မြောက်ပိုင်းတစ်ကျော့ပြန် တိုက်ပွဲများနဲ့ တောင်ပိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ

ဓာတ်ပုံ ရင်းမြစ်, Lashio News Group
မြန်မာ့တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ အနားမှာ စက်တင်ဘာလ ၁၃ရက်နေ့က ဖြစ်ခဲ့ တဲ့တိုက်ပွဲကြောင့် ကျိုင်းတုံမှာ လာမယ့် အပတ်ထဲ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဟန့်အတားဖြစ်နိုင်မလားဆိုတာ မေးစရာတွေဖြစ်လာ ပါတယ်။
တိုက်ပွဲတွေမရှိခဲ့ရင်တော့ တစ်ဘက်နဲ့ တစ်ဘက် စကားပြောရတာ ပိုအဆင်ပြေတယ်လို့ TNLA ကပြောခွင့်ရသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ နမ့်ဆန်ဟာ ရှမ်းမြောက်ပိုင်းမှာရှိပြီးတော့ မြန်မာ့တပ်မတော်ဘက်က အပစ်ရပ်ထားမယ်လို့ ကြေညာထားတဲ့ စစ်တိုင်းတွေထဲမှာ ပါဝင်သလို မြောက်ပိုင်းအဖွဲ့တွေက စက်တင်ဘာလဆန်း က တစ်ဘက်သတ် အပစ်ရပ်ကြေညာထားတဲ့ နယ်မြေထဲမှာလည်း ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဘယ်နေရာတွေမှာဖြစ်တာလဲ
စက်တင်ဘာလ ၁၃ရက်နေ့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
အဲဒီ နမ့်ဆန် တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
နှစ်ဘက်ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် နမ့်ဆန်မြို့အနီးက ဟိုချောင်းကျေးရွာ၊ ဇယန်းကြီးကျေးရွာနဲ့ တောင်ရိုးဘုရားအနီးကဒေသခံတွေဟာ တိုက်ပွဲလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
မြန်မာ့တပ်မတော်က လက်နက်ကြီးတွေနဲ့ တစ်ရက်ထဲကို အကြိမ် ၈၀ ထက်မနည်း ပစ်ခဲ့တယ်လို့လည်း TNLA ကပြောခွင့်ရသူ ဗိုလ်မှူး မိုင်အိုက်ကျော်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဘာကြောင့်တိုက်ပွဲဖြစ်ရတာလဲ
အခုလို နှစ်ဘက်တိုက်ပွဲတွေဖြစ်ရတာနဲ့ပတ်သက်ပြီး တပ်စခန်းအနီး လာရောက် တိုက်ခိုက်တာကြောင့်လို့ မြန်မာ့တပ်မတော်ဘက်ကပြောပါတယ်။
TNLA ဘက်က အပစ်ရပ်ပြီး ရက်ပိုင်းအတွင်း သူတို့စစ်စခန်းတွေကို မြန်မာ့တပ်မတော်က လာတိုက်တာဟာ ၆ကြိမ်ထက်မနည်း ရှိပြီလို့လည်း မိုင်အိုက်ကျော်ကပြောပါတယ်။
"လိုအပ်လို့တိုက်ရတာပါ "လို့လည်း မြန်မာ့တပ်မတော်ဘက်က ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။
အခုလို တစ်ကျော့ပြန်တိုက်ပွဲတွေ သတင်းထွက်လာပြီးနောက်ပိုင်းမှာ ကျိုင်းတုံမှာကျင်းပမယ် လို့ သတင်းထွက်နေတဲ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးTNLA ဘက်က ဘာမှထပ်မပြောတော့ပါဘူး ။
"ဆွေနွေးပွဲတက်မယ် မတက်ဖူးဆိုတာကျွန်တော်တို့ အထက်လူကြီးနဲ့ အဆက်အသွယ် မရသေးလို့ ပြောလို့ မရသေးပါဘူး" လို့ မိုင်အိုက်ကျော်ကပြောပါတယ်။
ကျိုင်းတုံဆွေးနွေးပွဲ အစီစဉ်ကဘယ်လိုလဲ
လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တွေမှာ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရက ကမ်းလှမ်းထားတဲ့အပေါ် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ၁၇ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန်ထားတယ်လို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ဂွမ်ဂျာက ဘီဘီစီကို ပြောပါတယ်။
ဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်က ဘယ်သူတွေတက်မယ် ဆိုတာကိုတော့ အတိအကျမသိရသေးကြောင်းနဲ့ ဆွေးနွေးပွဲမှာ တပ်မတော် ကိုယ်စားလှယ်တွေ ပါဝင်လာမယ်လို့ မျှော်လင့်ကြောင်းလည်း ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
ကျိုင်းတုံမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ဆွေးနွေးပွဲမှာ စက်တင်ဘာလအတွင်း ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ပြီးနောက်မှာ ကျိုင်းတုံမှာပဲ ထပ်မံတွေ့ဆုံဖို့ အစိုးရက ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင်တွေသာ တက်ရောက်ခဲ့တာကြောင့် တပ်နေရာချထားရေးကိစ္စတွေ မဆွေးနွေးဖြစ်ခဲ့ဘဲ လာမယ့် ဆွေးနွေးပွဲမှာ တပ်မတော် ကိုယ်စားလှယ်တွေ တက်လာဖို့ ရှိတဲ့အတွက် တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ ရှိလာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DAu Dee
တပ်ဘက် ကကျိုင်းတုံဆွေးနွေးပွဲတက်မှာလား
ကျိုင်းတုံဆွေးနွေးပွဲဟာ ပဏာမအပစ်ရပ် လက်မှတ်ရေးထိုးရေးအတွက် အဓိက အခက်အခဲဖြစ်နေတဲ့ တပ်နေရာချထားရေးကိစ္စကိုလည်း ဆွေးနွေးနိုင်မယ်လို့ ငြိမ်းချမ်းရေး အကျိုးဆောင်တွေက မျှော်လင့်နေပါတယ်။
သမ္မတရုံးညွန်ကြားရေးမှူးချုပ် ရဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာတော့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို အားလုံးနဲ့ ဆွေးနွေးသလို တစ်ဖွဲ့ ချင်းစီနဲ့လည်း ဆွေးနွေးဖို့ရှိတယ်လို့ ပြောခဲ့ပါတယ်။
"တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးတွေတက်မယ် ၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦးလည်းတက်မယ်၊ ကျိုင်းတုံဆွေးနွေးပွဲကို ကျွန်တော်တို့ အလေးထားပါတယ်" လို့လည်း သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဒီဆွေးနွေးပွဲရလဒ် ပေါ်မူတည်ပြီးတော့ မြန်မာ့တပ်မတော်က အပစ်ရပ် သက်တမ်းတိုးတာကလည်း ရှိလာနိုင်ပါမယ်။ ဒီတော့ ရလဒ် မကောင်းမှာ စိုးရိမ်တယ်လို့လည်း သူက စက်တင်ဘာ၁၃ ရက် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ ပါတယ်။
တပ်ဘက်က အရာရှိကြီးတွေကတော့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့နဲ့ ဆွေးနွေးရာမှာ တပ်မတော်အနေနဲ့ သီးခြားဆွေးနွေးမှာ မဟုတ်ဘဲ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တစ်ဝိုင်းတည်း ဆွေးနွေးမယ်လို့ သမ္မတရုံး ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။

အစိုးရဘက်က တော့ ကျိုင်းတုံဆွေးနွေးပွဲကို အလေးထားတယ်ဆိုပေမယ့် TNLA ကတော့ "ကျွန်တော်စောစောက ပြောသလိုပေါ့၊ တိုက်ပွဲတွေရှိနေရင် တစ်ဘက်နဲ့တစ်ဘက် ပြောဆိုဆွေးနွေးတဲ့နေရာမှာ အဟန့် အတားဖြစ်စေနိုင်တယ်" လို့လည်း မိုင်အိုက်ကျော်ကပြောပါတယ် ။








