စကော့လန်မှာ မဲဆန္ဒရှင် ၈၀ရာနှုန်း မဲပေးကြ

ဓာတ်ပုံ ရင်းမြစ်, Getty
UK နိုင်ငံထဲကနေ စကော့တလန် ပြည်နယ် ခွဲထွက်ရေး မထွက်ရေး လူထု ဆန္ဒမဲတွေ စတင် ရေတွက်နေပြီ ဖြစ်ရာမှာ မကြာခင် နာရီပိုင်းအတွင်း မဲရလဒ် ထွက်လာတော့မှာပါ။
စုစုပေါင်း ၃၂နယ်ထဲက ပထမဆုံးဝင်လာတဲ့ Clackmannanshireနယ်ရလဒ်ကတော့ ယူကေမှာ ဆက်နေမယ်လို့ အဖြေထွက်လာပါတယ်
မဲလာပေးသူ အရေအတွက် များပြားခဲ့ပြီး ဒါဟာ ဒီမိုကရေစီအတွက် အတုယူစရာနေ့ တနေ့ ဖြစ်တယ်လို့ နိုင်ငံရေး သမားတွေက ဖော်ညွှန်း ပြောဆိုခဲ့ကြပါတယ်။
စကော့တလန် ပြည်နယ်ထဲမှာ နေထိုင်နေကြတဲ့ စကော့ လူမျိုးတွေအနေနဲ့ UK နိုင်ငံထဲကနေ ခွဲထွက်ပြီး လွတ်လပ်ရေး လိုချင်ရင် yes ထောက်ခံမဲ၊ ဒါမှမဟုတ် UK နိုင်ငံထဲမှာပဲ တပေါင်းတစည်းထဲ ဆက်နေချင်ရင်တော့ No ကန့်ကွက်မဲ ပေးရမှာ ဖြစ်ပါတယ်။
မဲပေးခဲ့သူတွေကို ကောက်ယူခဲ့တဲ့ တရားမဝင် အင်တာနက် စစ်တမ်း တွေအရတော့ No ကန့်ကွက်မဲ ပေးသူတွေဘက်က ၈မှတ်လောက် ကပ်ပြီး အသာရနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း နောက်ဆုံး ရလဒ်တွေကတော့ UK စံတော်ချိန် သောကြာနေ့ မနက် မတိုင်ခင် အထိ သိရအုံးမှာ မဟုတ်သေးပါဘူး။
စကော့ လူမျိုး အတော်များများကတော့ တညလုံး မအိပ်ပဲ မဲရလဒ်တွေ စောင့်ကြည့်နေမယ်လို့ ပြောပါတယ်။
အခု ဆန္ဒခံယူပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်တစောင်ကို အယ်လစ်ဇဘက် ဘုရင်မကြီးက သောကြာနေ့လည်မှာ ထုတ်ပြန်မှာဖြစ်ပါတယ်။








