တရုတ် ထိပ်တန်း အရာရှိဟောင်း အဂတိမှု ဝန်ခံ

ဓာတ်ပုံ ရင်းမြစ်, Reuters
တရုတ် နိုင်ငံမှာ အတွင်းကျကျ စုံစမ်း ဖော်ထုတ်ခဲ့တဲ့ သတင်းထောက် တွေကြောင့် အဂတိ လိုက်စားမှု ဖြစ်ရပ်မှန်တွေ ပေါ်ခဲ့ရတဲ့ တရုတ် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်ဟောင်း တစ်ဦးက သူဟာ အဲဒီ ပြစ်မှုတွေကို ကျူးလွန် ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။
စီမံကိန်း ဌာန လက်ထောက် အကြီးအကဲဟောင်း လျူ တီယန်နန် Liu Tienan ဟာ အာဏာကို အလွဲသုံးစား လုပ်ပြီး ကုမ္ပဏီတွေ ဆီက လာဘ်ငွေတွေ ယူခဲ့တယ်လို့ စွပ်စွဲချက် တွေနဲ့ အမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သူဟာ အပန်းဖြေ စံအိမ်၊ တန်ဖိုးကြီး Porsche ကား အပါအဝင် လာဘ်ငွေ ဒေါ်လာ ၆ သန်း နီးပါးနဲ့ တခြား လက်ဆောင်တွေကို လက်ခံ ယူခဲ့တယ်လို့ ဘေဂျင်း မြို့အနီးက တရားရုံးက ဆိုပါတယ်။
ဒီအမှုကြောင့် သူဟာ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ် ခံရဖွယ် ရှိနေပါတယ်။
တရုတ် နိုင်ငံမှာ ခေါင်းဆောင် ရှီကျင်ပင်း အာဏာ ရခဲ့တဲ့ ၂၀၁၂ ခုနှစ်က စပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ရေးတွေ လုပ်ခဲ့ရာမှာ ပစ်မှတ်ထား အရေးယူ ခံရတဲ့ အဆင့်မြင့် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် အများအပြား ရှိခဲ့ပြီး လျူ တီယန်နန် ဟာလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။




