IS အဖွဲ့ကို ချေမှုန်းရေး နိုင်ငံ ၃၀ ကတိပေး

ဓာတ်ပုံ ရင်းမြစ်, epa
IS အစ္စလာမ်မ္မစ် နိုင်ငံ အဖွဲ့ကို တိုက်ခိုက်ရာမှာ ပူးပေါင်း ကူညီမယ်လို့ နိုင်ငံပေါင်း ၃၀ က နိုင်ငံခြားရေး ဝန်ကြီးတွေက ကတိပြု လိုက်ပါတယ်။
IS အဖွဲ့ကို တိုက်ဖျက်ဖို့ မဟာဗျူဟာ ချမှတ် နိုင်ရေးအတွက် ပြင်သစ် နိုင်ငံ ပဲရစ် မြို့မှာ ပြုလုပ်တဲ့ နိုင်ငံတကာ ညီလာခံကို အဲဒီ ဝန်ကြီးတွေ တက်ရောက် နေကြတာ ဖြစ်ပါတယ်။
အဲဒီ ညီလာခံ ကြေညာချက်ထဲမှာ သူတို့ အနေနဲ့ စစ်ရေး အကူအညီ အပါအဝင် အီရတ် အတွက် လိုအပ်တဲ့ ဘယ်လို ကူညီမှုမျိုး မဆို အားလုံးကို ထောက်ပံ့ ပေးသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးတွေ ကတိပြု ခဲ့ကြတာ ဖြစ်ပါတယ်။
ခုလို ညီလာခံ တက်လာကြသူ အားလုံးက IS အဖွဲ့ကို တိုက်ခိုက်ဖို့ သဘောတူကြတယ် ဆိုတာကို အားရ ကျေနပ် မိတယ်လို့ ပြင်သစ် နိုင်ငံခြားရေ ဝန်ကြီး Laurent Fabius က ပြောပါတယ်။
IS အဖွဲ့ကို နောက်ဆုတ်သွားအောင် သာမက လုံးဝ ချေမှုန်းနိုင်ဖို့ကိုလည်း အားလုံးက လိုလားတယ်လို့ သူက ပြောပါတယ်။
ပြင်သစ် သမ္မတ Francois Hollande ကလည်းIS အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ရဲ့ အန္တရာယ်ဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် နေပြီး တစ်ကမ္ဘာလုံးက ပူးပေါင်း တုံ့ပြန်ဖို့ လိုတယ်လို့ ညီလာခံ ဖွင့်ပွဲမှာ ပြောသွားပါတယ်။




