ကျိုင်းတုံဆွေးနွေးပွဲ နီးသော်လည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Bay Dar
ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ စက်တင်ဘာ ၁၇ ရက် မှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်း မဟာမိတ် ၄ဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ နှစ်ရက် အလိုအထိ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ အစိုးရ တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ရခိုင်ပြည်နယ်တွင်းက မြို့နယ် သုံးခု ဖြစ်တဲ့ မင်းပြား၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တို့မှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။
စက်တင်ဘာ ၁၄ ရက်က ဖြစ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ်ထဲက ကွမ်းတောင်ရွာက ထွက်လာတဲ့ စစ်ကြောင်း တစ်ခုကို အေအေ ရက္ခိုင့်တပ်က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲဟာ သုံးနာရီ ကြာမြင့်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲက ဒေသတွင်းမှာတော့ အကြာမြင့်ဆုံး နဲ့ အပြင်းထန်ဆုံး တိုက်ပွဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စက်တင်ဘာ ၁၄ ရက် ညနေ ၅နာရီခွဲကနေ ည ၉ နာရီကျော်အထိ သုံးနာရီကြာ တိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ဒီလ ၁၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် သေကံခွဆုံကနေ ရသေ့တောင်မြို့နယ် အိုးဖောက်ကို လှေနဲ့လာစဉ်မှာ အေအေက ဖြတ်တောက်တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကြောင်းဖြစ်ပါတယ်။
ဒီစစ်ကြောင်းဟာ ပြိန်းတောကျေးရွာက လူနာ ၃ ဦးကို သယ်ဆောင်ပြီးအမျှက်တောင် ရွာဘက်ကို လာစဉ်မှာ အခုလို ထပ်ပြီး တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
တိုက်ပွဲဟာ သုံးနာရီကျော် ဖြစ်ပွားခဲ့တဲ့အတွက် အထိအခိုက် အကျအဆုံး ရှိနိုင်ပေမယ့်ညဉ့်နက်ချိန် ဖြစ်တာကြောင့် အသေးစိတ်တော့မသိရဘူးလို့ ရွာသားတွေက ဆိုပါတယ်။
မင်းပြားမြို့နယ်မှာ ဖြစ်တဲ့ တိုက်ပွဲကတော့ ဒိုင်းသားကျေးရွာအနီး တစ်မိုင်ခန့်အကွာ သလူကျိုင် တောင်တန်းမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းနမ့်ဆန်မြို့ နဲ့ အနီးအနားမှာလည်း သြဂုတ်လ ၁၃ ရက်နေ့ကတည်းက တပ်နဲ့ TNLA ကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်တိုက်ပွဲမှာတော့ နမ့်ဆန် ပန်တူအူ ကျေးရွာမှာ နေထိုင်သူ ဦးအိုက်ထွန်းဟာ နေအိမ်ကို လက်နက်ကြီး ထိမှန်ခဲ့ပြီး လက်နက်ကြီးထိမှန်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးခဲ့တယ်လို့ နမ့်ဆန် မြို့နယ် ကျန်းမာရေးဝန်ထမ်းတွေက ဆိုပါတယ်။
လာမယ့် စက်တင်ဘာ ၁၇ က် မှာတော့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ ဝင်တွေအပြင် တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေကပါ ကျိုင်းတုံမှာ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။








