စစ်တပ်ကဏ္ဍ ပြင်ဆင်ရေး ဂျပန် အစိုးရ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, AP
ဂျပန်နိုင်ငံရဲ့ စစ်ဆန့်ကျင်ရေး အခြေခံဥပဒေ ပြန်လည် ပြင်ဆင် ရေးဆွဲဖို့ အစီအစဉ်ကို ဂျပန် အစိုးရအဖွဲ့က အတည်ပြုလိုက်ပါတယ်။
ဒီအတွက် ဂျပန် စစ်တပ်ဟာ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပိုပြီး လွတ်လွတ် လပ်လပ် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
အခုလို ပြင်ဆင်မယ့် အစီအစဉ် ပြီးစီးတဲ့အခါ ဂျပန်ဟာ အမေရိကန်လို သူ့ရဲ့ အဓိက မဟာမိတ်တွေ စစ်ရေးအရ တိုက်ခိုက်ခံရတာမျိုး ရှိခဲ့ရင် ဂျပန် စစ်တပ်က ဝင်ကူလို့ ရသွားမှာ ဖြစ်ပါတယ်။
အရင်ကတော့ ဂျပန် အနေနဲ့ သူ့ကိုယ်သူ ခုခံဖို့ အတွက်သာ လက်နက်ကိုင် တပ်ဖွဲ့တွေကို အသုံးပြုလို့ရတာ ဖြစ်ပါတယ်။
ဒီလို ပြင်ဆင်မယ့် အစီအစဉ်ကို ဂျပန် ကက်ဘိနက် အဖွဲ့က အတည်ပြုပြီးပေမယ့် လုပ်ထုံးလုပ်နည်းအရ ပါလီမန်ရဲ့ သဘောတူညီချက်ကို စောင့်ရမှာ ဖြစ်ပါတယ်။
တရုတ် နိုင်ငံကတော့ ဒီလို ပြုပြင် ပြောင်းလဲမှာကို ကန့်ကွက်လိုက်ပါတယ်။
ဂျပန် နိုင်ငံတွင်းမှာလည်း ကန့်ကွက် ဆန္ဒပြသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။




