ရုရှားအပေါ် ပိတ်ဆို့မှု အီးယူ ထပ်မံ ကြေညာဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကရိန်း အစိုးရနဲ့ ရုရှား လိုလားသူ သူပုန်တွေကြား အပစ်အခတ် ရပ်စဲဖို့ သဘော တူညီတာဟာ ရုရှား အပေါ် ဥရောပ သမဂ္ဂရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ရပ်တန့်ဖို့ လုံလောက်တဲ့ အကြောင်းရင်း မဟုတ်သေးဘူးလို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်ရဲ့ ပြောရေးဆိုခွင့် ရှိသူက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
နယ်စပ် ထိန်းချုပ်မှု ကိစ္စနဲ့ အကျဉ်းသား ဖလှယ်ရေးလို ကိစ္စတွေကိုလည်း ထုတ်ဖော် ပြောဆိုဖို့ လိုတဲ့ အကြောင်းနဲ့ အပစ်အခတ် ရပ်စဲရေး အကျိုး သက်ရောက်မှု ရှိစေဖို့ OSCE ခေါ် ဥရောပ လုံခြုံရေးနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို ဝင်ခွင့် ပေးရမယ်လို့လည်း ဂျာမန် ဝန်ကြီးချုပ် ရဲ့ ပြောရေးဆိုခွင့် ရှိသူ Steffen Seibert က ပြောပါတယ်။
ယူကရိန်း နိုင်ငံထဲမှာ ရှိနေတဲ့ ရုရှား တပ်ဖွဲ့တွေကို ရုရှား အစိုးရက ဆုတ်ခွာ မပေးခဲ့ရင်၊ လက်ရှိ အပစ်ရပ် သဘောတူညီမှုကို မလိုက်နာခဲ့ရင် ရုရှား အပေါ် နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေကို အီးယူက ဒီကနေ့ နှောင်းပိုင်းမှာ ကြေညာဖို့ ရှိပါတယ်။
ရုရှား အစိုးရ ကတော့ နောက်ထပ် ပိတ်ဆို့ အရေးယူမှုတွေက ရုရှားရဲ့ စွမ်းအင် ကဏ္ဍ ဒါမှ မဟုတ် ဘဏ္ဍာရေး လုပ်ငန်းတွေကို ကန့်သတ်ခဲ့မယ် ဆိုရင် အနောက်နိုင်ငံတွေရဲ့ လေယာဉ်တွေ ရုရှား လေကြောင်း ပိုင်နက် အတွင်း ပျံသန်းခွင့်ကို ပိတ်ပစ်မယ်လို့ ပြောပါတယ်။




