အငြင်းပွား ရေပြင်အနီး ဂျပန် ရေဒါစခန်း ဆောက်

သူ့ပိုင်နက် ကျွန်းတွေကို ကာကွယ်ဖို့ လုပ်မယ်လို့ ဂျပန်ကဆို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သူ့ပိုင်နက် ကျွန်းတွေကို ကာကွယ်ဖို့ လုပ်မယ်လို့ ဂျပန်ကဆို

ထိုင်ဝမ် ကမ်းရိုးတန်း အလွန် ဂျပန် နိုင်ငံပိုင် Yonaguni ကျွန်းပေါ်မှာ၊ ရေဒါ စစ်စခန်း တစ်ခုကို ဂျပန်က စတင် ဆောက်လုပ် နေပြီ ဖြစ်ပါတယ်။

ဂျပန် နိုင်ငံရဲ့ ဒီလို လုပ်ဆောင် မှုဟာ၊ တရုတ် နိုင်ငံကို ဒေါသ ထွက်စေ နိုင်ပါတယ်။

ဒီလို ဂျပန်က စစ်စခန်း အသစ် ဆောက်လုပ် လိုက်တဲ့ ကျွန်းဟာ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနဲ့ ဂျပန် နိုင်ငံတို့ အကြား ပိုင်ဆိုင်မှု အချင်းများ နေတဲ့ ကျွန်းစုနဲ့ ကီလိုမီတာ ၁၅၀ ကျော်သာ ကွာဝေး ပါတယ်။

လောလောဆယ် အဲဒီ့ Senkaku ကျွန်းစုဟာ၊ ဂျပန်နိုင်ငံရဲ့ ထိန်းချူပ်မှု အောက်မှာ ရှိပေမယ့်၊ တရုတ် နိုင်ငံ ကလည်း အဲဒီ ကျွန်းစုကို သူတို့ ပိုင်ဆိုင်တဲ့ Diaoyu ကျွန်းစု ဖြစ်တယ် ဆိုပြီး အငြင်းပွား နေကြတာ ဖြစ်ပါတယ်။

Yonaguni ကျွန်းပေါ်မှာ ဂျပန်က အခု စပြီး တည်ဆောက် နေတဲ့ စစ်တပ် ရေဒါစခန်း ကနေ တရုတ် ပြည်မကြီး နား အထိအောင် ထောက်လှမ်းရေး အလုပ်တွေ တိုးချဲ့ လုပ်နိုင်စွမ်း ရှိလာတော့မှာ ဖြစ်သလို၊ နောက်ထပ် တခြား ကျွန်း တွေမှာ လည်း ဂျပန်ရဲ့ စစ်တပ်က နေရာ ချထားတာတွေ လုပ်လာ နိုင်တဲ့ အရိပ် လက္ခဏာ မျိုး မြင်နေ ရပါတယ်။

ဒီ စစ်ရေဒါ စခန်း တည်ဆောက်မှု စတင် တဲ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ၊ ဂျပန် ကာကွယ်ရေး ဝန်ကြီး Itsunori Onodera က ဂျပန်နိုင်ငံ အနောက်တောင် ဘက်ပိုင်း အခြား ကျွန်းစု တွေဆီ ကိုပါ စစ်တပ် နေရာ ချထားမှု ကို တိုးချဲ့ နိုင်တယ် ဆိုပြီး ပြောကြား ခဲ့ပါတယ်။

သူ့အနေနဲ့ ဂျပန် နိုင်ငံ ပိုင်နက် နယ်မြေ အစိတ်အပိုင်း ဖြစ်တဲ့ ကျွန်းတွေကို ကျကျနန ကာကွယ် နိုင်အောင် တည်ဆောက်မှု တွေ ဆောင်ရွက် သွားမယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီး က ဆိုခဲ့ပါတယ်။