နိုဝင်ဘာ ၂၁ ရက် ထိပ်တန်းသတင်းများ - အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်သစ် မြန်မာကို လာရောက်

ဓာတ်ပုံ ရင်းမြစ်, MEAIndia
ပြီးခဲ့တဲ့လပိုင်းတွေကမှ အသစ်ခန့်အပ်ခံရတဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် Vinay Mohan Kwatra ဟာ အတွင်း မြန်မာပြည်ကို သွားရောက်ခဲ့တယ်လို့ အိန္ဒိယဘက်က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက် ခရီးစဥ်အတွင်း နှစ်နိုင်ငံ နယ်စပ်စီမံရေး၊ လုံခြုံရေးနဲ့ ဆက်လုပ်နေဆဲ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းတွေ၊ နောက် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအတွက် အိန္ဒိယနိုင်ငံက ထောက်ပံ့မှု ကိစ္စတွေကို အတွင်းဝန်ရဲ့ ခရီးစဥ်အတွင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နောက် စစ်ကောင်စီ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နဲ့တွေ့ဆုံခဲ့တာကို တွေ့ရပါတယ်။
မြန်မာပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Harsh Vardhan Shringla ဟာ အိန္ဒိယထိပ်တန်းသံတမန်တစ်ဦးကအနေနဲ့ မြန်မာပြည်တွင်းကို လာရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးအတွင်း Vinay Mohan Kwatra ကတော့ အခုနှစ် မေလမှ တာဝန်စတင်ထမ်းဆောင်သူဖြစ်ပြီး သူ့ခရီးစဥ်ဟာ စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံကို အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်ရာထူးရှိသူတစ်ယောက်ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဥ်ဖြစ်လာပါတယ်။
သာကေတမှာ ကုန်စုံဆိုင် လုယက်မှုအတွင်း အမျိုးသမီး တစ်ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, သာကေတသတင်း
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄/ တောင်ရပ်ကွက်၊ အောင်မေတ္တာလမ်းထဲက ကုန်စုံဆိုင်တစ်ဆိုင်ကို အမည်မသိအမျိုးသားတွေက ဒီနေ့ နိုဝင်ဘာလ ၂၁ ရက်မနက်ပိုင်းတုန်းက ဝင်ရောက်လုယက်မှုမှာ ဆိုင်ရှင် အမျိုးသမီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ အသက် ၆၀ အရွယ်ဝန်းကျင် အမျိုးသမီးဖြစ်ပြီး လုယက်ခံရချိန်ရရှိတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။
‘‘ကျွန်တော်တို့ကို အကူအညီတောင်းတော့ သွားတဲ့အချိန်မှာ ဒဏ်ရာကတော်တော်များတယ်။ သွေးထွက်နည်းအောင် လုပ်ပေးပြီး ဆေးရုံပို့ချိန်မှာ ဆေးရုံရောက်အပြီး နာရီဝက်လောက်မှာ ဆုံးသွားတာ’’ လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ သူနဲ့ နောက်ထပ် အိမ်သား ၂ ဦးရှိနေချိန် အမည်မသိအမျိုးသား ၃ ဦးက ကုန်စုံဆိုင်ဖွင့်ထားတဲ့နေအိမ်ထဲ ဝင်ရောက်ပြီး လက်ဝတ်လက်စားအချို့နဲ့ ငွေအချို့ကို လုယက်ချိန်မှာ တိုက်ခိုက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာတော့ သေဆုံးသူ နာရေးပြုလုပ်ဖို့ ပြင်ဆင်နေပြီလို့ အနီးနားနေထိုင်သူတွေက ဘီဘီစီကို ပြောထားပါတယ်။
ငွေသားသန်းချီထုတ်ယူတဲ့ ရွှေလုပ်ငန်းရှင်အချို့ကို စစ်ဆေးဖို့ရှိနေ

ဓာတ်ပုံ ရင်းမြစ်, GLMN
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်မြို့က ရွှေစျေးကွက်ရှိရာ ရွှေဘုံသာလမ်းမှာရှိတဲ့ ပုဂ္ဂလိကဘဏ်ခွဲအချို့ကနေ ငွေသား သန်းချီ ထုတ်ယူခဲ့တဲ့ ရွှေလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီဘက်က စစ်ဆေးဖို့ရှိနေတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းဘက်ကနေ သိရပါတယ်။
ရန်ကုန်ရွှေလုပ်ငန်းရှင် ၇ ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဘဏ်တွေကနေ ငွေကျပ် သန်း ၄၉၀ နီးပါး ထုတ်ယူခဲ့တာကြောင့် စစ်ဆေးဖို့ စစ်ကောင်စီရဲ့ ရွှေစျေးကွက်စောင့်ကြည့် ထိန်းသိမ်းကြပ်မတ်ရေးဆပ်ကော်မတီက ရန်ကုန်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးကို ညွှန်ကြားခဲ့တဲ့စာတစ်စောင်ကို ဆိုရှယ်မီဒီယာမှာ ထွက်ပေါ်လာပါတယ်။
အဲဒီညွှန်ကြားစာအရ အခုစစ်ဆေးမှုတွေလည်း ဖြစ်လာတာကို ရန်ကုန်ရွှေလုပ်ငန်းရှင်တွေ ဘက်က ဘီဘီစီကို အတည်ပြုပြောဆိုတာဖြစ်ပါတယ်။
‘‘ဒီလူတစ်ယောက်က ၃ ရက်အတွင်းမှာ သိန်းကို သောင်းနဲ့ချီပြီး ထုတ်တာဆိုတော့ အဲဒီမှာ သတိထားမိတာ။ ဒီလူတွေက ပုံမှန်လည်း လုပ်ငန်းလုပ်သူတွေပါပဲ။ ပုံမှန်ဆို သူတို့က ငွေအလွှဲအပြောင်းကို ခွင့်ပြုတယ်။ အခုက ငွေသားတွေထုတ်သွားလို့။ ဘဏ်တွေကလည်း ငွေထုတ် သိန်းတစ်ထောင်ကျော်ရင် ဗဟိုဘဏ်ကို တင်ပြရတာရှိတယ်လေ။ အဲဒါကြောင့် အာရုံစိုက်ခံရတာဖြစ်မယ်’’လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ ဒီစစ်ဆေးမှုဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးတစ်စိတ်တစ်ပိုင်းဖြစ်ပြီး မြန်မာကို နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့(FATF) က နာမည်မည်းစာရင်း သတ်မှတ်ခံရတာကြောင့် ဒီအခြေအနေကို တိုက်ဖျက်ဖို့ လုပ်ဆောင်တဲ့ အားထုတ်မှု တစ်ရပ်လို့လည်း ရန်ကုန်ရွှေအသင်းဘက်က ယူဆပါတယ်။
လက်ရှိမှာ မြန်မာပြည်တွင်းက ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ ကိစ္စရပ်တွေမှာ ဘဏ်လုပ်ငန်းပိုင်းမှာသာ ပွင့်လင်းမြင်သာမှုရှိရှိ လည်ပတ်နေတာဖြစ်ပြီး ရွှေ၊ အိမ်ခြံမြေ၊ ရတနာ၊ သတ္တုလုပ်ငန်းတွေရဲ့ ငွေကြေးလွှဲပြောင်းမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့လိုအပ်နေတယ်လို့ စျေးကွက်အကဲခတ်တွေက ပြောဆိုနေကြပါတယ်။
မြန်မာအိမ်အကူသေဆုံးမှုမှာ ကျူးလွန်သူရဲ့မိခင်လည်း အပြစ်ရှိကြောင်း စင်ကာပူတရားရုံးဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, ကမ်းလက် ရွှေ့ပြောင်းလုပ်သားကူညီရေးအဖွဲ့
မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးသေဆုံးတဲ့အထိ ရိုက်နှက် နှိပ်စက်ခဲ့တာကြောင့် ထောင်ဒဏ်ချမှတ်ခံရသူ အိမ်ရှင်အမျိုးသမီးရဲ့ မိခင်ကိုလည်း အိမ်အကူသေဆုံးမှုမှာ အပြစ်ရှိတဲ့အကြောင်း စင်ကာပူ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် ချင်းအမျိုးသမီး မပြန်ငိုက်ဒွန်ဟာ စင်ကာပူမှာ အိမ်အကူအဖြစ်အလုပ်လုပ်ကိုင်နေတုန်း ၁၄ လနီးပါးကြာ နှိပ်စက်ခံရပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှာ ဦးနှောက်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။
အိမ်ရှင်အမျိုးသမီးဟာ မပြန်ငိုက်ဒွန်ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခံထားရပါတယ်။
အခုတော့ အိမ်ရှင်ရဲ့မိခင် ပရီမာဆိုသူ အမျိုးသမီးကလည်း သူဟာ မပြန်ငိုက်ဒွန်အပေါ် နှိပ်စက်မှုကို သိရှိကြောင်း ပြောဆိုပြီး သူကိုယ်တိုင်လည်း နှိပ်စက်မှုပြုလုပ်ခဲ့တဲ့အကြောင်း ဝန်ခံလိုက်တယ်လို့ စင်ကာပူက လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
လက်ရှိမှာ ပရီမာရဲ့အမှုကို အမိန့်ချဖို့ ရုံးချိန်းကို လာမယ့်နှစ် ဇန်နဝါရီလဆန်းကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။
သူဟာ အမှုပေါင်း ၄၀ ကျော်ကို တရားရင်ဆိုင်နေရတာဖြစ်ပြီး ပြစ်မှုထင်ရှားတယ်ဆိုရင် နာကျင်စေမှုတစ်ခုအတွက် ထောင် ၂ နှစ်နဲ့ ငွေဒဏ် ၅ ထောင်ကျော်အထိ ချမှတ်ခံရနိုင်ပါတယ်။
အိမ်အကူတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ထပ်တိုးထားတဲ့ ပြစ်ဒဏ်တွေအရဆိုရင်တော့ တရားရုံးဟာ သူ့အပေါ်မှာ ပေးသင့်တဲ့ပြစ်ဒဏ်ရဲ့ တစ်ဆခွဲအထိ ပြစ်ဒဏ်ချမှတ်နိုင်ချေရှိပါတယ်။
တီးတိန်ဇာတိဖြစ်သူ မပြန်ငိုက်ဒွန်ဟာ ကွယ်လွန်ချိန်မှာ ကလေးတစ်ယောက်မိခင်ဖြစ်ပြီး သူ့အလောင်းကိုတော့ အဲဒီအချိန်တုန်းက ဇာတိရွာကို ပြန်သယ်လာခဲ့တယ်လို့ ချင်းပြည်နယ်အခြေစိုက် ဇလန်းသတင်းဌာက သတင်းဖော်ပြဖူးပါတယ်။
မြန်မာရွှေ့ပြောင်းတွေကို လက်ခံပေးဖို့ တောင်ကိုရီးယားကို ကုလကိုယ်စားလှယ်တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, UN Geneva
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံကို မပြန်နိုင်တဲ့ ကိုရီးယားရောက်မြန်မာတွေအပါအဝင် ပုံမှန်လမ်းကြောင်းကနေ ဝင်လာတာမဟုတ်တဲ့မြန်မာတွေကိုပါ တရားဝင်အနေအထားနဲ့ ဆက်ပြီး လက်ခံပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွန် အန်ဒရူးစ်က တောင်ကိုရီးယားနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
တောင်ကိုရီးယားအစိုးရအရာရှိတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ မြန်မာပြည်တွင်းမှာ စီးပွားရေးလုပ်ကိုင်နေတဲ့ ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ NUG ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ်၊ မြန်မာအသိုင်း အဝိုင်းတို့နဲ့တွေ့ဆုံခဲ့တဲ့ သူ့ခရီးစဥ်အပြီးမှာ အထူးကိုယ်စားလှယ်က အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
တခြားနိုင်ငံတွေက မြန်မာတွေကို မပြန်မနေရဆိုပြီး နေရပ်ပြန်ပို့တာတွေ ရပ်တန့်သွားအောင်လုပ်ရာမှာလည်း တောင်ကိုရီးယားနိုင်ငံအနေနဲ့ ဦးဆောင်ဖို့ကိုလည်း သူက အကြံပြုပါတယ်။
''တောင်ကိုရီးယားဟာ အာဆီယံ+၃ နိုင်ငံမှာပါဝင်တဲ့ ဒေသတွင်း သြဇာရှိနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ မြန်မာပြည်ကို လူတွေ အတင်းအကြပ်ပြန်ပို့မခံရအောင် အကာအကွယ်ပေးတဲ့ မူဝါဒကိုလည်း တောင်ကိုရီးယားက ချမှတ်ထားပြီးဖြစ်ပါတယ်။ အဲဒီအနေအထားကို ဒေသတွင်းအခြားနိုင်ငံတွေကလည်း စံနမူနာအဖြစ် စဥ်းစားသင့်ပါတယ်။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ ပိုခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေရှိလာဖို့ စာနာမှုနဲ့ နိုင်ငံရေးအရ ထောက်ပံ့မှုလို အပြုသဘောဆောင်တဲ့ခြေလှမ်း တွေ လှမ်းသင့်ပါတယ်'' လို့ အထူးကိုယ်စားလှယ်က ပြောပါတယ်။
မြန်မာနိုင်ငံသားတွေကို အိမ်နီးချင်းနဲ့ အာဆီယံထဲက ဘယ်နိုင်ငံတွေက နေရပ်ပြန်ပို့နေတယ်ဆိုတာ အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မဖော်ပြထားပေမဲ့ လက်ရှိမှာ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံသားရာချီကို ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း နေရပ်ပြန်ပို့ထားပါတယ်။
တောင်ကိုရီးယားအနေနဲ့ မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုကို လူသိရှင်ကြားရှုတ်ချပြောဆိုဖို့၊ မြန်မာကို လက်နက်ရောင်းချမှု ပိတ်ပင်ဖို့၊ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ်နေရပ်ပြန်ပို့ခံနေရတာကိုကာကွယ်နိုင်ဖို့နဲ့ပတ်သက်ပြီး နားလည်မှုစာချွန်လွှာတစ်ရပ် ထွက်ပေါ်လာရေးလုပ်ဆောင်ဖို့ကိုလည်း သူက တိုက်တွန်းထားပါတယ်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တစ်ယောက်ကို ထောင်ဒဏ် ၂၀၃ နှစ်ချမှတ်

ဓာတ်ပုံ ရင်းမြစ်, CJ
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ထဲက ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုအောင်ခန့်ဦး (ခ) ပါလေးဟာ ထောင်ဒဏ် ၂၀၃ နှစ် ချမှတ်ခံရတယ်လို့ အဲ့ဒီကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ကိုအောင်ခန့်ဦးဟာ မကွေးမြို့မှာ ဇန်နဝါရီလတုန်းက အဖမ်းခံရပြီးနောက် မကွေးတရားရုံးကနေ အကြမ်းဖက်မှုပုဒ်မ ၅၀ (က)၊ ၅၁(ဂ)၊ ၅၂ ( က)/၅၄ တွေနဲ့ ထောင်ဒဏ် ၁၉၃ နှစ်ချမှတ်လိုက်သလို တောင်တွင်းကြီးတရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ အပါအဝင် ပေါက်ကွဲစေမှု ၃ မှုအတွက် ထောင်ဒဏ် ၁၀ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၀၃ နှစ် ချမှတ်ခံရတာဖြစ်ပါတယ်။
“သူအဖမ်းခံရတုန်းက နေရာသတင်းပေါက်ပြီး သူ့ကိုဝိုင်းမိသွားတဲ့သဘောပါ။ သူ့ကိုချမှတ်ထားတဲ့ ထောင်ဒဏ်တွေက မတရားဘူးဆိုတာထက် သူနဲ့မသက်ဆိုင်တဲ့ အမှုတွေကို ဆွဲထည့်ထားတာ။ သူက အထဲမှာ ဖမ်းမိသွားပြီးသားကို ဗိဿနိုးက ဆက်လုပ်နေတဲ့ Mission တွေကိုပါ အမှုတွဲထဲ ထပ်ထည့်ထားတာ”လို့ ဗိဿနိုးအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့ အဓိကလှုပ်ရှားတဲ့ နေရာက မကွေးတိုင်းအရှေ့ပိုင်း တောင်တွင်းကြီးဖြစ်ပြီး နေပြည်တော်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့အကြောင်း၊ စစ်ကောင်စီက စိုးမိုးထားနိုင်တဲ့ မြို့နယ်တွေထဲက တော်လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းမှာကို စစ်ကောင်စီက ကြောက်တာကြောင့် သာဓက ပြတဲ့သဘောဖြစ်နိုင်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။
အလားတူ မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးဝင်းမြင့်လှိုင်ကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စစ်ကောင်စီလက်အောက်ခံ မကွေးခရိုင်တရားရုံးက အကြမ်းဖက်မှုပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၇၃ နှစ် ချမှတ်ခဲ့ပါတယ်။
တောင်ကလေးရဲစခန်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, screengrab
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံ-ကြာအင်းဆိပ်ကြီးကားလမ်းပေါ်က တောင်ကလေးကျေးရွာ ရဲစခန်းဟာ ဒီနေ့ နိုဝင်ဘာလ ၂၁ ရက်မနက်အစောပိုင်းမှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ရဲ့ လေယာဥ်တွေက လာရောက်ဗုံးကြဲတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
‘‘တိုက်ခိုက်တာ မနက် ၄ နာရီလောက်က စတယ်။ မနက်ပိုင်းမှာ လေယာဥ်တစ်စီးနဲ့ ဗုံးလာကြဲသွားပြီးပြီ။ ဆီကုန်လို့လားမသိပါဘူး။ အခုလည်း နောက်တစ်ခေါက် လာပြန်ကြဲနေတယ်။ ဗုံးခိုကျင်းလည်း မရှိလို့ အိမ်ထဲမှာပဲ ပုန်းအောင်းနေရတယ်’’လို့ ရဲစခန်းအနီးမှာ နေထိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဘီဘီစီက ဒေသခံတွေကို ဖုန်းနဲ့ဆက်သွယ်နေချိန်မှာပဲ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။
ရဲစခန်းကို ဘယ်သူတွေက လာရောက်တိုက်ခိုက်တယ်ဆိုတာ မသိရသေးပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလာရောက်ပစ်ခတ်တာလို့ စစ်ကောင်စီဘက်က သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဆိုပါတယ်။
ပြည်အကျဥ်းထောင်ထဲက နိုင်ငံရေးအကျဥ်းသားတွေ ဘယ်လိုအခက်အခဲ ကြုံနေရလဲ

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ပဲခူးတိုင်းထဲက ပြည်အကျဥ်းထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ထောင်ဝင်စာမရရှိတာကြောင့် စားသောက်ရေးအခက်အခဲကြုံနေရတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေကနေ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်နဲ့ ပြည်ထောင်အတွင်းကနေ နိုင်ငံရေးအကျဥ်းသား ၃၀ ကျော် လွတ်မြောက်လာပေမဲ့ ကျန်နေသေးတဲ့ အကျဥ်းသား ၂၇၀ နီးပါးဟာ သက်ဆိုင်ရာ မိသားစုဝင်တွေက ထောင်ဝင်စာ မပို့နိုင်တဲ့အခက်အခဲကြောင့် စားသောက်ရေးနဲ့ အကူအညီရရှိမှု အခက်ကြုံနေရတယ်လို့လည်း ဆိုပါတယ်။
‘‘အခုဆို ၂ နှစ်ထဲ ဝင်လာပြီဆိုတော့ နိုင်ကျဥ်းမိသားစုဝင်တွေကလည်း ထောင်ဝင်စာလာပို့ဖို့ ခက်လာကြတယ်။ အထဲမှာ ကျွေးမွေးတာကလည်း ကျန်းမာရေးနဲ့ မညီညွတ်တော့ အပြင်က ပို့တာလေး စားရဖို့ဆိုတာလည်း ခက်ခဲကြတယ်။ ထောင်တွင်းမှာ နေထိုင်ရတာ ကျပ်တည်းတာမရှိပေမဲ့ နိုင်ကျဥ်းတွေကို ရာဇဝတ်သားတွေနဲ့ အတူတွဲထားဖို့ လုပ်နေတယ်လို့လည်း ကြားရတယ်’’လို့ မကြာသေးခင်တုန်းကမှ ပြည်ထောင်ကနေ လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ပြည်ထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတစ်ဦးကို အကြမ်းဖက် ဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲတာလည်း ကြုံနေရတယ်လို့ သူက ပြောပါတယ်။
‘’ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းသွင်ကို အကြမ်းဖက် ဆက်သွယ်မှုနဲ့ အဖွင့်ထားတယ်။ သူ့ကို ၅၀၅(က)နဲ့ ထောင် ၂ နှစ်ချထားပြီးပြီ။ ရက်စွဲအရ ထောင်ထဲ ရောက်နေပြီးသားသူကို အကြမ်းဖက်နဲ့ဆက်သွယ်ပါတယ်ဆိုပြီး အမှုဖွင့်တာ။ မနှစ်က ၂၀၂၁ ခုနှစ်၊ ၅ လပိုင်းထဲက ထောင်ထဲရောက်နေတာ။ ၂၀၂၂ ခုနှစ်၊ ၂ လပိုင်းရက်စွဲနဲ့ ထပ်ပြီးတရားစွဲတာ။ ပိုင်ဆိုင်မှုတွေလည်း အသိမ်းခံရတယ်။ လူလည်း လွတ်မလာဘူး။ ပြည်ထောင်စုတရားလွှတ်တော်ကိုတော့ အမှုခြေဖျက်ပေးဖို့ ပြင်ဆင်ချက် တက်ထားတယ်’’ လို့လည်း သူက ရှင်းပြပါတယ်။
အသက် ၆၃ နှစ်အရွယ် ဦးအုန်းသွင်ဟာ အစာအိမ်ခွဲစိတ်ထားရတာကြောင့် ကျန်းမာရေး ချို့ယွင်းနေတယ်လို့လည်း သိရပါတယ်။








