ့ အီးဒရစ် အယ်လ်ဘာ

ဂျိမ်းစ်ဘွန်းနေရာအတွက် ရုပ်ရှင်ကုမ္ပဏီတွေက နာမည်အကြီးဆုံးတွေကိုပဲ ရွေးလေ့မရှိပါဘူး။ ၂၀၀၂ မှာ ပီးယားစ် ဘရွန်ဆနန်ရဲ့ နောက်ဆုံး ဂျိမ်းစ်ဘွန်းကား ရိုက်ပြီးနောက်နှစ်မှာလည်း ဒန်နီရယ်ခရိတ်နာမည်က ရှေ့ကနေ မပြေးခဲ့ပါဘူး။

အော်စကာဆုရတဲ့ ခီလီယန် မာဖီ ဂျိမ်းစ်ဘွန်းမင်းသား အကောင်းစား ဖြစ်လာနိုင်တယ်လို့လည်း ဘရွန်ဆန်က ဘီဘီစီကို မကြာခင်ကပဲ ပြောခဲ့ပါတယ်။

ဘရွန်ဆနန်ရော မာဖီပါ အိုင်းရစ်မင်းသားတွေ ဖြစ်ကြပါတယ်။

ဘရစ်ဂျစ်တန် ဇာတ်လမ်းတွဲက ကြည့်ကောင်းတဲ့ မင်းသား ရက်ဂေယန်းပေ့ချ်လည်း ဘွန်းမင်းသား ကောင်းကောင်း ဖြစ်လာနိုင်တယ်လို့ ဘရွန်ဆနန်က ပြောပါတယ်။

Regé-Jean Page

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘရစ်ဂျစ်တန် ဇာတ်လမ်းတွဲက ကြည့်ကောင်းတဲ့ မင်းသား ရက်ဂေယန်းပေ့ချ်