လျှပ်စစ်မီးပြတ်တောက်မှုနဲ့ အလုပ်သမားထု

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံအဝန်းကြုံတွေ့ရတဲ့ လျှပ်စစ်မီးပြတ်တောက်မှုရဲ့သက်ရောက်မှုတွေဟာ အခြေခံလူတန်းစား စက်ရုံအလုပ်သမားတွေအတွက် စားဝတ်နေရေး ဝင်ငွေထိခိုက်တဲ့အထိ အဘက်ဘက်က သက်ရောက်မှု ရှိလာပါတယ်။
အလုပ်သမားအများစုရှိတဲ့ ရန်ကုန်မြို့ပြက စက်ရုံတွေမှာ လျှပ်စစ်မီးပြတ်တောက်တာကြောင့် မီးစက်တွေနဲ့ လည်ပတ်ကြရပြီး တဖက်က လောင်စာဆီစျေးတက်မှုတွေကြောင့်ပါ စက်ရုံအလုပ်ချိန်တွေကို လျှော့ချပစ်တာနဲ့ ကြုံတွေ့နေရပါတယ်။
လက်ရှိစက်ရုံတွေမှာ ပုံမှန်အလုပ်ချိန်အတိုင်း မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ အလုပ်လုပ်ကြရပြီး အရင်ကလို အချိန်ပိုတွေမရှိတော့ဘူးလို့ ဆိုပါတယ်။ ညနေ ၄ နာရီခွဲနောက်ပိုင်း အလုပ်ဆင်းရတာ၊ စနေနေ့ နေ့လယ် ၁၂ နာရီနောက်ပိုင်း အချိန်ပိုဆင်းရတာတွေ မရှိတော့တာပါ။ ဒါကြောင့် ပုံမှန် တရက် အလုပ်လုပ်ခ၊ ရက်မှန်ကြေးတို့ကိုသာ ရပြီး လစာဝင်ငွေ လျော့နည်းလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
"ပုံမှန်ဆို အချိန်ပိုကြေး၊ ရက်မှန်ကြေး၊ တရက်အလုပ်လုပ်ခနဲ့တွက်ရင် တလကို ၂ သိန်းခွဲလောက် ဝင်ငွေရှိ တယ်။ အခုက အချိန်ပိုက မရှိသလောက်ဆိုတော့ တရက်အလုပ်လုပ်ခနဲ့ ရက်မှန်ကြေးပဲ ရှိမယ်။ နေမကောင်းလို့ ရက်ပျက်မိရင် လစာက လျော့ပြီ။ ဒီတော့လစာက ၁ သိန်း ၈ သောင်း၊ ၂ သိန်းလောက်ပဲ ရတော့မယ်။ ငါးသောင်းလောက်ပဲကွာတယ်လို့ ဆိုပေမဲ့ ကုန်စျေးနှုန်းတက်တာ၊ အိမ်လခရော အိမ်ကမိသားစုများတာ ရောဆိုတော့ ကျွန်မဆို မလောက်ငတော့ဘူး"လို့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်က စက်ရုံအလုပ်သမားတဦးက သူ့ရဲ့ဝင်ငွေကို နှိုင်းယှဉ်တွက်ဆ ပြပါတယ်။
အခြေခံစားသောက်ကုန်တွေမှာလည်း ဆန်၊ဆီကအစ ဟင်းသီးဟင်းရွက်တွေပါမကျန် ကုန်စျေးနှုန်းနှစ်ဆ မြင့်တက်လာသလို လောင်စာဆီ စျေးနှုန်းတွေကလည်း ရာဂဏန်းကနေ ၁ လီတာကိုကျပ် ၂၀၀၀ ကျော် အထိ စျေးနှုန်းမြင့်တက်ခဲ့တာပါ။
ဒါကြောင့် အခု ၂၀၂၂ ခုနှစ် ပထမသုံးလတာ ကာလအတွင်း အလုပ်သမားတွေ ရင်ဆိုင်လာရတာဟာ လုပ်ခ လျော့နည်းတဲ့ပြဿနာလို့ အလုပ်သမားအရေးဆောင်ရွက်သူတွေကပြောပါတယ်။
ဒါ့အပြင် လျှပ်စစ်မီး ပြတ်တောက်တာကြောင့်ရော၊ သင်္ကြန်ကာလလည်း ရှိတာကြောင့်ပါ လာမယ့် ဧပြီတလလုံးကို စက်ရုံတချို့ လစာမဲ့ အလုပ်ပိတ်ပစ်မယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့သတင်းတွေ အလုပ်သမားထုအကြား ပြန့်နေတာကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေကြတာပါ။
လက်ရှိမှာတော့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေဆီ စက်ရုံပိတ်သိမ်းသွားတဲ့ အခြေအနေတွေကို တင်ပြလာတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"အွန်လိုင်းပေါ်တွေမှာတော့ လျှပ်စစ်မီးကြောင့် စက်ရုံတွေ ပိတ်သွားတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ ကျွန်မတို့သမဂ္ဂဆီ အလုပ်သမားတွေဘက်က တင်ပြလာတာမျိုး မရှိဘူး။ ဆိုလိုတာက ဒီလိုပိတ်တဲ့ ဖြစ်စဉ်တွေရှိနေတယ်လို့ အတည်မပြုနိုင်တာပါ။ ရှိကောင်းလည်းရှိနိုင်ပါတယ်။"
"အခုချိန်မှာအလုပ်သမားတွေ ဟာ အဆင်မပြေရင် နောက်ထပ်စက်ရုံတွေ ပြောင်းလုပ်တာမျိုး မရှိတော့ဘဲ သူတို့အခွင့်အရေးထိခိုက်နေလည်း အလုပ်ထုတ်ခံရမှာ၊ အလုပ်မရှိမှာ စိုးတဲ့အတွက် ဆက်လုပ်နေကြရတယ်"လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးက ရှင်းပြပါတယ်။
အခြေခံလူတန်းစား စက်ရုံအလုပ်သမားတွေအနေနဲ့ အလုပ်အကိုင် ရှားပါးတာကြောင့်လည်း အလုပ်သမား အခွင့်အရေးနဲ့ပတ်သက်ပြီးမတောင်းဆိုကြတော့သလို လက်ရှိအလုပ်မှာပဲ အလုပ်အကိုင်တည်မြဲရေးကို ဦးစားပေး လုပ်ကိုင်နေကြရပါတယ်။
ဒီအခြေအနေကို စက်ရုံပိုင်ရှင်နဲ့ စက်မှုဇုန်တာဝန်ရှိသူတွေကတော့ အလုပ်သမားတွေဟာ မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေကို မပြောကြတော့ဘဲ စက်ရုံတနေရာထဲမှာ အလုပ်မပြောင်းရွှေ့၊ အလုပ်လုပ်နေကြပြီး တည်ငြိမ်နေတဲ့ကာလလို့ ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN
ဒါ့အပြင် စက်ရုံအလုပ်ရုံတွေ အဆင်ပြေပြေ လည်ပတ်နိုင်ရေးအတွက်လည်း ဒီလျှပ်စစ်မီးပြတ်တောက်တာ နဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ညှိနှိုင်းကာ မတ်လ ၁၄ ရက်ကစပြီး မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ စက်ရုံတွေကို လျှပ်စစ်မီးပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒီလိုစက်မှုဇုန်တွေကို မီးပေးထားချိန် လူနေရပ်ကွက်တွေဘက် မီးဖြတ်တာမျိုး၊ အချိန်ပိုင်းလိုက် မီးပေးတာတွေ လုပ်ဆောင်ပေးမယ်လို့ စစ်ကောင်စီဘက်က ညှိနှိုင်းချိန်မှာ ထည့်သွင်းပြောသွားတယ်လို့ ရွှေလင်ပန်းစက်မှုဇုန် တာဝန်ရှိသူက ပြောပြပါတယ်။
"ဒီရက်ပိုင်းကစပြီး မီးကပုံမှန်လာနေပြီ၊ တခါတလေ system break down ဖြစ်လို့ မီးပြတ်တာပဲ ရှိမယ်။ ဒီလိုလျှပ်စစ်မီးပြတ်လို့ စက်ရုံပိတ်ရတာလည်း မရှိသလို၊ လာမယ့်ဧပြီလထဲ ရက်ရှည်ပိတ်မှာတွေလည်း မရှိပါဘူး။ အမှာစာတွေက ရနေတာဆိုတော့ ဇွန်၊ဇူလိုင်အထိတောင် အလုပ်ရှိနိုင်ပါတယ်။ သူတို့ဘက်က အလုပ်မှန်မှန် ဆင်းဖို့ပဲ လိုတာပါ။ ဒီအလုပ်တွေက အများနဲ့ စုပေါင်း အလုပ်လုပ်ကြရတယ်လေ"လို့ လှိုင်သာယာ ရွှေလင်ပန်းစက်မှုဇုန် အခြေအနေကို တာဝန်ရှိသူတဦးက ရှင်းပြပါတယ်။
လက်တွေ့မှာတော့ အခု ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှာတင် အလုပ်အကိုင်ရှားပါးမှု ပြဿနာကို ကြုံတွေ့ နေရပြီး နောက်ဆက်တွဲ လုပ်ခလစာ နည်းပါးတာအပြင် အထွေထွေကျပ်တည်းမှုပါ ရင်ဆိုင်နေရတာကြောင့် ရေရှည်မှာ ပိုမိုခက်ခဲမှုတွေသာရှိနိုင်တယ်လို့ အလုပ်သမားတွေက ဘီဘီစီကို ပြောပါတယ်။








