နယူးဇီလန် ဗလီတွေကို တိုက်ခိုက်ခဲ့သူ လွတ်ငြိမ်းခွင့်မရှိ ထောင်တသက် ပြစ်ဒဏ်ကျ

ပစ်ခတ်မှု ဓားစားခံတွေ
ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှု ဓားစားခံတွေ

နယူးဇီလန်နိုင်ငံက ဗလီနှစ်ခုမှာ လူ ၅၁ ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ လူဖြူကြီးစိုးရေး ဝါဒီသမားတဦးကို လွတ်ငြိမ်းသက်သာခွင့်မရှိတဲ့ ထောင်တသက်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

နယူးဇီလန်နိုင်ငံသမိုင်းမှာတော့ ဒီလိုမျိုး ပြစ်ဒဏ် အပေးခံရတာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဩစတေးလျနိုင်ငံသား ဘရန်တန် တားရန့်ဟာ လူ ၅၁ ယောက်ကို သတ်ခဲ့မှု၊ နောက်ထပ် လူ အယောက် ၄၀ ကို သတ်ရန် ကြံရွယ်မှုနဲ့ အကြမ်းဖက်မှု ပုဒ်မတခု တို့နဲ့ အပြစ်ရှိကြောင်း ဝန်ခံထားပါတယ်။

တားရန့်ရဲ့ လုပ်ဆောင်မှုတွေဟာ "လူမဆန်သလို သူ့မှာ သနားညှာတာမှုလည်း မရှိဘူး" လို့ တရားသူကြီးက သုံးနှုန်းခဲ့ပါတယ်။

အွန်လိုင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လတုန်းက ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုဟာ တကမ္ဘာလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

မစ္စတာ တားရန့်ရဲ့ ဒီပြစ်ဒဏ်ဟာ နယူးဇီလန်သမိုင်းမှာ အကြမ်းဖက်လုပ်ရပ်နဲ့ ပထမဆုံး ပြစ်ဒဏ်ချခံရတာလည်း ဖြစ်ပါတယ်။

"ခင်ဗျားရဲ့ ပြစ်မှုတွေက အင်မတန်မှ ဆိုးဝါးပြင်းထန်ပါတယ်။ မသေမချင်း ခင်ဗျားကို ထောင်ထဲမှာ ဖမ်းထားရင်တောင် လုံလောက်တဲ့ အပြစ်ပေးမှုမျိုး ဖြစ်မှာ မဟုတ်ဘူး" လို့ တရားသူကြီး ကင်မရွန်း မန်ဒါ က ခရိုက်စ်ချပ်မြို့မှာ ကြာသပတေးနေ့တုန်းက ပြောခဲ့ပါတယ်။

လွတ်ငြိမ်းသက်သာခွင့်မရှိ ထောင်တသက် ပြစ်ဒဏ်ချလိုက်တာနဲ့ ပတ်သက်လို့ တရားသူကြီး မန်ဒါက လုပ်ကိုလုပ်ရမယ့်အရာလို့ ပြောပါတယ်။

လွတ်ငြိမ်းသက်သာခွင့်မရှိတဲ့ ပြစ်ဒဏ်စီရင်ချက် ဆိုတာက ပြစ်မှုကျူးလွန်သူဟာ ထောင်ဒဏ်နှစ်တချို့ ကျခံပြီးရင်တောင် ထောင်ကလွတ်မြောက်ခွင့်ကို ခံစားပိုင်ခွင့် မရတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်။

ဒီလိုမျိုး ပြစ်ဒဏ်တွေကို "အင်မတန် ဆိုးဝါးတဲ့ လူသတ်သမားတွေကိုသာ" ချမှတ်လေ့ရှိကြောင်း တရားသူကြီး မန်ဒါက ဆိုပါတယ်။

နယူးဇီလန်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်မှာ သေဒဏ်ပေးတာ မရှိပါဘူး။

တားရန့်ကို တရားစီရင်ရာမှာ တရားသူကြီး မန်ဒါက ပြင်းပြင်းထန်ထန် စကားလုံးတွေသုံးခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တားရန့်ကို တရားစီရင်ရာမှာ တရားသူကြီး မန်ဒါက ပြင်းပြင်းထန်ထန် စကားလုံးတွေသုံးခဲ့

တားရန့်ရဲ့ ဒီပြစ်ဒဏ်နဲ့ ပတ်သက်လို့ နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန်က "နောက်တခေါက် ဒီလိုမျိုး လုပ်နိုင်မယ့် အခွင့်အရေး သူ ရတော့မှာ မဟုတ်သလို သူ့အကြောင်း သတင်းဆိုးလည်း ထပ်ထွက်လာတော့မှာ မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့လည်း သူ့ကို နောက်တခါ တွေ့တာ၊ မြင်တာ ကြားတာမျိုး ရှိတော့မှာ မဟုတ်ဘဲ သူ့အကြောင်း တွေးစရာလည်း မလိုတော့ပါဘူး" လို့ ပြောပါတယ်။

"အကြမ်းဖက်သမားရဲ့ နာမည်ကို ပြောဆိုသံတွေ ကြားရတာ ဒါနောက်ဆုံး နေရာဖြစ်ဖို့ မျှော်လင့်တယ်" လို့လည်း သူက ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ ဦးလေးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အာမက် ဝါလီ ခမ်းက တရားရုံးဆုံးဖြတ်ချက်ကို ခရိုက်စ်ချပ်မြို့မှာရှိတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းက ကြိုဆိုတယ်လို့ ဘီဘီစီကို ပြောပါတယ်။

"တရားဥပဒေအတိုင်း ပြစ်ဒဏ်ချမှတ်ခဲ့တဲ့အတွက် အားလုံးက ပျော်ရွှင်နေကြတယ်။ ဒီဆုံးဖြတ်ချက်ကို စောင့်နေတာ ကာလအတော်ကြာပြီ" လို့လည်း သူက ဆိုပါတယ်။

ခြေထောက်ကို အချက်ပေါင်းများစွာ အပစ်ခံခဲ့ရပြီး အခုအချိန်ထိ လမ်းလျှောက် စက်ကိရိယာ အကူအညီတွေ လိုအပ်နေသေးတဲ့ အာဖဂန် ဒုက္ခသည် တာ့ချ် ကမ်မရန်ကတော့ "သေဆုံးသွားသူတွေ အသက်ပြန်မရှင်နိုင်တော့ပေမယ့် ဒီတရားရုံးဆုံးဖြတ်ချက် ကြားသိပြီးရတဲ့နောက် သူ အိပ်ပျော်နိုင်တော့မယ်" လို့ ပြောပါတယ်။

"ဘယ်လိုပြစ်ဒဏ်မျိုးပဲ ချချ ကျွန်တော်တို့ ချစ်ရသူတွေကို ပြန်ခေါ်ဆောင်လာပေးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကြေကွဲဝမ်းနည်းမှုတွေဟာ ဘဝတလျှောက်လုံး ဆက်လက်ရှင်သန်နေမှာပါ" လို့လည်း သူက ဆိုပါတယ်။

လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ ဒီပစ်ခတ်မှုတွေကြောင့် နယူးဇီလန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေတွေကို ပိုမိုတင်းကျပ်ဖို့ စေ့ဆော်ပေးခဲ့သလို ဒီလိုမျိုး လက်နက်အမျိုးအစားတွေကို ပိုင်ရှင်တွေဆီကနေ ပြန်လည် ဝယ်ယူဖို့အထိ ဖြစ်ခဲ့ပါတယ်။

တရားသူကြီးက ဘာပြောသလဲ

၄ ရက်ကြာ ကြားနာစစ်ဆေးမှုရဲ့ နောက်ဆုံးနေ့မှာ တရားသူကြီး မန်ဒါက ဒီပစ်ခတ်မှုတွေကြောင့် အသက်သေဆုံး ဒဏ်ရာရခဲ့ကြတဲ့သူတွေအားလုံးကို တားရန့် ပြန်လည်အောက်မေ့သတိရစေဖို့အတွက် တနာရီနီးပါးကြာ သတိပေးခဲ့ပါတယ်။

သေနတ်သမားဟာ အပြစ်ရှိကြောင်း ထွက်ဆိုခဲ့ပေမယ့် "သူ့လုပ်ရပ်အပေါ် အရှက်ရတာ၊ နောင်တရတာမျိုး ရှိပုံ မပေါ်ဘူး" လို့လည်း တရားသူကြီးက ဆိုပါတယ်။

လျှော့ရက်မရှိ ထောင်ဒဏ်တသက် ပြစ်ဒဏ်ချမှတ်ဖို့အတွက် တရားလိုရှေ့နေတွေရဲ့ လျှောက်လဲချက်ကို ကန့်ကွက်စရာမရှိဘူးလို့ တရားရုံးမှာ ရှေ့နေကတဆင့် ပြောခဲ့တဲ့ မစ္စတာ တားရန့်ဟာ အခု ဒီပြစ်ဒဏ်အပေါ် တစုံတရာ တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။

တရားရုံး ကြားနာ စစ်ဆေးမှုမှာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း အစောပိုင်းကတုန်းက သူ ငြင်းဆန်ခဲ့ပါတယ်။

တရားရုံး ကြာနာ စစ်ဆေးမှုတွေကို တနင်္လာနေ့မှာ စတင်ခဲ့ပြီး ပထမ သုံးရက်မှာတော့ ဒီပစ်ခတ်မှုတွေကနေ အသက်မသေဘဲ လွတ်မြောက်လာသူတွေ၊ ကျန်ရစ်သူ မိသားစုတွေက သူတို့ရဲ့ ခံစားချက်တွေကို အဓိက ထုတ်ဖော်ပြောဆိုခဲ့ကြတာပါ။

တားရန့်ဟာ ပြီးခဲ့တဲ့ သုံးရက် ကြားနာ စစ်ဆေးမှုတွေမှာ လူအယောက် ၉၀ နီးပါးရဲ့ ရင်ဖွင့် ပြောကြားမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် အများကြီး စိတ်ထိခိုက် ဝမ်းနည်းတဲပုံ မပေါ်ပါဘူး။

အယ်လ်နူအာဗလီမှာ ပစ်သတ်ခံခဲ့ရတဲ့ အဘ်ဒဲလ်ဖာတာ ကာဆန်ရဲ့ သမီး ဆာရာ ကာဆန်ကတော့ သူ့ဖခင်ရဲ့ နောက်ဆုံးအချိန်တွေကို ပြောပြတဲ့အခါ "သူ နာကျင်ခံစားနေမလား၊ သူ ကြောက်ရွံ့ထိတ်လန့်နေမလား၊ သူ့ နောက်ဆုံးအချိန်မှာ ဘယ်တွေများတွေးနေမလဲ စတာတွေ ကျွန်မ စဉ်းစားမိတယ်။ သူ့လက်ကလေးကို ကိုင်ဆုပ်ထားပြီး အဖေရယ် အဖေ ပြန်သက်သာလာမှာပါလို့ ပြောပြချင်ခဲ့ပေမယ့် ကျွန်မ ပြောခွင့် မရခဲ့ပါဘူး။

မစ္စ ကာဆန်ဟာ ငိုချလိုက်ချင်ပေမယ့် သူ့မျက်ရည်တွေကို ပြန်ထိန်းပြီး "ဒီမျက်ရည်တွေက နင့်အတွက် မဟုတ်ဘူး" လို့ ပြောလိုက်ပါတယ်။

ခရိုက်စ်ချပ်မြို့မှာ ဘာတွေ ဖြစ်ခဲ့လဲ

၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ ခရိုက်စ်ချပ်မြို့က ဗလီနှစ်ခုကို သေနတ်သမားတဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။

သူဟာ အယ်လ်နူအာ ဗလီထဲက ဝတ်ပြုဆုတောင်းသူတွေကို အရင်ဆုံး ပစ်မှတ်ထားခဲ့တာပါ။ ၃၀ စက္ကန့်လောက် ကြာပြီးတဲ့နောက် တခြားလက်နက်တခုကို ယူဖို့ သူ့ကားဆီကို ပြန်လာခဲ့ပါတယ်။ အဲဒီနောက် ဗလီထဲ နောက်တခေါက် ထပ်ဝင်ပြီး အထဲမှာ ရှိနေသူတွေကို ထပ်ပစ်ခတ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်တခုလုံးကို သူ့ခေါင်းပေါ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ တဆင့် ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

တိုက်ခိုက်မှုဖြစ်ခဲ့ရာနေရာ
ဓာတ်ပုံ ပုံစာ, တိုက်ခိုက်မှုဖြစ်ခဲ့ရာနေရာ

အဲဒီနောက် လင်ဝုဒ် အစ္စလာမ်မစ် စင်တာကို ကားမောင်းသွားခဲ့ပြီး အဲဒီစင်တာ အပြင်ဘက်က လူနှစ်ဦးကို ပစ်ခတ်ခဲ့ပြီး ပြတင်းပေါက်တွေကိုလည်း သေနတ်နဲ့ ပစ်ခဲ့ပါတယ်။

အထဲမှာ ရှိတဲ့ အမျိုးသားတဦးက အပြင်ကို ပြေးထွက်၊ သေနတ်သမားရဲ့ သေနတ်တွေထဲက တစ်လက်ကို ကောက်ယူပြီး သူ့ကို ပြန်ခြောက်လွှတ်လိုက်ပါတယ်။

ရဲအရာရှိနှစ်ဦးက သေနတ်သမားနောက် လိုက်ဖမ်းခဲ့ပြီး နောက်ဆုံးမှာ သူ့ကို လက်ဝယ်ဖမ်းမိခဲ့ပါတယ်။ သူ့ရဲ့ အစီအစဉ်က ဒီတိုက်ခိုက်မှုတွေ ပြီးရင် ဗလီတွေကို မီးရှို့ဖျက်ဆီးပစ်မှာ ဖြစ်ပြီး သူအဲဒီလို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကို ပြောခဲ့ပါတယ်။

ဒီသီတင်းပတ် ကြားနာစစ်ဆေးမှုအတွင်း သေနတ်သမားဟာ နောက်ထပ် ဗလီတခုကို တိုက်ခိုက်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် အဲဒီအစီအစဉ် အထမမြောက်သေးခင် သူ့ကို ရဲအရာရှိတွေက ဖမ်းဆီးထားခဲ့တယ်ဆိုတာကိုလည်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

တားရန့်အကြောင်း ဘာတွေ သိထားလဲ

ဩစတေးလျဝန်ကြီးချုပ် စကော့ မောရီဆင်ကတော့ အသက် ၂၉ နှစ်အရွယ် လူဖြူကြီးစိုးရေးဝါဒီသမား တားရန့်ဟာ "အစွန်းရောက် လက်ယာဝါဒီ အကြမ်းဖက်သမား" လို့ ပြောဆိုခဲ့ပါတယ်။

သူ့ကို နယူးဇီလန်နိုင်ငံ နယူးဆောက်ဝေးစ်ပြည်နယ်မှာ မွေးခဲ့ပြီး ဖခင်ဖြစ်သူဟာ အမှိုက်သိမ်းသမားဖြစ်ပြီး မိခင်ဖြစ်သူကတော့ ကျောင်းဆရာမ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ သူ့ဖခင် ဆုံးပါးသွားပြီးတဲ့နောက် သူဟာ အလုပ်က ထွက်ခဲ့ပြီး အာရှနဲ့ ဥရောပတလွှား ခရီးနှင်ခဲ့ပါတယ်။

အဲဒီ့ခရီးစဉ်တွေဟာ သူ့ကို ပြောင်းလဲသွားစေခဲ့တယ်လို့ ယူဆတဲ့အကြောင်း အဘွားဖြစ်သူက 9News သတင်းဌာနကို ပြောခဲ့ပါတယ်။

" ပြည်ပနိုင်ငံတွေဆီ ခရီးတွေ ထွက်ပြီးမှသာ ကျွန်မ မြေးလေး ပြောင်းလဲသွားတာ။ ပြောင်းလဲသွားလိုက်တာမှ ကျွန်မတို့ အရင်က သိထားတဲ့ ကောင်လေး မဟုတ်တော့ဘူး" လို့လည်း အဘွားဖြစ်သူက ဆိုပါတယ်။

တရားရုံး ဝက်ခြံထဲမှာ ထိုင်နေတဲ့ တားရန့်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တရားရုံး ဝက်ခြံထဲမှာ ထိုင်နေတဲ့ တားရန့်

သူဟာ ၂၀၁၇ ခုနှစ်မှာ နယူးဇီလန်နိုင်ငံကို ပြောင်းရွှေ့ခဲ့ပြီး မွတ်ဆလင်အသိုင်းအဝိုင်းကို တိုက်ခိုက်မယ့် အစီအစဉ်တွေ စတင် ဆောင်ရွက်ခဲ့ပါတယ်။

သူဟာ အစွန်းရောက်တဲ့ အွန်လိုင်း ဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ဒီတိုက်ခိုက်မှု မလုပ်ခင်မှာ စာမျက်နှာ ၇၄ မျက်နှာရှိတဲ့ "ကြေညာစာတမ်း" တခုကိုလည်း အွန်လိုင်းပေါ်မှာ တင်ခဲ့ပါတယ်။

"လူမှုပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေကို ပြောဆိုဆွေးနွေးငြင်းခုန်တဲ့အပေါ်မှာ သက်ရောက်မှုတွေ ရှိလာဖို့ သေနတ်တွေကို ရွေးချယ်အသုံးပြုခဲ့တယ်။ သတင်းမီဒီယာတွေမှာလည်း ဒီအကြောင်း ဖော်ပြကြမှာ ဖြစ်လို့ ဒါဟာ အမေရိကန် နိုင်ငံရေးကိုသာမက တကမ္ဘာလုံးက နိုင်ငံရေး အခြေအနေအပေါ် သက်ရောက်မှု ရှိလာနိုင်တယ်" လို့ တားရန့်က သူရဲ့ ကြေညာစာတမ်းမှာ ရေးထားတဲ့အကြောင်း နယူးယောက်ခ်တိုင်းမ် သတင်းစာမှာ ဖော်ပြထားပါတယ်။

"အမေရိကန်နိုင်ငံတွင်းမှာ သေနတ်ကိုင်ဆောင်မှုတွေနဲ့ ပတ်သက်လို့ မတူတဲ့ သဘောထားအမြင်နှစ်ခုကြား ပဋိပက္ခတွေ ဖန်တီးနိုင်ဖို့ကိုလည်း မျှော်လင့်တယ်"လို့ တားရန့်က ဆိုထားပါတယ်။

"ဒီတိုက်ခိုက်မှု ပြီးတဲ့နောက် သူ့ကို ခဏလေးအတွင်မှာပဲ မေ့သွားကြမယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး" လို့လည်း သူက ပြောပါတယ်။

နယူးဇီလန်နိုင်ငံက ဘယ်လိုတုံ့ပြန်ခဲ့လဲ

ဒီတိုက်ခိုက်မှုဟာ နယူးဇီလန်နိုင်ငံမှာ သေနတ်ကိုင်ဆောင်မှု ဥပဒေ ပြုပြင်ပြောင်းလဲဖို့ စေ့ဆော်ပေးခဲ့ပါတယ်။

ဒီပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် တစ်လ မရှိသေးချိန်မှာပဲ နိုင်ငံတွင်းမှာ စစ်တပ်သုံး မောင်းပြန်သေနတ်တွေ အပါအဝင် တားမြစ်ထားတဲ့ သေနတ်အမျိုးအစားတွေ တပ်ဆင်ရာမှာ အသုံးပြုနိုင်တဲ့ အစိတ်အပိုင်းတွေကို ပိတ်ပင်မယ့် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ နယူးဇီလန်နိုင်ငံ လွှတ်တော်တွင်း အမတ် ၁၂၀ မှာ ၁၁၉ ယောက်က ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

ဒီပြုပြင်ပြောင်းလဲမှုတွေကြောင့် တရားမဝင် ဖြစ်သွားတဲ့ လက်နက်တွေ လက်ဝယ်ပိုင်ဆိုင်ထားသူတွေကို အစိုးရ လျော်ကြေးပေးပြီး သေနတ်တွေ ပြန်လည်ဝယ်ယူခဲ့ပါတယ်။

နိုင်ငံတွင်းမှာ အစွန်းရောက်ဝါဒကို အဆုံးသတ်နိုင်ဖို့ "ဒီထက်အများကြီး ပိုလုပ်ဖို့ လိုသေးတယ်" လို့ နယူးဇီလန် ဝန်ကြီးချုပ် မစ္စ အာဒန်က ပြောပါတယ်။