အီဘိုလာနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီ သတိပေး

ဓာတ်ပုံ ရင်းမြစ်, EPA
အီဘိုလာ ရောဂါကို နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ အန္တရာယ် တခု အဖြစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထုတ်ဖော်ကြေညာလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင် ၁၅နိုင်ငံရဲ့ အရေးပေါ် အစည်းအဝေးကနေ တညီတညွတ်တည်း အတည်ပြုလိုက်တဲ့ ဆုံးဖြတ် ပြဌာန်းချက်ထဲမှာ ကမ္ဘာ့ နိုင်ငံ အားလုံးအနေနဲ့ အနောက် အာဖရိက ဒေသက အီဘိုလာ ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို အကူအညီတွေ အမြန်ဆုံး ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် ခရီးသွားလာခွင့် ကန့်သတ်ထားမှုတွေကိုလည်း ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုထားပြီး ဒီကန့်သတ်မှုတွေဟာ ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ လူထု ကျန်းမာရေး ပြဿနာ တခုအတွက် အခုလို အစည်းအဝေး ခေါ်ယူတာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။
အီဘိုလာ ရောဂါကြောင့် လူပေါင်း ၂ထောင့် ၆ရာကျော် သေဆုံးခဲ့တယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောပါတယ်။




