စစ်တွေက ဖယ်ရှားခံရတဲ့ ကျူးကျော်မိသားစုတွေ အမိုးအကာအောက်နေထိုင်ရေး အခက်ကြုံ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျူးကျော်နေထိုင်နေကြတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ နေထိုင်တဲ့ နေအိမ်တွေကို တရားမဝင်နေအိမ်တွေဆိုပြီး အခုမတ်လ ၉ ရက် နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကောင်စီက အင်အားသုံးပြီး ဖယ်ရှားခဲ့ပါတယ်။
ကျူးကျော်နေအိမ်ဖယ်ရှားမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အိမ်ထောင်စုပေါင်း ၁၇၀ လောက်ရှိနေပြီး လက်ရှိမှာတော့ အဲ့ဒီလူတွေဟာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ နီးစပ်ရာနေရာတွေမှာ ယာယီတဲတွေထိုးပြီး နေထိုင်နေကြရပါတယ်။
ယာယီတဲတွေထိုးပြီးနေထိုင်နေကြပေမဲ့ မိသားစုအားလုံးကတော့ အမိုးအကာအောက်ကို မရောက်နိုင်ကြသေးဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
နေအိမ်တွေဖယ်ရှားခံလိုက်ရပြီးနောက်ပိုင်းမှာ အဲ့ဒီလူတွေဟာ နေစရာနေရာမရှိကြတော့သလို သူတို့လုပ်နေတဲ့ ကြုံရာကျပန်းအလုပ်တွေ၊ နေ့စားအလုပ်တွေကိုလည်း ကောင်းကောင်းမွန်မွန် မလုပ်ကိုင်နိုင်ကြတော့ဘဲ စားရေးသောက်ရေးပါ အခက်အခဲနဲ့ကြုံနေကြရတယ်လို့ ကာယကံရှင်တွေက ပြောဆိုကြပါတယ်။
စစ်တွေမြို့ အာဂျိတ်တော်ကုန်းက သုဿန်မြေနေရာမှာ ကျူးကျော်နေထိုင်နေတဲ့ အိမ်ထောင်စု ၈၄ စုတို့ဟာ နေအိမ်ဖြိုဖျက်ခံလိုက်ရတာ ဒီကနေ့ဆိုရင် တစ်ပတ်ပြည့်ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
သူတို့တွေကို အဲ့ဒီနေရာမှာ နေထိုင်ခွင့်မပေးတော့ဘူးဆိုပြီး စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့က စက်ယန္တရားတွေအသုံးပြုပြီး ဖယ်ရှားခဲ့တဲ့ စစ်ကောင်စီကတော့ ဒုက္ခရောက်နေကြတဲ့ လူဦးရေ ၃၀၀ ကျော်အတွက် ဒီကနေ့ထိ တာဝန်ယူပေးတာ မရှိသေးပါဘူး။
စစ်ကောင်စီနဲ့ ပစ်ခတ်ရပ်စဲရေးလုပ်ထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA/ALP ကတော့ မတ်လ ၁၄ ရက်နေ့က သုဿန်မြေနေရာက ဖယ်ရှားခံလိုက်ရသူတွေကို သွားရောက်အကူအညီပေးခဲ့ပါတယ်။
လက်ရှိမှာ နေထိုင်စရာ၊ စားစရာမရှိ ဖြစ်နေတဲ့အပြင် ရေနဲ့အိမ်သာတောင်မရှိကြတဲ့ အခြေအနေကို ရောက်နေရတဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး အစိုးရအနေနဲ့ အဲ့ဒီလူတွေကို နေရာထိုင်ခင်းတွေ စီစဉ်ပေးဖို့တာဝန်ယူသင့်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
"ကျွန်မ အစိုးရကို မေတ္တာရပ်ခံချင်တာကတော့ ဟုတ်တယ် ဒီလိုနေရာမှာ နေလို့မရဘူး။ ကျူးကျော်တွေဖြစ်တယ်ဆိုတာက အစိုးရတိုင်းမှာ လုပ်ရမယ့်ကိစ္စဖြစ်တယ် ဆိုပေမဲ့လို့ အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင် ဒီလူတွေက အခက်အခဲရှိလာတာမို့လို့ ဘယ်လိုအစီအမံတွေလုပ်ပေးရမလဲ။ လူသားတွေရဲ့လုံခြုံရေးကို လုပ်ပေးရမှာက အစိုးရရဲ့တာဝန်ဖြစ်တယ်"လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ကျူးကျော်နေအိမ်ဖယ်ရှားမှုနဲ့ပတ်သက်လို့ အစိုးရအနေနဲ့ ဘယ်လိုစီမံမှုတွေ ဆောင်ရွက်သွားမလဲဆိုတာနဲ့ ပတ်သက်လို့ ပြည်နယ်ကောင်စီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
လက်ရှိကာလဟာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်သလို နွေဦးလာဖြစ်တဲ့အတွက် သောက်သုံးရေ အလုံအလောက်မရှိတာတွေ၊ အိမ်သာမရှိတာတွေကြောင့် ရောဂါတွေနဲ့ကြုံရမှာကိုလည်း စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။
သုဿန်မှာကျူးကျော်နေထိုင်တယ်ဆိုကတည်းက အဲ့ဒီလူတွေဟာ အမှန်တကယ် ဆင်းရဲတဲ့သူတွေ ဖြစ်ကြသလို ကုန်းကောက်စရာမရှိတဲ့အခြေအနေကြောင့် သူတို့ဘဝကို သုဿန်ထဲမှာရပ်တည်နေကြတာကို အစိုးရအနေနဲ့ကို ယ်ချင်းစာတတ်ဖို့လိုအပ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။
ALP အနေနဲ့ နေအိမ်ဖယ်ရှားခံလိုက်ရသူတွေကို အစိုးရအနေနဲ့ ဒီတိုင်း မျက်ကွယ်ပြုမထားဘဲ အကူအညီပေးဖို့အတွက် အကြံပြုစာပေးပို့ဖို့ပြင်ဆင်နေပြီး ဒီကနေ့ရုံးပိတ်ရက်ဖြစ်တဲ့အတွက် စောင့်ဆိုင်းနေတာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
လက်ရှိမှာတော့ နေစရာမရှိတော့လို့ သင်္ချိုင်းကုန်းမှာ ငိုကြွေးနေကြတဲ့မိသားစုတွေကို သနားပြီး အဲ့ဒီနားက ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှာ နေထိုင်ခွင့်ပေးထားပေမဲ့ အမြဲတမ်းနေထိုင်လို့ရတဲ့နေရာတစ်ခုကို အစိုးရကူညီပေးစေချင်ကြောင်းနဲ့ နေစရာနေရာတစ်ခုရရင် စားရေးသောက်ရေးအတွက်ကို ကိုယ်တိုင်ရုန်းကန်လို့ရတယ်လို့ နေအိမ်ဖြိုဖျက်ခံလိုက်ရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ကျွန်မတောင်းဆိုချင်တာက နေစရာနေရာတစ်ခုပေးပါလို့ ပြောချင်တယ်။ ဘယ်မှာပဲဖြစ်ဖြစ် နေစရာတစ်ခုလောက် လိုချင်တယ်။ စားသောက်ဖို့အတွက်ကိုတော့ ကိုယ့်ဟာကို ရှာကြံလို့ရသလောက်နဲ့ မဝရေစာစားနေလို့ရတယ်"လို့ သုဿန်မြေနေရာက ဖယ်ရှားခံလိုက်ရတဲ့ ဒေါ်စိုးစိုးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြည်သူတွေဟာ အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာရှိပြီး လူတွေရဲ့အခက်အခဲတွေကို ဖြေရှင်းပေးဖို့တာဝန်ဟာ အစိုးရရဲ့တာဝန်ဖြစ်ပြီး အခုလိုလုပ်လိုက်လို့ရှိရင် ဒုက္ခရောက်ကြမှာဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြိုတင်စီမံထားသင့်တယ်လို့ ဒေါ်စောမြရာဇာလင်းက ထောက်ပြပါတယ်။
ဒါ့အပြင် နေအိမ်ဖယ်ရှားဖို့ ငါးရက်အတွင်းလက်ရှိနေရာကို ထွက်ပေးရမယ်လို့ အကြောင်းကြားစာရရှိတဲ့အချိန်မှာ မင်းဂံရပ်ကွက် ၁ တက္ကသလိုလ်ရှေ့ ရထားလမ်းမြေနေရာမှာကျူးကျော်နေထိုင်တဲ့ ကလေးသုံးယောက်မိခင် အသက် ၃၄ နှစ်အရွယ် ဒေါ်အေးထွေးယဉ်ဟာ အဆိပ်သောက်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။
စစ်တွေမြို့မှာ အခုလိုမျိုး ကျူးကျော်နေထိုင်သူတွေဟာ ထောင်နဲ့ချီရှိနေပြီး ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာတော့ ကျူးကျော်တွေကိုဖယ်ရှားပြီး တရားဝင်နေရာချပေးမှုတွေ နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ပေးခဲ့တာလည်း ရှိပါတယ်။








