ယူကရိန်းမှာ ကန်နဲ့ နေတိုး စစ်ရေး လေ့ကျင့်

ဓာတ်ပုံ ရင်းမြစ်, Getty
ယူကရိန်း နိုင်ငံ အနောက်ပိုင်းမှာ အမေရိကန်နဲ့ တခြား နိုင်ငံ ၁၄ နိုင်ငံက တပ်ဖွဲ့တွေရဲ့ ၁၁ ရက်ကြာ စစ်ရေး လေ့ကျင့်မှုတွေ စတင် ခဲ့ပါတယ်။
Rapid Trident လို့ ခေါ်တဲ့ အဲဒီ စစ်ရေး လေ့ကျင့်မှုတွေက ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနဲ့ တည်ငြိမ်ရေးကို အဓိကထားပြီး ရည်ရွယ် ပြုလုပ်မှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ အဆိုအရ ဒီအစီအစဉ်ကို လက်ရှိ ယူကရိန်း အကျပ်အတည်း မတိုင်ခင် ကတည်းက စီစဉ်ခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့် NATO အဖွဲ့ဝင် နိုင်ငံတွေက အများစု ပါဝင်တဲ့ တပ်ဖွဲ့ဝင် ထောင့်သုံးရာနဲ့ အခုလို စစ်ရေး လေ့ကျင့်တာဟာ ယူကရိန်း အရှေ့ပိုင်းက တင်းမာမှုတွေကိုတော့ လျော့ပါးအောင် လုပ်ဆောင်နိုင်ဖွယ် မရှိပါဘူး။
ယူကရိန်း အစိုးရကတော့ သူတို့ တပ်ဖွဲ့တွေကို နေတိုး အဖွဲ့ဝင် နိုင်ငံ တချို့က လက်နက်တွေ တိုက်ရိုက် ထောက်ပံ့တယ်လို့ ပြောပါတယ်။
နေတိုး အဖွဲ့ကတော့ ဒါကို အတည်ပြုခြင်း မရှိသလို ငြင်းဆိုခြင်းလည်း မရှိပါဘူး။




