ပြင်သစ်အစိုးရအဖွဲ့ သမ္မတဖျက်သိမ်း

ပြင်သစ်ဝန်ကြီးချုပ် Manuel Valls ကို အစိုးရသစ်ဖွဲ့ဖို့ ညွှန်ကြား
ဓာတ်ပုံ ပုံစာ, ပြင်သစ်ဝန်ကြီးချုပ် Manuel Valls ကို အစိုးရသစ်ဖွဲ့ဖို့ ညွှန်ကြား

ပြင်သစ် သမ္မတရဲ့ စီးပွားရေးဆိုင်ရာမူဝါဒတွေကို စီးပွားရေးဝန်ကြီးနဲ့ ပညာရေးဝန်ကြီးတို့ ကိုယ်တိုင်က လူသိရှင်ကြား ထုတ်ဖေါ် ဝေဖန်ခဲ့ကြပြီးတဲ့ နောက်မှာ ပြင်သစ် သမ္မတ ဖရန်စွာ အော်လန်က အစိုးရ အဖွဲ့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

ဝန်ကြီးချုပ် Manuel Valls မန်ဝဲ ဗဲစ်ကို အင်္ဂါနေ့နောက်ဆုံးထားပြီး အစိုးရ အသစ်ဖွဲ့ဖို့ သမ္မတက ညွှန်ကြားထားပါတယ်။

စီးပွားရေးလုပ်ငန်းတွေကို အခွန်လျော့ကောက်တာ ကာမိအောင် အသုံးစရိတ်လျော့ချမယ့် အစိုးရရဲ့ အစီအစဉ်တွေကို ပြောင်းလဲဖို့ဝန်ကြီး ၂ဦးက တောင်းဆိုခဲ့ပြီးတဲ့နောက် အခုလို အစိုးရအဖွဲ့ကို အသစ်ဖွဲ့ဖို့ ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

ခြို့ခြံချွတာရေး အစီအစဉ်တွေဟာ စီးပွားရေးတိုးတက်မှုကို ထိခိုက်စေခဲ့ပြီ ပြင်သစ်နိုင်ငံနဲ့ ယူရိုဇုံတလျောက် စီးပွားရေး ပျက်ယွင်းနေတာတွေက သာဓကဖြစ်တယ်လို့ စီးပွားရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထောက်ပြ ဝေဖန်နေခဲ့တာ ဖြစ်ပါတယ်။