အီရတ်စစ်ပွဲ - နှစ် ၂၀ ကြာလာတဲ့အခါ အဓိကလူတွေ ဘယ်ရောက်သွားလဲ

George W. Bush during his famous "mission accomplished" speech on 1 May 2003

ဓာတ်ပုံ ရင်းမြစ်, Getty Images

အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ အီရတ်ကို ဝင်ကျူးကျော်တာ နှစ် ၂၀ မြောက်ရှိလာပါပြီ။ အဲဒီစစ်က အီရတ်တွင်းရော၊ အီရတ်ပြင်ပမှာပါ အကြမ်းဖက် မတည်ငြိမ်မှုတွေကို ဖြစ်လာစေခဲ့ပြီး အခုအချိန်ထိလည်း ဆက်ရှိနေဆဲပါ။

၂၀၀၃ မတ်လ ၂၀ က စခဲ့တဲ့ အငြင်းပွားစရာ စစ်ဆင်ရေးဟာ ဆက်ဒမ်ဟူစိန် အစိုးရကို အလျင်အမြန် ဖြုတ်ချလိုက်ပေမဲ့ ဆန့်ကျင်ပုန်ကန်မှု တွေ၊ နိုင်ငံရေးအရ ကွဲပြားမှု တွေက အခုအချိန်ထိ အကျယ်အပြန့် ရှိနေပါသေးတယ်။

ဆက်ဒမ်က ၉ လလောက် အဖမ်းမခံရအောင် တိမ်းရှောင်နေနိုင်ခဲ့ပြီးနောက် ၂၀၀၃ ဒီဇင်ဘာမှာတော့ သူ အဖမ်း ခံရ ပါတယ်။ အီရတ် အစိုးရသစ်က နောက် ၃ နှစ်အကြာမှာ သူ့ကို သေဒဏ် စီရင်ခဲ့ ပါတယ်။

အငြင်းပွားစရာ အကြီးအကျယ်ရှိတဲ့ ဒီစစ်ပွဲမှာ အဓိက နေရာက ပါခဲ့သူတွေ ဘာတွေ ဖြစ်ကုန်ပါလဲ။ ကြည့်ကြရအောင်ပါ။

ဆက်ဒမ် ဟူစိန်

ဆက်ဒမ်က ၁၉၉၀ - ၉၁ ပင်လယ်ကွေ့စစ်ပွဲမှာ အမေရိကန် ညွန့်‌ပေါင်းတပ်တွေကို ရှုံးခဲ့ပေမဲ့ အီရတ်နိုင်ငံကို ၁၉၇၉ ကနေ ၂၀၀၃ အထိ ဖိနှိပ် အုပ်ချုပ်ခဲ့ တာပါ။ ပင်လယ်ကွေ့စစ်ပွဲအတွင်း သူက အိမ်နီးချင်း ကူဝိတ်ကို ၁၉၉၀ သြဂုတ်မှာ ဝင်ကျူးကျော် ခဲ့ပေမဲ့ အားကောင်းတဲ့ မဟာမိတ် ညွန့်ပေါင်းတပ်တွေကြောင့် သူ ပြန်ဆုတ်ခွာ ခဲ့ရပါတယ်။

၂၀၀၃ မတ်လ အီရတ်စစ်ပွဲမှာ သူ့ တပ်တွေ ၃ ပတ်အတွင်း ပြိုကျသွားပါတယ်။ သူ အစပိုင်းမှာ ပုန်းနိုင်ခဲ့ပေမယ့် နောက်ဆုံး အဲဒီနှစ် ဒီဇင်ဘာ ၁၃ မှာ အမေရိကန်တပ်တွေက သူ့ကို ဖမ်းမိသွား ပါတယ်။

၂၀၀၆ ခုနှစ်မှာ သူ ကြိုးပေး ကွက်မျက်ခံရပါတယ်။ တချိန်က သူ့ ထောက်လှမ်းရေး အဖွဲ့တွေက သူ့ကို ဆန့်ကျင်တဲ့သူတွေကို စီရင်တဲ့ ကြိုးစင်မှာပဲ သူ့ကို စီရင်ခဲ့ပြီး အီရတ် နိုင်ငံပိုင် ရုပ်သံက ဆက်ဒမ် ဟူစိန် ကြိုးစင်ကို လျှောက်သွားတဲ့ ပုံတွေကို ပြသခဲ့ပါတယ်။

အညံ့မခံဘူးဆိုတဲ့ နောက်ဆုံးပြသချက်အဖြစ် သူက ကြိုးမပေးခင် ခေါင်းစွပ် စွပ်တာ ကို လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။

Saddam Hussein during his presidency days

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂျော့ ဒဗလျူ ဘုရှ်

၂၀၀၃မှာ ဂျော့ ဒဗလျူ ဘုရှ် အာဏာရလာပြီး သူဟာ အီရတ်ကို စစ်ပြုတဲ့ ဒုတိယ အမေရိကန် သမ္မတဖြစ်လာပါတယ်။ သူက သူ့ ၁၉၈၉ နဲ့ ၁၉၉၃ ကြား အာဏာရခဲ့တဲ့ သူ့ဖခင် ‌ဂျော့ဘုရှ်ရဲ့ အီရတ်စစ်ပွဲ ခြေရာကို နင်းခဲ့သူပါ။

9/11 တိုက်ခိုက်မှုအပြီး ဘုရှ် ဂျူနီယာက လူကြိုက်များတဲ့ အမေရိကန် သမ္မတ လူထုစစ်တမ်း (Gallup စစ်တမ်းအရ - ၉၁%)မှာ ထိပ်ဆုံးရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် စစ်သား ၄,၄၀၀ သေဆုံးခဲ့တဲ့ အီရတ်စစ်ပွဲကို သူကိုင်တွယ် ခဲ့ပုံကြောင့် သူ သမ္မတ အဖြစ်က ဆင်းတဲ့ ၂၀၀၉ ခုနှစ်မှာ လုပ်တဲ့ လူထုစစ်တမ်းအရ လူကြိုက်များ သမ္မတ စစ်တမ်းသမိုင်းမှာ အနိမ့်ဆုံးနေရာကို သူကျဆင်း သွားခဲ့ ပါတယ်။

ဘုရှ်က အခုအချိန်မှာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ရာထူးက ဆင်းပြီးတဲ့နောက်ပိုင်း မီဒီယာ ရှေ့မှာ တခါတလေမှသာ သူ ပြန်ပေါ်လာ တတ်ပြီး သူက အဲဒီ စစ်ပြုဖို့ ဆုံးဖြတ်ချက်ကို အမြဲရပ်ခံပြောပါတယ်။ ဆက်ဒမ်ကို ရာထူးကနေ ဖယ်ရှားရေး လုပ်တာက သူ့ သုံးသပ် ဆုံးဖြတ်ချက် အရ လုပ်ခဲ့တာ လို့လည်း ပြောပါတယ်။

သမ္မတသစ်တက်ပွဲတို့ စျာပနပွဲတို့မှာ ဘုရှ်ပေါ်လာတတ်ပေမဲ့ အများအားဖြင့် သူ့အချိန်က တက္ကဆက် မှာရှိတဲ့ သူ့မွေးမြူရေးခြံမှာပါ။ ပန်းချီဆွဲတာလည်း ဝါသနာ ပါပြီး သူ ပန်းချီဆွဲပါတယ်။ ၂၀၂၁ တုန်းကဆို သူဆွဲထားတဲ့ ပုံတူ ပန်းချီကားတွေကို စာအုပ်တောင် ထုတ်ခဲ့ပါတယ်။

President Bush at a conference in November 2022

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒစ်ခ် ချေနီ

ဂျော့ ဒဗလျူ ဘုရှ် ရဲ့ ဒုသမ္မတဖြစ်တဲ့ သူဟာ အီရတ်စစ်ကို ကျယ်ကျယ် လောင်လောင် ထောက်ခံသူပါ။ ဆက်ဒမ် ဟူစိန် အစိုးရဆီမှာ လူအမြောက်အမြားကို ပျက်သုဉ်းစေနိုင်တဲ့ လက်နက် (weapons of mass destruction - WMDs)တွေ ပိုင်ဆိုင်ထားတယ်လို့လည်း ကြေညာချက်တွေ အများကြီးထုတ်ခဲ့ပါတယ်။ ဒီ WMDs အ‌ရေးက အီရတ်ကို စစ်ပြုလို့ရအောင် ဝါရှင်တန်က သူ့ဘာသာသူ ဇာတ်လမ်းဆင်ခဲ့တာ လို့လည်း စွပ်စွဲချက်တွေ ထွက်ခဲ့တာပါ။

အီရတ်မှာ ဂိုဏ်းကွဲတွေ တိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်နေတုန်း ၂၀၀၆ ခုနှစ်မှာ သူ သေနတ် မတော်တဆ ပစ်မိတဲ့အတွက် သူနဲ့ အတူ အမဲလိုက်ဘက် မိတ်ဆွေ တယောက် မျက်နှာ၊ လည်ပင်းနဲ့ ရင်ဘတ်တို့မှာ ဒဏ်ရာတွေ ရသွားပါတယ်။

အဲဒီအဖြစ်ကြောင့် သူ နှလုံးဖောက်ပြန်မှု အနည်းငယ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့မိတ်ဆွေ ဟယ်ရီ ဝစ်တင်တန် (အခု ၇၈ နှစ်) တယောက် နာလန်ပြန်ထူ နိုင်ခဲ့ပါတယ်။ ချေနီက ဖောက်စ်ရုပ်မြင်သံကြားလိုင်းမှာ ဒီအဖြစ်နဲ့ ပတ်သက်ပြီး "ဒါ ဟယ်ရီ့ အမှား မဟုတ် ပါဘူး၊ သေနတ်မောင်းကို ဆွဲခဲ့တဲ့ ကျွန်တော့်ရဲ့ အမှားပါ" လို့ ပြောခဲ့ပါတယ်။

အခု အသက် ၈၂ နှစ် ရှိနေပြီဖြစ်တဲ့ ချေနီက အစိုးရကနေ ထွက်ထားပြီးတဲ့နောက် ဘုရှ်လို မဟုတ်ဘဲ နိုင်ငံရေး ကိစ္စတွေမှာ ဝင်မှတ်ချက် ပေးနေသေးသလို ရွေးကောက်ပွဲ စည်းရုံးရေးတွေမှာလည်း ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ် ကက်ပီတယ် ဟေး လွှတ်တော် အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို သူက လူသိရှင်ကြား ဝေဖန်ခဲ့ပါတယ်။

ရုပ်ရှင်မင်းသား ခရစ်ရှန် ဘေးလ်က သူ့ပုံရိပ်ကို ဖော်ပြီး သရုပ်ဆောင်တဲ့ ရယ်စရာ သရော်တဲ့ကား Vice ရုပ်ရှင်ကလည်း အောင်မြင်ခဲ့ ပါတယ်။

Dick Cheney in 2022

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒေါ်နယ် ရမ်းဖဲလ်

ဒေါ်နယ် ရမ်းဖဲလ်က ဘုရှ်အစိုးရ လက်ထက် ၂၀၀၁ နဲ့ ၂၀၀၆ ကြားမှာ ကာကွယ်ရေး ဝန်ကြီးပါ။ အာဖဂန်နစ္စတန်နဲ့ အီရတ်ကို ကျူးကျော်တဲ့ အပိုင်းမှာ သူက အရေးပါ သလို အငြင်းပွားစရာ အခန်းတွေကနေ သူပါဝင်ခဲ့ပါတယ်။

ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချနိုင်ဖို့ "အစားထိုး ထောက်လှမ်းရေး ဆန်းစစ်ချက်" တွေကို သူက ပေးခဲ့တာလို့ စွပ်စွဲကြပါတယ်။ အမေရိကန် တပ်ဖွဲ့ဝင်တွေက စစ်သုံ့ပန်းတွေကို နှိပ်စက်ကြတဲ့ ကိစ္စတွေကိုလည်း သူက လျစ်လျူရှုခဲ့တယ်လို့ ဆိုကြပါတယ်။

စစ်အပြီး အီရတ်ကို ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြည်သူလူထုနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းက ဆန့်ကျင်တဲ့ ဖိအားတွေ နဲ့ အတူ ရမ်းဖဲလ် ၂၀၀၆ မှာ ရာထူးကနေ ထွက်ရပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ရေး အတ္ထုပတ္တိ တအုပ် သူရေးသလို၊ သူ့ အကြောင်း မှတ်တမ်းတင်ဇာတ်လမ်းတွေမှာလည်း သူဝင်ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဒေါ်နယ်ထရမ့်က ပြောင်းလဲဖို့ ကြိုးစားတဲ့ အရေးကိုလည်း တခြား ကာကွယ်ရေး ဝန်ကြီးဟောင်းတွေနဲ့ အတူ သူဝေဖန်ခဲ့ပါတယ်။ ၂၀၂၁ ဇွန်လထဲမှာတော့ သူ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

ကွန်ဒိုလီဇာ ရိုက်စ်

Condoleezza Rice playing at an amateur golf tournament in 2019

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘုရှ် အာဏာ သက်တမ်း ၈ နှစ် အတွင်း သူဟာ ပထမပိုင်းမှာ အမျိုးသားလုံခြုံရေး အကြံပေး၊ နောက်ပိုင်းမှာ နိုင်ငံခြားရေး ဝန်ကြီး စတဲ့ တာဝန်တွေ ယူခဲ့ပါတယ်။ အမေရိကန် အစိုးရ သမိုင်းတလျောက် လူမည်း အမျိုးသမီးတွေထဲက အမြင့်ဆုံး ရာထူးတွေ ယူနိုင်ခဲ့သူပါ။

အီရတ် စစ်ပွဲကိုထောက်ခံသူဖြစ်ပြီး ဆက်ဒမ်ရဲ့ အစိုးရက ခြိမ်းခြောက်နေတာတွေကို မီဒီယာမှာ ပြောခဲ့ကာ အီရတ် ခေါင်းဆောင်ဟာ နျူကလီးယား လက်နက်ကို မကြာခင် ပိုင်ဆိုင်တော့မှာ လို့တောင် တခါက CNN မှာပြောခဲ့ပါတယ်။

အစိုးရအလုပ်က ထွက်ပြီးတဲ့နောက် စတန်းဖို့ဒ် တက္ကသိုလ်မှာ သူ့ ပညာရှင် အလုပ် ဆက်ခဲ့သလို the Hoover Institution ကျွမ်းကျင်သူ ပညာရှင်များ အဖွဲ့မှာလည်း ဆက်လုပ်ကိုင် နေဆဲပါ။

ပေါလ် ဘရမ်မာ

၂၀၀၃ မေလ မှာ သမ္မတ ဘုရှ်က ဘရမ်မာကို အီရတ် ယာယီ ညွန့်ပေါင်းအဖွဲ့ အုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ပါတယ်။ အဲဒီအချိန်က အီရတ်မှာ ဒီရာထူးက အရပ်သား ရာထူးတွေထဲ အမြင့်ဆုံးပါ။ အီရတ် စစ်တပ်ကို ဖြုတ်သိမ်းလိုက်တဲ့ သူ့ ဆုံးဖြတ်ချက်က ဝေဖန်စရာတွေ အများကြီးဖြစ်ခဲ့ပြီး ပြန်လည်ထူထောင်ရေး စီမံချက်တွေမှာလည်း ရန်ပုံငွေတွေကို မဆင်မခြင်သုံးစွဲခဲ့တယ်လို့ စွပ်စွဲခံရသူပါ။ အသက် ၈၁ နှစ် ရှိပြီဖြစ်တဲ့ ဘရမ်မာဟာ ဗားမောက်ပြည်နယ် တောပိုင်းမှာ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေထိုင်နေပါတယ်။ ၂၀၁၈ မှာ သူ ရေခဲပြင်စကိတ်စီးနည်းပြ အလုပ် လုပ်နေတဲ့ သတင်းက မီဒီယာတွေထဲ ထိပ်စည်း သတင်းကြီးအဖြစ် ထွက်လာ ခဲ့ဖူးပါတယ်။

(ပေါလ် ဘရမ်မာ စကိတ်စီး ဝတ်စုံနဲ့ ပုံ ပါတဲ့ တွစ်တာပုံ)

Skip X post
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post

ကော်လင်း ပါဝဲလ်

ဗိုလ်ချုပ်ကြီးဟောင်း‌ ‌ကော်လင်း ပါဝဲလ်က အီရတ် စစ်ပွဲအချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပါ။ ဒီလိုရာထူးကို လူမည်း အမျိုးသား တယောက် ပထမဆုံး ရတာပါ။ ၁၉၉၀ - ၉၁ ပင်လယ်ကွေ့စစ်တုန်းကလည်း သူဟာ ကာကွယ်ရေး ဦးစီးချုပ်များအဖွဲ့မှာ အကြီးအကဲ တာဝန်ယူခဲ့ဖူးပါတယ်။

အစိုးရတွင်းက တခြားဝန်ကြီးတွေလို မဟုတ်ဘဲ သူက အီရတ်ကို ကျူးကျော်မယ့် အစီအစဉ်ကို အစပိုင်းမှာ ကန့်ကွက်သူပါ။ ဒါပေမယ့် ၂၀၀၃ ဖေဖော်ဝါရီမှာ ဆက်ဒမ်ဟာ WMDs ကို လျှို့ဝှက်သိမ်းထားကြောင်း စွပ်စွဲပြီး အထောက်အထား တွေပြကာ ကုလသမဂ္ဂမှာ စကားပြောခဲ့သူပါ။

နောက်နှစ် ၂၀၀၄ မှာ ထောက်လှမ်းရေး သတင်းတွေ မတိကျကြောင်း ကွန်ဂရက် လွှတ်တော်ထဲမှာ သူဝန်ခံခဲ့ပြီး ဘုရှ်အစိုးရနဲ့ အဆင်မပြေဖြစ်ကာ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

လူထုအကြား ဟောပြောသူအဖြစ် သူ ဆက်လုပ်နေခဲ့ပြီး ၂၀၀၈ သမ္မတ ရွေးကောက် ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီကို လမ်းခွဲကာ ဒီမိုကရက်တစ် သမ္မတ လောင်း ဘားရက်ခ် အိုဘားမားကို သူ ထောက်ခံခဲ့ပါတယ်။

အသက် ၈၄ နှစ်အရွယ် ပါဝဲလ်ဟာ ၂၀၂၁ မှာ ကိုဗစ် နောက်ဆက်တွဲ ရောဂါတွေနဲ့ ကွယ်လွန်ခဲ့ပါတယ်။

A close-up of Colin Powell (left) and George W. Bush in 2002

ဓာတ်ပုံ ရင်းမြစ်, Getty Images

တိုနီ ဘလဲ

အီရတ်စစ်ပွဲကို ထောက်ခံတဲ့အတွက် ဂျော့ဘုရှ်ထက် ပိုပြီး သိက္ခာ ထိခိုက်ခံရတဲ့ ခေါင်းဆောင်ပါ။ အဲဒီအချိန်မှာ သူက ဗြိတိန် ဝန်ကြီးချုပ် ပါ။

ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး တရားဝင် ဆန်းစစ်ချက် (၂၀၁၆ ခုနှစ်) ထဲမှာ သူဟာ ဆက်ဒမ် ဟူစိန်က ပေးနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ပုံကြီးချဲ့ခဲ့တယ်၊ တပ်တွေကို ပြင်ဆင်မှု သိပ်မရှိဘဲ စစ်ပွဲထဲကို ပို့ခဲ့တယ်၊ အဲဒီနောက်မှာလည်း "မလုံလောက် မပြည့်စုံတဲ့" အစီအစဉ်တွေနဲ့ လုပ်ခဲ့တယ် စသဖြင့် အကြီးအကျယ် ဝေဖန်ခံခဲ့ ရပါတယ်။

၂၀၀၇ မှာ ရာထူးကနားခဲ့တဲ့ သူဟာ အခု အသက် ၆၉ နှစ်ရှိပြီ ဖြစ်ပြီး သူ့ရဲ့ Tony Blair Institute for Global Change အန်ဂျီအို မှာ အလုပ်လုပ်ပါတယ်။ အီရတ် စစ်ပွဲနဲ့ ပတ်သက်ပြီး သူ့သမိုင်း မကောင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီတုန်းက သူ့ကို အစိုးရက ဆာဘွဲ့ပေးဖို့ လူပေါင်း ၅၀၀,၀၀၀ က လက်မှတ်ရေးထိုး ပန်ကြားခဲ့ ပါတယ်။

ဟန်းစ် ဘလစ်

Hans Blix in 2013 holding a framed placard saying "Blix not Bombs"

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဆွီဒင် သံတမန်ဖြစ်ပြီး ကုလသမဂ္ဂက အီရတ်မှာ WMDs ရှိမရှိ စုံစမ်းစစ်ဆေးတဲ့ အဖွဲ့ကို ဦးဆောင်ခဲ့သူပါ။ သူတို့ ဘာမှ မတွေ့ခဲ့ပါဘူး။ ၂၀၀၃ အမေရိကန် မကျူး ကျော်ခင် သူတို့က မတွေ့ကြောင်း အစီရင်ခံစာ ထုတ်ခဲ့ပါတယ်။

ဘလစ်ဟာ စ‌တော့ဟုမ်းမှာ အခုနေနေပြီး နိုင်ငံတကာ လုံခြုံရေး မူဝါဒပိုင်း ဆွေးနွေးပွဲတွေမှာ တက်ရောက်နေဆဲပါ။ သူဟာ အခု အသက် ၉၄ နှစ်ရှိပြီး သူရေးထားတဲ့ စာအုပ် "စစ်ပွဲတွေကို နှုတ်ဆက်ခြင်း (A Farewell to Wars)" ကို ထုတ်ဖို့ ရှိနေပါတယ်။

အလီ ဟာဆန် အယ် မာဂျစ် - "ဓာတုလက်နက် အလီ - Chemical Ali"

အဲဒီအချိန်မှာ အီရတ် တပ်အကြီးအကဲဖြစ်တဲ့ သူဟာ ဓာတုလက်နက် အလီ (Chemical Ali) ဆိုတဲ့ အမည်ဆိုးနဲ့ နာမည်ကျော် ခဲ့ပါတယ်။ သူက ကာ့ဒ်သူပုန်တွေ ကို နှိမ်နင်းရာမှာ အဆိပ်ဓာတ်ငွေ့တွေ သုံးခဲ့တယ်ဆိုပြီး စွပ်စွဲခံရကာ ဒီနာမည်ကို ရခဲ့တာပါ။

အလီ မာဂျစ်ဟာ ၂၀၀၃ သြဂုတ်လ မှာ အမေရိကန်တပ်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရပြီး လူမျိုးတုန်း သတ်ဖြတ်မှု၊ လူအမြောက်အမြား အပေါ် ရာဇဝတ် ကျူးလွန်မှုတွေနဲ့ စွဲချက်တင်ခံရကာ ၂၀၁၀ ဇန်နဝါရီမှာ ကြိုးဒဏ် သင့်ခဲ့ပါတယ်။

မိုဟာမက် ဆာအစ် အယ် ရှာရက်ဖ် 'ရယ်စရာ ကောင်းတဲ့ အလီ - Comical Ali'

Muhammad Saeed al-Sahhaf , a.k.a. "Comical Ali", in 1998

ဓာတ်ပုံ ရင်းမြစ်, Getty Images

အယ် ရှာရက်ဖ် က ၂၀၀၃ ကျူးကျော်စစ်ပွဲ အချိန်မှာ အီရတ်အစိုးရ ပြန်ကြားရေး ဝန်ကြီးပါ။ နေ့စဉ် သတင်းစာရှင်းလင်းပွဲ လုပ်တဲ့ သူ့ကို အနောက်မီဒီယာတွေက 'ရယ်စရာ ကောင်းတဲ့ အလီ - Comical Ali' လို့ အမည်ပေးပါတယ်။ သူက မြေပြင်မှာ တကယ်ဖြစ်နေတာတွေကို ပုံဖျက်ပြောတတ်ပြီး အမေရိကန် တပ်တွေ အရှုံးနဲ့ တွေ့ သွားမှာလို့ အမြဲ ကတိပေးတဲ့သူပါ။

သူအခု ဘယ်မှာလဲဆိုတာကို လူတွေ မသိကြပါဘူး။ ယူအေအီးကို သူထွက်ပြေး သွားတယ်လို့တော့ လူတွေက သတ်မှတ်ထားကြပါတယ်။

မိုတာဒါ အယ် ဆာဒါး

သူက ရှီးယား မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တယောက် ဖြစ်ပြီး အမေရိကန် ဦးဆောင်တဲ့ အီရတ် ကျူးကျော်စစ်နောက်ပိုင်း သူ့ရဲ့ အင်အားကောင်း မက်ဒီ အရပ် သား လက်နက်ကိုင် တပ်ဖွဲ့က နိုင်ငံခြားတပ်တွေကို တိုက်ခိုက်ရာကနေ နာမည်ကျော် လာပါတယ်။ သူ့အဖွဲ့တွေကို "သေမင်းတမန် တပ်ဖွဲ့" တွေလို့ ခေါ်ကြပါတယ်။

သူ့ကိုယ်သူ အမျိုးသားရေး ဝါဒီ၊ အဂတိတိုက်ဖျက်ရေး လုပ်သူ စသဖြင့် ပုံဖော်ပြီး အီရတ်နိုင်ငံရေးမှာ လွှမ်းမိုးနိုင်သူပါ။

၂၀၁၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ် အီရတ်လွှတ်တော် ရွေးကောက်ပွဲတွေမှာ သူ့ရဲ့ ညွန့်ပေါင်း အဖွဲ့က အမတ်နေရာ အများဆုံး ရခဲ့ပါတယ်။

Supporters of Shia cleric Moqtada al-Sadr carry a placard with picture during a 20022 protest in Baghdad

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုရီ အယ် မာလီကီ

ဆက်ဒမ် ပြုတ်ကျပြီးတဲ့နောက် ၂၀၀၆ မေလမှာ ပထမဆုံး အီရတ် ဝန်ကြီးချုပ် ဖြစ်လာသူပါ။

ဆွန်နီနဲ့ ကာ့ဒ် နိုင်ငံရေး သမားတွေကို ပစ်ပယ်သူလို့ ဝေဖန်သူတွေက စွပ်စွဲပါတယ်၊ ၂၀၀၇ မှာပဲ သူ့ကို နုတ်ထွက်ဖို့ တောင်းဆိုတာတွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် အစ္စလာမ် နိုင်ငံတော် (IS) တို့ကို ဆန့်ကျင်တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ အီရတ် စစ်တပ် အရှုံးတွေ တွေ့လာတဲ့နောက်ပိုင်း ၂၀၁၄ ကျမှသာ သူ ရာထူးကနေ နုတ်ထွက် သွားတာပါ။

အသက် ၇၂ အရွယ် မာလီကီဟာ အီရတ် နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်ဆဲပါ။

အယာတိုလာ အလီ အယ် စစ်စတန်နီ

အီရတ်ရဲ့ ရှီးယား မွတ်ဆလင် ဘာသာရေးမှာ အမြင့်ဆုံးအာဏာရှိသူဖြစ်ပြီး အယ် စစ်စတန်နီဟာ ကျူးကျော်စစ်ပြီးတဲ့နောက် အီရတ် နိုင်ငံရေးနဲ့ ဘာသာရေးမှာ သြဇာ ကြီးသူပါ။ အယ် ဆာဒါးနဲ့ မတူဘဲ သူက သူပုန်တွေဘက်ကို ထောက်ခံပါတယ်။

အသက် ၉၂ နှစ် ရှိတဲ့ အယ် စစ်စတန်နီဟာ အီရတ်မှာ သြဇာကြီးမားသူတွေ ထဲက တယောက်ပါ။

Ayatollah Ali al-Sistani (left) in a meeting with Pope Francis in 2021

ဓာတ်ပုံ ရင်းမြစ်, Getty Images

မူတာဒါ အယ် ဇာအီဒီ

အီရတ်က အသံလွှင့် သတင်းထောက် မူတာဒါ အယ် ဇာအီဒီ နိုင်ငံတကာအထိ နာမည် ကျော်လာပုံက ၂၀၀၈ ဒီဇင်ဘာမှာ ဖြစ်ခဲ့တဲ့ ခပ်ဆန်းဆန်း အဖြစ် တခုနဲ့ ပတ်သက်ပါတယ်။ ဘဂ္ဂဒက်မှာ ဂျော့ဘုရှ် သတင်းစာရှင်းလင်းပွဲ လုပ်နေတုန်း သူက သူ့ ဖိနပ်ကို ချွတ်ပြီး ပေါက်ခဲ့ဖူးပါတယ်။

"ဒါ အီရတ် ပြည်သူတွေရဲ့ နှုတ်ဆက် အနမ်းကွ၊ ခွေးကောင်" လို့လည်း ပေါက်နေတုန်း သူက အော်ဟစ်ခဲ့ပါတယ်။

သတင်းထောက်ဟာ ၆ လကြာ ထောင် ကျခဲ့ပြီး ထောင်ထဲမှာ နှိပ်စက်တာတွေ ခံခဲ့ရတယ်လို့ သူက ပြောပါတယ်။ ထောင်က လွတ်ပြီး တဲ့နောက် သူ လက်ဘနွန်ကို ထွက်သွားပါတယ်။ နောက်ပိုင်းမှာ အယ် ဇာအီဒီ အီရတ်ကို ပြန်လာခဲ့ပြီး ၂၀၁၈ ခုနှစ် အီရတ် အထွေထွေ ရွေးကောက်ပွဲမှာ အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

"အဲဒီ (ဖိနပ်နဲ့ ပေါက်ခဲ့တဲ့) အဖြစ်က တနေ့မှာ သာမန်လူတယောက်က အာဏာတွေ၊ လက်နက်တွေ၊ မီဒီယာတွေ၊ ငွေတွေ၊ လုပ်ပိုင်ခွင့် တွေ ပိုင်ဆိုင်ထားပြီး ရန်လိုနေတဲ့ ဘယ်သူ့ကို မဆို မဟုတ်ဘူးကွ ဆိုပြီး ဆန့်ကျင်နိုင်တယ် ဆိုတာကို သက်သေပြ တာပဲ" လို့ မကြာ သေးခင်တုန်းကပဲ သူက ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။