အိန္ဒိယ မြေပြိုမှု ၂၃ ဦးသေ၊ ၁၅၀ ခန့် ပျောက်ဆုံးဆဲ

ဓာတ်ပုံ ရင်းမြစ်, AP
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ကျေးရွာတစ်ရွာ မြေပြိုကျမှုမှာ ခုချိန်အထိ သေဆုံးသူ ၂၃ ယောက် ရှိနေပြီ ဖြစ်ပြီး ကယ်ဆယ်ရေး သမားတွေက အသက်ရှင်နေသူတွေကို ညလုံးပေါက် ဆက်လက် ရှာဖွေနေခဲ့ပါတယ်။
ဒါပေမယ့် မိုးက ဆက်တိုက် ရွာနေတဲ့အတွက် အသက်ရှင်နေနိုင်သူတွေကို ဆက်လက် ရှာဖွေရာမှာ အဟန့်အတား ဖြစ်နေပါတယ်။
ကယ်ထုတ်နိုင်ခဲ့ပြီးသူ ၈ ယောက်ကိုတော့ သူတို့ ရတဲ့ ဒဏ်ရာတွေကို ဆေးကုသပေးနေပါတယ်။
မုတ်သုံမိုး သည်းထန်လို့ ဗုဒ္ဓဟူးနေ့က တောင်ပြိုကျခဲ့တဲ့အတွက် Pune ခရိုင်အတွင်းက Malin ရွာ နစ်မြုပ်သွားခဲ့တာပါ။
ဘယ်လောက်ထိ ပျက်စီးတယ် ဆိုတာ သိရအောင် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Rajnath Singh က အဲဒီနေရာကို ကိုယ်တိုင်သွားခဲ့ပါတယ်။
ပျောက်နေဆဲ လူပေါင်း ၁၅၀ လောက် ရှိနေပြီး သူတို့ဟာ ရွံ့နွံတွေ ဒါမှမဟုတ် အပျက်အစီးတွေအောက်မှာ ရှိနေနိုင်တယ်လို့ ယူဆရပါတယ်။
အဲဒီဒေသမှာ သစ်ခုတ်လှဲမှု အကြီးအကျယ် ဖြစ်နေခဲ့လို့ မြေပြိုကျတဲ့ အန္တရာယ် ရှိနေခဲ့တာ ဖြစ်ပါတယ်။




