စာအုပ်ထဲကျန်ခဲ့တဲ့ အလုပ်သမားဥပဒေတွေနဲ့ အမျိုးသမီးတွေအတွက် မလုံခြုံတော့တဲ့လုပ်ငန်းခွင်များ

လှိုင်သာယာမြို့နယ် ဆန္ဒပြ ဆိုင်းဘုတ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ဟာ စက်ရုံအလုပ်ရုံတွေ၊ စက်မှုဇုန်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေ သိန်းချီနဲ့ စည်ကားတဲ့ မြို့နယ်တစ်ခုဖြစ်ခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် မလုံခြုံမှုတွေ၊ စိုးရိမ်မှုတွေနဲ့ နေထိုင်နေကြရပါပြီ။

အလုပ်သမားတွေရဲ့ ဘဝ မလုံခြုံမှုတွေ ကြုံတွေ့လာရပြီး အထူးသဖြင့် အမျိုးသမီးအလုပ်သမားတွေအတွက် ဥပဒေ အကာအကွယ်ရဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားတွေက ပြောပြလာကြပါတယ်။

"မှောင်ပြီဆိုတာနဲ့ မထွက်ရဲတော့ဘူး။ ကိုယ့်အဆောင်ထဲပဲ ကိုယ်နေကြတယ်"

ညနေ ၆ နာရီကျော်နေပြီဖြစ်လို့ လက်ထဲက ဟင်းထုတ်ကိုဆွဲရင်း မသီရိ ခြေလှမ်းတွေ ခပ်သွက်သွက် လှမ်းနေမိပါတယ်။

"အရင်ကဆို စက်ရုံကပြန်လာရင်လည်း အပြင်မုန့်ထွက်စားတဲ့အခါ စားတယ်။ အဆောင်ထဲမှာ ထမင်းနဲ့ဟင်း တည်ပြီးမှ သူငယ်ချင်းတွေအဆောင်ဘက်ကို ကူးပြီး အတူသွားစားတာလည်း ရှိတယ်။ ဒါပေမဲ့ အခုတော့ မထွက်ရဲတော့ဘူး။ "

"စစ်သားနဲ့ တိုးမလား၊ ရဲနဲ့တိုး မလား။သူတို့နှစ်ဖွဲ့ ပစ်ခတ်တဲ့ကြား ရောက်သွားမလား၊ ဖုန်းလုပြေးတဲ့လူနဲ့ တိုးမလားတွေးပြီး မှောင်ပြီဆိုတာနဲ့ မထွက်ရဲတော့ဘူး။ ကိုယ့်အဆောင်ထဲပဲ ကိုယ်နေကြတယ်" လို့ လှိုင်သာယာမြို့နယ်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ကိုင်တဲ့ မသီရိက ပြောပြပါတယ်။

ဧရာဝတီတိုင်းမှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး လူဦးရေသိန်းချီသေဆုံးပြီး အိုးမဲ့အိမ်မဲ့ဖြစ်ကြပြီး ရန်ကုန်က လှိုင်သာယာမြို့နယ်ထဲကို ရွှေ့ပြောင်းနေထိုင်ကြတဲ့လူတွေထဲမှာ မသီရိတို့မိသားစုလည်း အပါအဝင် ဖြစ်ပါတယ်။

ရန်ကုန်ရောက်ချိန် ဆယ်ကျော်သက်အရွယ်ကစပြီး လှိုင်သာယာမြို့နယ်ထဲက အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ခဲ့တာ ၁၀ နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်ပြီး မသီရိ စက်ရုံ ၃ ရုံပြောင်း လုပ်ခဲ့ပြီးပါပြီ။

အထည်ချုပ်စက်ရုံတွေမှာ လုပ်သက်ကြာလာတဲ့ မသီရိ အလုပ်သမားအခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်တဲ့ ဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့လို့ အလုပ်သမားအခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအကြောင်းလည်း ထိုက်သင့်သလောက် နားလည်ခဲ့ပြီး အခွင့်အရေးတချို့ တောင်းဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ စတင်ခဲ့တဲ့ ၂၀၁၀ နောက်ပိုင်း အလုပ်သမားအခွင့်အရေးတွေအတွက် အလုပ်သမားသမဂ္ဂတွေလည်း တရားဝင်ဖွဲ့စည်းလာနိုင်ခဲ့ပြီး အခွင့်အရေးတချို့ တောင်းဆိုတာ၊ ဥပဒေအရအကာအကွယ်တောင်းဆိုတာတွေ လုပ်နိုင်ခဲ့ပါတယ်။

" အရင်ကဆို သမဂ္ဂတွေ ရှိတယ်။ အခုက တိုင်စရာ ဘာမှမရှိဘူး။ ကျေနပ်ရင်ဆက်လုပ် မကျေနပ်ရင်ထွက်ပဲ။ စက်ရုံထဲမှာနေရတာလည်း ထောင်ကျနေသလိုပဲ။ မိန်းကလေးတွေဆို ပိုဆိုးတယ်လေ။ လုပ်ငန်းခွင်မှာ ဘာအခွင့်အရေးမှ တောင်းဆိုလို့ ပြောလို့မရတော့တဲ့အပြင် ထိကပါးရိကပါးလုပ်တာ ခံရသေးတယ်။ "

"နိုင်ငံခြားသားပိုင်စက်ရုံတွေမှာပိုဆိုးတယ်။ ပခုံးကိုလာဖက်တာတို့ အနားကနေအကြောင်းမရှိအကြောင်းရှာ ဖြတ်လျှောက်နေတာတွေ၊ ဘာမှသွားပြောလို့မရဘူး။ မကြိုက်ရင်ထွက်ပဲ။"

အလုပ်လက်မဲ့ သိန်းချီနဲ့ စစ်အုပ်ချုပ်ရေးနယ်မြေ

လှိုင်သာယာမြို့နယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

အရင်ကတော့ ဖယ်ရီအချိန်အမီ ထွက်လာတဲ့ ထမင်းချိုင့်ကိုယ်စီနဲ့ အရွယ်စုံရောင်စုံ အမျိုးသမီးတွေ၊ ဖွေးဖွေးလှုပ်နေတဲ့ ဆိုင်ကယ်တန်းရှည်တွေစတဲ့ မြင်ကွင်းတွေဟာ လှိုင်သာယာရဲ့ မနက်ခင်းနဲ့ ညနေခင်းတွေကို အမြဲသက်ဝင်လှုပ်ရှားနေစေခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ ကိုဗစ်ရောဂါကြောင့် ပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံတွေ ရှိခဲ့သလို စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်တဲ့စက်ရုံတချို့လည်း ထပ်ပိတ်ခဲ့တာကြောင့် အလုပ်သမား ၃ သိန်းလောက် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ အလုပ်သမားအဖွဲ့ အစည်းတွေကလည်း ခန့်မှန်းပြောဆိုထားကြပါတယ်။

ဒီအခြေအနေတွေမှာပဲ ဖေဖော်ဝါရီအာဏာသိမ်းပြီးကတည်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှု အားကောင်းခဲ့တဲ့ လှိုင်သာယာမှာ ဆန္ဒပြတဲ့ ဒေသခံတွေကို ပစ်ခတ်နှိမ်နှင်းခံခဲ့ရလို့ လူဦးရေ ဆယ်ချီသေဆုံးခဲ့သလို လှိုင်သာယာမြို့နယ်ကိုလည်း ၂၀၂၁ မတ်လမှာ စစ်အုပ်ချုပ်ရေးမြို့နယ်တစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးနောက်ပိုင်း လုပ်ငန်းခွင်

စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် အာဏာရှင်ကို လက်မခံနိုင်ကြောင်း ဆန့်ကျင်ဆန္ဒပြသူတွေထဲမှာ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေလည်း ထိပ်ဆုံးက ပါဝင်ခဲ့တယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

"ဆန္ဒပြလို့ အလုပ်ဖြုတ်ခံလိုက်ရတဲ့ အလုပ်သမားတွေလည်း အများကြီးပဲရှိတယ်။ အဲ့နေ့မှာတင် အာဏာပိုင်တွေက စက်ရုံကို ဖိအားပေးပြီး ကိုယ်ရေးအချက်အလက်တွေ လာတောင်းတယ်။

ပြီးတော့ တပ်ဦးအလံကိုင်တဲ့ အလုပ်သမားတစ်ယောက်ကိုလည်း အဲ့နေ့မှာတင် စက်ရုံကနေ လျော်ကြေးမပေးဘဲ အလုပ်ကနေ ထုတ်လိုက်တယ် " လို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကိုအောင်ကြီးက ပြောပြပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အလုပ်သမားထု တောင်းဆိုတိုက်ပွဲဝင်ခဲ့တဲ့ အခွင့်အရေးတွေလည်း ပျောက်ဆုံးခဲ့ရတော့တယ်လို့ သူက ဆက်ပြောပါတယ်။

"အချိန်ပိုကြေး တနာရီ ၁၂၀၀ ကနေ ၇၀၀ ဖြစ်သွားတယ်။ အများပြည်သူ ရုံးပိတ်ရက်တွေမှာ ဆင်းရင်လည်း နှစ်ဆမရတော့ဘူး။ တရက်စာပဲ ရတယ်၊ မရလို့ မဆင်းဘူးဆိုရင် အလုပ်ထုတ်မယ်လို့ ဖိအားပေးတယ်။ ဘယ်သွားတိုင်ရမလဲ မသိဘူး။ သွားတိုင်ရင်လည်း အလုပ်သမားရုံးက ကိုယ့်စက်ရုံနဲ့ကိုယ် ညှိလို့ ပြောတယ်။

"တိုင်တာ ဘာမှ တာဝန်မခံဘဲ အလုပ်ရှင်က ပြန်သိရင် လုပ်ငန်းခွင်ထဲမှာ ပြန်ဖိအားပေးခံရမယ်။ အဲ့ဒီတော့ မလုပ်နိုင်ရင်ထွက်၊ အလုပ်မရှိရင် ကြိတ်မှိတ်လုပ်ပဲ။ ဘယ်သူမှ အလုပ်သမားရုံး မသွားတော့ဘူး " လို့ ကိုအောင်ကြီးက ပြောပြပါတယ်။

၂၀၁၉ ခုနှစ်က အလုပ်ခွင်သွားလာနေကြတဲ့ လှိုင်သာယာမြို့နယ်နေသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်က အလုပ်ခွင်သွားလာနေကြတဲ့ လှိုင်သာယာမြို့နယ်နေသူတွေ

လုပ်ငန်းခွင်တွင်း လိင်ထိပါးမှုတွေ - မိသားစုလိုက် အလုပ်ထွက်ခဲ့တဲ့ ဖြစ်စဥ်

လိင်ထိပါးနှောင့်ယှက်ခံရတဲ့ အလုပ်သမားတွေထဲက ဖြစ်စဥ်တစ်ခုကို အခုလို ပြန်ပြောပြကြပါတယ်။

တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံတစ်ရုံမှာ တရုတ်နိုင်ငံသားက စက်ရုံဝန်ထမ်းအမျိုးသမီးတစ်ဦးကို လိင်ကိစ္စ စည်းရုံးပြောဆိုခံရလို့ ငြင်းဆန်တဲ့အခါ လူအများရှေ့ မှာ အဲဒီဝန်ထမ်းအမျိုးသမီးရဲ့ အဝတ်အစားတချို့ ကျွတ်ပြီး အရှက်သိက္ခာထိပါးတဲ့အထိ နှောင့်ယှက်ခဲ့မှု တစ်ခုဖြစ်ခဲ့တဲ့အတွက် IWFM ( မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်) ကို တိုင်တန်းထားလို့ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ဒီလိုလုပ်ငန်းခွင်အတွင်း အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမယ့် တိုင်ကြားမှုကို စခန်းကလက်မခံခဲ့ဘူးလို့ IWFM က ပြောပါတယ်။

" အဲ့ဒီအမျိုးသမီးရဲ့ မိခင်နဲ့မောင်လေးကလည်း အဲဒီစက်ရုံမှာပဲလုပ်တာ။ ဖြစ်ပြီးတော့ မြို့နယ်ရဲစခန်းကို သွားတိုင်တော့ ဘာသက်သေရှိလဲလို့ ပြန်မေးပြီး အမှုကို လက်မခံခဲ့ဘူး။ စက်ရုံထဲ ပြန်ရောက်တော့လည်း စက်ရုံပိုင်ရှင် မိခင်ဖြစ်သူကို တနေ့တည်းကို ရုံးခန်းကိုလေးခါလောက် ခေါ်တွေ့ပြီး ဖိအားပေးတယ်။"

"သားဖြစ်သူကိုကျတော့ စက်ရုံက HR နဲ့မန်နေဂျာက စားသောက်ဆိုင်ကိုခေါ်သွားပြီး ဖိအားပေးတယ်။ အိမ်ရောက်တော့ သူတို သားအမိတွေ ပြန်တိုင်ပင်ပြီး ဒီလို ဥပဒေကင်းမဲ့နေချိန်မှာ လုံခြုံရေး စိုးရိမ်ရတယ်ဆိုပြီး သားအမိ ၃ ယောက်လုံး စက်ရုံကို မသွားတော့ဘဲ IWFM ကို တိုင်ကြားလာခဲ့တာပါ " လို့ အဖွဲ့ချုပ်တာဝန်ရှိသူက ပြောပြပါတယ်။

သက်ဆိုင်ရာအမျိုးသမီးရဲ့အမှုကို ရဲစခန်းကိုသွားရောက်တိုင်ကြားရာမှာ အမှုတိုင်ကြားခွင့်မရခဲ့ဘူးဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းကို ဘီဘီစီကဆက်သွယ် မေးမြန်းဖို့ ကြိုးစားနေပါတယ်။

အဲဒီနောက် စက်ရုံအတွင်းက အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ ထိပါးဖို့ ကြိုးစားတာနဲ့ ပတ်သက်ပြီး ကြားကနေ ဝင်ရောက်ကူညီဖြေရှင်းပေးတဲ့ IWFM ရဲ့ညှိနှိုင်းမှုအရ သက်ဆိုင်ရာ တရုတ်လူမျိုးကို အလုပ်ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာ အမျိုးသမီးနဲ့အတူ မိသားစုဝင်တွေဟာလည်း စက်ရုံမှာ အလုပ်ဆက်လက်လုပ်ကိုင်လိုချင်မရှိတာကြောင့် ဥပဒေပါ ခံစားခွင့်တွေအတိုင်း အလုပ်ထွက် နစ်နာကြေးရခဲ့တယ်လို့ ဝင်ရောက်ညှိနှိုင်းပေးတဲ့ IWFM က ပြောပါတယ်။

"အခွင့်အရေးချိုးဖောက်ခံရမှုတွေ ပိုဆိုးလာတယ်"

စက်ရုံ၊ အလုပ်ရုံအလုပ်သမားတွေ အခုလို လုပ်ငန်းခွင်အတွင်း အခွင့်အရေးချိုး ဖောက်ခံရလာတဲ့အခါ ပြည်တွင်းမှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်သမားရုံးတွေဆီ တိုင်တန်းတဲ့အခါမှာလည်း စက်ရုံတွင်းမှာသာ ပြန်လည်ညှိနှိုင်းဖို့ ပြောဆိုပြီး တာဝန်ယူဖြေရှင်းပေးတာ မရှိသလို၊ စက်ရုံပိုင်ရှင်တွေဆီ သတင်းပြန်ရောက်တဲ့အခါမှာလည်း လုပ်ငန်းခွင်အတွင်း ဖိအားပေးမှုတွေဆက်ပြီး ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောလာပါတယ်။

အာဏာသိမ်းမှုမတိုင်ခင်ကာလကတည်းက ပြည်တွင်းအလုပ်သမားတွေရဲ့ အခွင့်အရေး အတွက် တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့တဲ့ IWFM ( မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ်) အနေနဲ့ လက်ရှိမှာလည်း အလုပ်သမားအခွင့်အရေးတွေအတွက် ဆက်လက်လုပ်ဆောင် ပေးနေတာတွေကို အခုလို ပြောပြပါတယ်။

" မြန်မာပြည်မှာတော့ ရှိတဲ့စနစ်တွေက ဘာမှလုပ်လို့မရတော့ဘူး။ အလုပ်သမားတွေကတော့ ကူရာကယ်ရာမဲ့နေတာပေါ့။ အခွင့်အရေးချိုးဖောက်ခံရမှုတွေက ပိုပြီးတော့ ဆိုးလာနေတယ်။ ကျွန်မတို့ကတော့ အလုပ်သမားဝန်ကြီးဌာနတွေနဲ့ အလုပ်မလုပ်တော့ဘူး။ စစ်ကောင်စီကို ကိုယ်စားပြုတဲ့ ဘယ်ယန္တရားနဲ့မှ အလုပ်မလုပ်တော့ဘူး။"

"အလုပ်သမားတွေ သွားတိုင်ရင်လည်း အလုပ်သမားရုံးက ပြောတာက ဒီအချိန် ခေတ်မကောင်းဘူး။ အလုပ်ရှင်နဲ့ အဆင်ပြေအောင်နေပဲ ပြောကြတယ်။ ကျွန်မတို့အနေနဲ့ကတော့ ကဏ္ဍအားလုံးမှာ မကူညီနိုင်ဘူး။ အကြီးစား ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ အထည်ချုပ်၊ ဖိနပ်စက်ရုံတွေက အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ်ဖြစ်ရင် သက်ဆိုင်ရာ ကုန်အမှတ်တံဆိပ်ကို ဆက်သွယ်ပြီး ဖြေရှင်းပေးနေတယ်။ IWFM မှာ ညှိနှိုင်းရေးအဖွဲ့ဖွဲ့ပြီး အလုပ်သမားတွေကို ဆက်သွယ်ပြီး အချက်အလက်ကောက်ခံတယ်၊ သက်ဆိုင်ရာ ဘရန်းတွေကို ဆက်သွယ်ပြီး အမှုပေါင်း ၁၇ ခုကိုဖြေရှင်ပြီးပြီ " လို့ IWFM ရဲ့ ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာက ဘီဘီစီကို ပြောပါတယ်။

ဒီလိုသက်ဆိုင်ရာ နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေကို ဆက်သွယ်ပြီး အလုပ်သမားခွင့်အရေးအတွက် တိုင်ကြားတောင်းဆိုတဲ့နေရာမှာတော့ ကုန်အမှတ်တံဆိပ်တွေဘက်က အကြောင်းပြန်ကြားမှုမရှိတာတွေ၊ အလုပ်သမားတွေရသင့်ရထိုက်တဲ့ နစ်နာကြေး၊ လျော်ကြေးအပြည့်အဝမရတာတွေလည်း ရှိတယ်လို့ ဒေါ်ခိုင်ဇာက ဆက်ပြောပြပါတယ်။

လှိုင်သာယာမြို့နယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကိုဗစ်နဲ့ အာဏာသိမ်းဒဏ်ခံရကြရတဲ့ အလုပ်သမားတွေ

ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်မတိုင်ခင် ကိုဗစ်ရောဂါ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း ရိုက်ခတ်မှုမှာ စက်ရုံ၊ အလုပ်ရုံပိတ်သိမ်းတာတွေရှိခဲ့ပြီး စက်ရုံအလုပ်သမား သောင်းချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီအာဏာသိမ်းမှုဖြစ်စဉ်နဲ့ ကိုဗစ်တတိယလှိုင်းကာလမှာလည်း အလုပ်သမားတွေအလုပ်လက်မဲ့ ထပ်ဖြစ်ရပြန်ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့အာဏာသိမ်းမှုဖြစ်စဉ်ကို အလူးအလဲခံရတဲ့ စက်မှုဇုန်လုပ်ငန်းခွင်မှာတော့ စက်ရုံပေါင်း ၂၅၀ ဝန်းကျင် ပိတ်သိမ်းခဲ့ရပြီး အလုပ်သမားတစ်သိန်းခွဲလောက် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

အာဏာသိမ်းမှုဖြစ်စဉ်နဲ့အတူ အလုပ်သမားအခွင့်အရေးတွေကလည်း အရင်ထက်ပိုပြီး မှေးမှိန်ပျောက်ကွယ်လာပြီလို့ အလုပ်သမားတွေက ပြောဆိုကြပါတယ်။