ထိုင်းတစ်ဦးအသတ်ခံရမှုနဲ့ မြန်မာအယောက် ၃၀၀ ကျော် ဖမ်းခံထားရ

ဓာတ်ပုံ ရင်းမြစ်, CJ
အာဏာသိမ်းတစ်နှစ်နဲ့သုံးလကျော်ကြာလာချိန်မှာတော့ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုဒဏ် ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံ နဲ့ ထိုင်းကတဆင့် မလေးရှားနိုင်ငံတွေကို နယ်စပ်လမ်းတွေကနေ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ဖို့ကြိုးစားသူတွေဟာ နေ့စဉ်လိုလိုရှိနေပါတယ်။
ထိုင်းအာဏာပိုင်တွေက အထောက်အထားမဲ့ မြန်မာတွေကို ဖမ်းဆီးမိတာဟာလည်း အခု ၂၀၂၂ခုနှစ်ထဲမှာတင် တစ်လကို အယောက် ၄၀၀၀နီးပါးရှိတယ်လို့ ထိုင်းရောက် မြန်မာအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ဒီလို အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်သွားရောက်ဖို့ ထိုင်းနိုင်ငံထဲရောက်သူတွေထဲက မြန်မာနိုင်ငံသားရာနဲ့ချီဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ရိုင်မြို့နယ်ထဲက ထိုင်း-မလေးရှား နယ်စပ်၊ ထုံးလုံနယ်မြေတောထဲမှာ အခု ဇွန်လဆန်းမှာ အစုလိုက် ဖမ်းဆီးခံထားရပြန်ပါတယ်။
ဒီတစ်ခါကတော့ လူသတ်မှုသံသယနဲ့ ရဲစခန်းတွေမှာ ချုပ်နှောင်စစ်ဆေးခံနေရတာဖြစ်ပါတယ်။
ထုံးလုံတောထဲဘာဖြစ်ခဲ့လဲ
ပြီးခဲ့တဲ့ မေ ၃၁ရက်က ထုံးလုံတောထဲမှာ ထိုင်းလူမျိုးအမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းမြှုပ်နှံထားတာကို ထိုင်းအာဏာပိုင်တွေက ရှာဖွေတွေ့ခဲ့ပါတယ်။ သူ့ရဲ့ ဆိုင်ကယ်ကိုလည်း ရေကန်အစပ်မှာ တွေ့ခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ထိုင်းဘက်ကလာတဲ့သတင်းတွေအရ ဒီအမျိုးသားဟာ လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ငါးလာရှာရင်းအသတ်ခံရတာလို့ ဆိုထားသလို သူကလူကောင်းတစ်ဦးလို့ ဖော်ပြကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒီအမျိုးသားသေဆုံးခဲ့တဲ့ ထုံးလုံနယ်မြေတောဆိုတာဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ရိုင်မြို့နယ်ထဲမှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ဆိုရင်တော့ တနင်္သာရီတိုင်း၊ ကော့သောင်းဘက် နဲ့ နီးစပ်ပါတယ်။ ဒီနေရာဟာ ထိုင်း- မလေးရှားနယ်စပ်ဖြစ်ပြီး ထိုင်းကတဆင့် မလေးရှားကိုသွား ရောက်မယ့် အထောက်အထားမဲ့ မြန်မာတွေကို ပွဲစားတွေက ဒီတောထဲမှာ ဖွက်ထားလေ့ရှိတယ်လို့ ထိုင်းရောက် မြန်မာအရေးလှုပ်ရှားသူတွေကပြောကြပါတယ်။
ဒီတောထဲမှာ ခိုလှုံနေရတဲ့ မြန်မာတွေကိုလည်း ထိုင်းလူမျိုးတချို့က ငွေကြေးလုယက်တာ၊ ဓားပြတိုက်တာအပြင် အမျိုးသမီးငယ်တချို့ကို အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်တွေပါ မေလအတွင်းက ခပ်စိပ်စိပ်သတင်းထွက်ပေါ်နေခဲ့တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် MWRN ရဲ့ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက ဘီဘီစီကို ပြောပါတယ်။
အခု ထိုင်းအမျိုးသားအသတ်ခံရတယ်ဆိုတဲ့ အမှုမှာ မြန်မာတွေကို သံသယနဲ့ခေါ်ယူဖမ်းဆီး စစ်ဆေးနေတာဖြစ်ပေမဲ့ ဘယ်သူကျူးလွန်တယ်ဆိုတာကိုတော့ ရဲဘက်က မဖော်ထုတ်နိုင်သေးပါဘူး။
"ဒီလို မြန်မာတွေ ကျူးလွန်ခံရတာကနေ သည်းမခံနိုင်ဘဲဖြစ်ကြတယ်လို့ ပြောနေကြတာပဲ။ တချို့ကလည်း ဒီကျူးလွန်ခဲ့တဲ့ မြန်မာတွေက ထိုင်းကနေ မလေးဘက် ဝင်သွားပြီလို့ ပြောကြပြန်တယ်။ အတိအကျက အဖြေမထွက်လာသေးဘူး" လို့ ဦးဘရီက ဆက်ပြောပါတယ်။
ဒီဖြစ်စဉ်ပေါ်ပေါက်ပြီးတဲ့နောက် ထိုင်းအာဏာပိုင်တွေက တောထဲကိုရှာဖွေခဲ့ပြီး ဇွန် ၁ရက်နေ့မှာတော့ မြန်မာ ၉ ဦးကို စဖမ်းခဲ့ရာကနေ အခုဆိုမြန်မာ ၃၀၀ကျော်အထိ ဆက်တိုက်တွေ့ရှိ ဖမ်းဆီးထားပါတယ်။
ဒီလိုသံသယနဲ့ ဖမ်းဆီးခံထားရတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းတွေအတွက် အကူအညီ ပေးနိုင်ဖို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက ဆောင်ရွက်နေကြပါတယ်။ ဒါ့အပြင် ဒီအမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးက လိုက်ပါဆောင်ရွက်နိုင်ဖို့ အချက်အလက်တွေ စုဆောင်းနေပြီလို့ ဘီဘီစီကို ဖြေကြားပါတယ်။
"အမှုမှန်ပေါ်တဲ့အထိကတော့ ထိန်းသိမ်းခံထားရမှာပဲ၊ အမှုမှန်ပေါ်ပြီ သူတို့နဲ့မသက်ဆိုင်ဘူးဆိုရင်တော့ နှစ်နိုင်ငံနားလည်မှုနဲ့ ပြန်ပို့မလားဆိုတာက ဆက်ကြည့်ရမှာပေါ့။ အခုကိစ္စကတော့ သက်ဆိုင်ရာ ရနောင်းသံအရာရှိကနေ လိုက်လုပ်နေပါတယ်" လို့ အလုပ်သမား သံအရာရှိရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခု အဖမ်းခံသူတွေဟာ ရာနဲ့ချီပြီး များလွန်းတာကြောင့် ဟတ်ရိုင်မြို့ထဲက ရဲစခန်းတွေမှာ လူဦးရေခွဲထားပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ဒီဖမ်းဆီးခံရသူ အယောက် ၃၀၀ကျော်ရဲ့ စားဝတ်နေရေးအဆင်ပြေဖို့အတွက်လည်း ထိုင်းရောက် မြန်မာအချင်းချင်း ကူညီနေကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား ၄ သန်းကျော်ရှိနေပြီး အလားတူလူသတ်မှုတွေနဲ့ စွပ်စွဲခံရတဲ့ အမှုတွေလည်းရှိနေပါတယ်။ ၂၀၁၄ခုနှစ်က လိပ်ကျွန်းလူသတ်မှုက ဝင်းနဲ့ဇော် အပြင် ကော့သောင်း- ရနောင်းက လူသတ်မှုတွေဟာ လူသိများတဲ့ဖြစ်စဉ်တွေ ဖြစ်ပါတယ်။
ထိုင်းကို တရားမဝင် မလာကြဖို့တိုက်တွန်း
အာဏာသိမ်းပြီးနောက် ပြည်တွင်းပဋိပက္ခနဲ့ နိုင်ငံစီးပွားရေး ကျဆင်းနေတဲ့အချိန်ကာလမှာ အလုပ်အကိုင်ရရှိဖို့ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်တာကြောင့် ဖမ်းဆီးခံရသူ တွေဟာ ၂၀၂၁ ခုနှစ် တနှစ်ထဲမှာတင် ၆ သိန်းခွဲကျော် ရှိခဲ့တယ် လို့ အလုပ်သမားအရေးလှုပ်ရှားနေသူတွေက ပြောပါတယ်။ မလေးရှားနိုင်ငံကိုလည်း အလားတူ ရွှေ့ပြောင်း လုပ်သား သောင်းချီ ဝင်ရောက် လာခဲ့တယ်လို့ မလေးရှားရောက် မြန်မာအရေးလှုပ်ရှား သူတွေဆီကနေသိရပါတယ်။
အခု မေလကစပြီး ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်ဖို့ စစ်ကောင်စီ၊ အလုပ်သမားဝန်ကြီးဌာန ကနေ အစိုးရချင်းသဘောတူညီချက်နဲ့ လုပ်သားရာကျော် ပို့ဆောင်နေပြီဖြစ်ပြီး မြဝတီ- မဲဆောက် ချစ်ကြည်ရေးတံတားကနေ သာမက ကော့သောင်း-ရနောင်းကနေပါ ရေကြောင်းနဲ့ လုပ်သားစေလွှတ်မှုတွေ ရှိနေပါတယ်။
ဒါကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မြန်မာငွေသိန်းဆယ်ချီသုံးကာ ပွဲစားကတဆင့် ထိုင်းနိုင်ငံကိုတရားမဝင် ဝင်ရောက်တာမျိုးမလုပ်ကြဘဲ အလုပ်သမား စေလွှတ်တဲ့ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ကာ တရားဝင်လာရောက် အလုပ်လုပ်ကိုင်ကြဖို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက တိုက်တွန်းထား ကြပါတယ်။








