ယူကရိန်းစစ်ပွဲနဲ့ ပူတင်ရဲ့ ကံကြမ္မာ ဘယ်လို ဆက်စပ်နေသလဲ

Vladimir Putin is seen at the helm of a boat as an officer points out something to him (September 2016)

ဓာတ်ပုံ ရင်းမြစ်, Russian government

ဓာတ်ပုံ ပုံစာ, ဗလာဒီမီယာပူတင် ရုရှားရဲ့ အာဏာကို ယူထားတာ နှစ် ၂၀ ကျော်ပါပြီ
    • ရေးသားသူ, စတိဗ် ရိုဆန်ဘတ်
    • ရာထူးတာဝန်, ဘီဘီစီ ရုရှားအယ်ဒီတာ၊ မော်စကို

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ရုရှားနိုင်ငံပိုင် ရုပ်သံကနေ ထုတ်လွှင့်သွားတာ တခု ရှိပါတယ်။

အဲဒီအချိန်က ဗလာဒီမီယာပူတင်အနေနဲ့ နောက်ထပ် ၁၆ နှစ်ကြာ အာဏာယူ ထားနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲတွေကို ရုရှားပြည်သူတွေ ထောက်ခံကြဖို့ တိုက်တွန်းနေတဲ့ အချိန်ပါ။

ပြည်သူတွေကို ဆွဲဆောင်နိုင်ဖို့ ရုပ်သံအစီအစဉ် တင်ဆက်သူက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေနဲ့ မုန်တိုင်းထန်နေတဲ့ ပင်လယ်ပြင်မှာ ကောင်းမွန်တဲ့ ရုရှား သင်္ဘောကို ထိန်းကျောင်းနေတဲ့ ကပ္ပတိန်အဖြစ် သမ္မတ ပူတင်ကို တင်စားခဲ့ပါတယ်။

"ရုရှားဟာ တည်ငြိမ်မှု အိုအေစစ်ပါ။ ဘေးကင်းလုံခြုံတဲ့ ဆိပ်ကမ်းပါ" လို့ သူက ပြောရင်း "ဒါတွေက ပူတင်ကြောင့် ဖြစ်လာတာတွေ မဟုတ်ရင် ဘယ်သူကများ ငါတို့အတွက် လုပ်ပေးခဲ့တာလဲ" လို့ ဆက် အမေးထုတ်လိုက်ပါတယ်။

တည်ငြိမ်မှု အိုအေစစ်နဲ့ ဘေးကင်းလုံခြုံတဲ့ ဆိပ်ကမ်းအတွက် လုပ်တာတွေက သိပ်များသွားပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှား ကပ္ပတိန်က သူစလိုက်တဲ့ မုန်တိုင်းထဲမှာ ရွက်စလွှင့်ခဲ့ပါပြီ။ ရှေ့တည့်တည့် မှာက ရေခဲစိုင်ကြီးပါ။

ဗလာဒီမီယာပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်က သူ့အိမ်နီးချင်းနိုင်ငံကို လူ သေဆုံးတာတွေ၊ အပျက်အစီးပုံတွေ ဖြစ်သွားစေပါတယ်။ သူ့နိုင်ငံရဲ့ စစ်တပ်ကို လည်း အကြီးအမား ထိခိုက်စေပါတယ်။ သေကြေခဲ့ရတဲ့ ရုရှားစစ်သားတွေ သောင်းနဲ့ ချီပြီး ရှိတယ်လို့ တချို့က ခန့်မှန်းထားပါတယ်။

ရုရှားနိုင်ငံသား သိန်းနဲ့ချီပြီး စစ်ထဲသွင်းခံရပြီး (လူသတ်မှုကြောင့် ထောင်ကျ နေသူတွေ အပါအဝင်) ရုရှားအကျဉ်းသားတွေလည်း ယူကရိန်းမှာ စစ်တိုက်ဖို့ စေလွှတ်တာခံရပါတယ်။ ဒါ့အပြင် ဒီစစ်ကြောင့် ကမ္ဘာတလွှားမှာ စွမ်းအင်နဲ့ အစား အစာစျေးတွေ တက်ကုန်သလို ဥ‌ရောပနဲ့ ကမ္ဘာ့လုံခြုံရေးကို ခြိမ်း‌ခြောက်မှုက ရှိလာ တာပါ။

တိုက်တန်းနစ်သင်္ဘောကြီးလိုပဲ ပြဿနာတွေက တပုံတပင်ပါ။

ဒီလိုအခြေအနေမှာ ရုရှား သမ္မတက ဘာလို့ စစ်ပွဲကို ဆက်နေပြီး နယ်မြေသိမ်းနိုင်အောင် ဆက်လုပ်နေတာပါလဲ။

Russian President Vladimir Putin (C-L) and Defence Minister Sergei Shoigu (C-R) attend a ceremony in the Alexander Garden to mark the Defender of the Fatherland Day in Moscow, Russia, 23 February 2023.

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အဖနိုင်ငံကို ကာကွယ်ဖို့ စစ်သားတွေကို ဂုဏ်ပြုတဲ့ အခမ်းအနားကို ပူတင် တက်ရောက်

"ရှေ့မိုးကုပ်စက်ဝိုင်းမှာ မြင်နေရတာကတော့ ၂၀၂၄ ရုရှား သမ္မတရွေးကောက်ပွဲပဲ"လို့ နိုင်ငံရေးသိပ္ပံလေ့လာသူ အီကာတာရီနာ ရှော်မန်က ထောက်ပြပါတယ်။

"မဲပေးပွဲမတိုင်မီ ၂ နှစ်လောက်မှာ (ရုရှားက) အောင်ပွဲတချို့ကို လိုချင်နေခဲ့တာ။ ၂၀၂၂ မှာ သူတို့ ရည်မှန်းချက် ပြည့်ရမယ်ပေါ့။ ၂၀၂၃ ကျရင် ကပ္ပတိန်က မုန်တိုင်းထန်တဲ့ ပင်လယ်ကို ဖြတ်နိုင်ရုံတင် မဟုတ်ဘူး ပိုပြီး ကြွယ်ဝတဲ့ ဆိပ်ကမ်းသစ်တွေဆီကိုပါ သင်္ဘောကို မောင်းနှင်သွားတာ၊ ဒီလို ကပ္ပတိန်မျိုးရထားတာ ဘယ်လောက် ကံကောင်းလဲလို့ ရုရှားတွေရဲ့ စိတ်ထဲမှာ မြင်စေချင်တာလေ။ ကဲ ၂၀၂၄ ကျတော့ ပြည်သူတွေက မဲပုံထည့်ကြမပေါ့။ အစီအမံက ဘယ်လောက်ကောင်းလဲ။ အဲ ဒါပေမဲ့ ဘာတွေ မှားကုန်တာလဲ။ "

အကြံအစည်က ယူဆချက်အမှားတွေ၊ အတွက်မှားတာတွေအပေါ် အခြေခံရင် အမှားတွေ တပုံကြီး ထွက်လာနိုင်ပါတယ်။

ကရင်မလင်က သူ့ရဲ့ "အထူးစစ်ဆင်ရေး" ဟာ လျှပ်ပြက်သလို မြန်ဆန်မှာလို့ မှန်းထားတာပါ။ သီတင်းပတ်တွေအတွင်း ယူကရိန်းဟာ ရုရှားရဲ့ နယ်ပယ်ထဲ ပြန်ရောက် မှာလို့ တွေးထားခဲ့ပါတယ်။

သမ္မတပူတင်က ယူကရိန်းက ခုခံပြီး ပြန်တိုက်မယ့်အားကို လျှော့တွက်ခဲ့သလို ကိယက်ဗ်ကို အနောက်နိုင်ငံတွေက ကူမယ်ဆိုတဲ့ ပိုင်းဖြတ်ချက်ကိုလည်း ထည့်မတွက်ခဲ့ပါဘူး။

ယူကရိန်းကို ဝင်ကျူးကျော်မိတာက အမှားလုပ်မိတာလို့လည်း ရုရှား ခေါင်းဆောင်က အခုအချိန်ထိကို လက်မခံသေးပါဘူး။ ပူတင်ရဲ့ နည်းက ထပ်တိုးမယ်၊ ထပ်မြှင့်မယ်၊ ထပ်သုံးမယ်ဆိုတဲ့ နည်းပါ။

ကျွန်တော့်အဖို့ အမေး ၂ ခုပေါ်လာပါတယ်။ တနှစ်တာကြာလာတဲ့ အချိန်မှာ ဗလာဒီမီယာ ပူတင်က ဒီအခြေအနေအပေါ် ဘယ်လိုမြင်နေလဲ ဆိုတာနဲ့ ယူကရိန်း အရေးမှာ သူ့ရဲ့ နောက်ခြေလှမ်းက ဘာလဲ ဆိုတာပါ။

ဒီသီတင်းပတ်အတွင်းမှာ သူက သဲလွန်စ တချို့ကို ပေးပါတယ်။

သူ့ရဲ့ နိုင်ငံအခြေပြမိန့်ခွန်းက အနောက် ဆန့်ကျင်ရေးနဲ့ ပြည့်နေပါတယ်။ ယူကရိန်းမှာ ဖြစ်တဲ့ စစ်ဟာ အမေရိကန်နဲ့ နေတိုးကြောင့်လို့ အပြစ်ဆက်ပုံပြီး ရုရှားက အပြစ် ကင်းစင်တဲ့သူလို ပုံဖော်ပါတယ်။ New START လို့ခေါ်တဲ့ ရုရှားနဲ့ အမေရိကန်အကြား နောက်ဆုံးကျန်နေသေးတဲ့ နျူကလီးယားလက်နက် ကန့်သတ် ထိန်းချုပ်ရေး စာချုပ်ကို ရပ်ဆိုင်းလိုက်ပြီး ဒါဟာ သမ္မတ ပူတင်အနေနဲ့ ယူကရိန်း ကနေ နောက် ဆုတ်ဖို့ ဆန္ဒမရှိကြောင်း ပြလိုက်သလို အနောက်ကို ဆက်ပြီး ခပ်တင်းတင်း ရင်ဆိုင်မှာ ဆိုတာကိုလည်း ပြလိုက်တာပါ။

မိန့်ခွန်းပေးပြီးနောက်နေ့မှာတော့ ‌မော်စကိုက ဘောလုံးအားကစားကွင်းကို သွားပြီး ရှေ့တန်းက ပြန်လာတဲ့ ရုရှားစစ်သားတွေနဲ့ အတူ စင်မြင့်ပေါ်မှာ သူထိုင်ပါတယ်။ စီစဥ်ဖိတ်ကြားထားတဲ့ ရုရှားအစိုးရကိုထောက်ခံသူ လူစုလူဝေး ရှေ့မှာ "ရုရှားရဲ့ သမိုင်းဝင် ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်" လို့ဆိုရင်း ရုရှားရဲ့ "သတ္တိပြောင်မြောက်တဲ့ စစ်သည်တွေ" ကို သူ ဂုဏ်ပြုပါတယ်။

နိဂုံးချုပ်သုံးသပ်ရရင်တော့ ရုရှားတို့ နောက်ပြန်လှည့်မယ် ဆိုတာကို မတွေးကြ ပါနဲ့။ ဒီ ရုရှား သမ္မတက ပြန်လှည့်ဖို့ မဟုတ်ဘူး ဆိုတာပါ။

Russian President Vladimir Putin is seen on stage at a concert at Luzhniki Stadium in Moscow, Russia February 22, 2023.

ဓာတ်ပုံ ရင်းမြစ်, Sputnik/Reuters

ဓာတ်ပုံ ပုံစာ, ဘောလုံးအားကစားကွင်းထဲ အလံတွေ ဝှေ့ယမ်းရင်း စုဝေးရောက်ရှိလာတဲ့ လူစုလူဝေးကို ပူတင်က စကားပြော

"သူက ဆန့်ကျင်တာတွေ မကြုံရဘူးဆိုရင် သူသွားနိုင်သလောက် သွားမှာပဲ" လို့ ပူတင်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေးဟောင်းဖြစ်တဲ့ အန်ဒရေ အီလာရီယိုနော့ဗ်က ယုံကြည်ထားပါတယ် "စစ်ရေးအရ ဆန့်ကျင် တွန်းလှန်တာက လွဲလို့ သူ့ကို ရပ်တန့်အောင်လုပ်ဖို့ ဘာနည်းမှ မရှိပါဘူး။"

ဒါပေမယ့် တင့်ကား အဆုံးအရှုံးတွေ အကြောင်းပြောရင် ဘယ်လိုနေမလဲ။ ပူတင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ရော မဖြစ်နိုင်ဘူးလား။

"သူနဲ့ စကားဝိုင်းထိုင်ဖို့က ဘယ်သူနဲ့မဆို ဖြစ်နိုင်ပါတယ်" လို့ အန်ဒရေ အီလာရီ ယိုနော့ဗ်က ပြောပါတယ်။

"ဒါပေမဲ့ ပူတင်နဲ့ စကားပြောပြီး သဘောတူညီမှု ယူထားတာတွေကို သမိုင်းမှတ်တမ်းလုပ်ထားတာ ကျွန်တော်တို့မှာရှိပါတယ်။ ပူတင်က အဲဒီဟာတွေ အားလုံးကို ချိုးဖောက်လိုက်တာပါပဲ။ လွတ်လပ်သော နိုင်ငံများရဲ့ ဓနသဟာယ အဖွဲ့ တည်ထောင်ရေး၊ ရုရှားနဲ့ ယူကရိန်းအကြား ၂ နိုင်ငံ သဘောတူ စာချုပ်၊ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရုရှားနဲ့ ယူကရိန်းဆိုင်ရာ နယ်စပ် သဘောတူညီချက်၊ ကုလသမဂ္ဂ ပဋိညာဥ်စာချုပ်၊ ၁၉၇၅ ဟယ်ဆင်ကီ ဥပဒေ၊ ဘူဒါပက်စ် သဘောတူမူကြမ်း စတာတွအများကြီးပါပဲ၊ သူ မချိုးဖောက်တဲ့ စာချုပ် တခုမှ မရှိပါဘူး။ သဘောတူစာချုပ်တွေ ချိုးဖောက်ဖို့ ဖြစ်လာပြီဆိုရင် ရုရှား အာဏာပိုင်တွေက အနောက်အုပ်စုကြောင့်ဖြစ်ရတာလို့ အပြစ်ဖို့မယ့် အရာတွေကို တန်းစီပြီး ပြုစု ထားပါတယ်။ အဲဒီစာရင်းရဲ့ ထိပ်မှာတော့ အနောက်အုပ်စုက ၁၉၉၀ နှစ်တွေအတွင်း ပေးထားတဲ့ နေတိုး မဟာမိတ်ဖွဲ့မှုဟာ အရှေ့ဘက်ကို တိုးမလာပါဘူးလို့ ဆိုထားတဲ့ ကတိကို သူတို့ကိုယ်တိုင် ပြန်ချိုးဖောက်နေတာလို့ မော်စကိုက ရေးမှတ်ထားပါတယ်။"

အာဏာရပြီး အစပိုင်းနှစ်တွေမှာ ဗလာဒီမီယာပူတင်က နေတိုးကို ခြိမ်းခြောက်မှု တခုအနေနဲ့ သဘောမထားခဲ့ပါဘူး။ ၂၀၀၀ ခုနှစ် တုန်းက ဆိုရင် ရုရှားဟာ တချိန်မှာ နေတိုး အဖွဲ့ဝင်ဖြစ်နိုင်တယ် ဆိုတဲ့ အချက်ကိုတောင် သူက ပယ်ချမထားခဲ့ပါဘူး။

နောက် ၂ နှစ်အကြာမှာ ယူကရိန်းက နေတိုးမှာ ပါဝင်ဖို့ ပြောနေပြီ၊ ဒီအပေါ်မှာ မှတ်ချက်ဘာပေးချင်လဲလို့ မေးရာမှာလည်း သမ္မတ ပူတင်က "ယူကရိန်းက အချုပ် အခြာအာဏာပိုင်တဲ့နိုင်ငံပါ။ သူ့နိုင်ငံရဲ့ လုံခြုံရေးကို သေချာခိုင်မာအောင် လုပ်ဖို့ သူ့ဘာသာသူ ရွေးချယ် နိုင်ခွင့်ရှိပါတယ်" လို့ ပြောပြီး မော်စကိုနဲ့ ကိယက်ဗ်အကြား အဆင်မပြေတာတွေ ဖြစ်မယ့် အရေးကို သူမလုပ်ခဲ့ပါဘူး။

Russian President Vladimir Putin delivers his annual state of the nation address at the Gostiny Dvor conference centre in central Moscow on 21 February 2023

ဓာတ်ပုံ ရင်းမြစ်, DMITRY ASTAKHOV/Getty Images

ဓာတ်ပုံ ပုံစာ, အင်္ဂါနေ့က နိုင်ငံအခြေပြမိန့်ခွန်းကို မော်စကိုမှာ ပြောခဲ့

၂၀၂၃ မှာတော့ ပူတင်ရဲ့ စိတ်ထားက ပြောင်းသွားပါပြီ။ "အနောက်တခုလုံး" ကို ဆန့်ကျင်တဲ့ စိတ်တွေနဲ့ အတူ သူဟာ အဝိုင်းခံ ထားရတဲ့ ခံတပ်ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်လို ရုရှားရဲ့ ရန်သူတွေက သူ့နိုင်ငံကို ဖျက်ဆီးဖို့ ကြိုးစားနေပြီလို့ စွပ်စွဲရင်း တုံ့ပြန်ပါတော့တယ်။ သူ့ မိန့်ခွန်းနဲ့ မှတ်ချက်စကားတွေမှာလည်း ပီတာ သည် ဂရိတ် (Peter the Great) ၊ ကက်သရင်း သည် ဂရိတ် (Catherine the Great) တို့လို ရုရှား ထီးနန်း စိုးစံခဲ့သူတွေကို ဥပမာပေးရင်း ရုရှား အင်ပါယာကို ပုံစံတမျိုးနဲ့ ပြန်တည်ထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး သူချထားပုံရပါတယ်။

ဒါပေမယ့် ရုရှားက ဘယ်လောက် အရင်းအနှီးပေးရမှာပါလဲ။ သမ္မတ ပူတင်ဟာ တချိန်ကတော့ သူ့နိုင်ငံကို တည်ငြိမ်မှုတွေ ယူလာပေးတဲ့သူအဖြစ် ဂုဏ်ပြုခံခဲ့ရပါတယ်။ စစ်သားတွေ အကျအဆုံး အထိအခိုက် များလာတာ၊ စစ်သား စုဆောင်းရေးတွေ လုပ်ရတာ၊ စီးပွားရေး ဆန်ရှင်တွေ ထိလာတာ စတာတွေရဲ့ အလယ်မှာတော့ ပူတင်ရဲ့ သိက္ခာက ကျဆင်းလာပါတယ်။ စစ်စဖြစ်ကတည်းက ရုရှားတွေ သိန်းနဲ့ချီပြီး နိုင်ငံကနေ ထွက်ခွာကုန်ကြပါပြီ။ သူတို့အထဲမှာ အများအပြား က လူငယ်တွေ၊ ပညာတတ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေပါ၊။ ဆိုတော့ ရုရှားရဲ့ စီးပွားရေးကို ပိုထိခိုက် လာပါတယ်။

ချက်ချင်းဆိုသလိုပဲ စစ်ပွဲရဲ့ အကျိုးဆက်အနေနဲ့ ယက်ဂေးနီ ပရစ်ဂေါ့ရှင်ရဲ့ ဗာ့ဂနာ အဖွဲ့နဲ့ ‌ဒေသဆိုင်ရာ တပ်ဖွဲ့တွေလိုမျိုး လက်နက်ကိုင်တဲ့ အုပ်စုတွေ အများအပြား ပေါ်ထွန်းလာပါတယ်။ ပုံမှန်စစ်တပ်နဲ့ ဒီတပ်ဖွဲ့တွေအကြား ဆက်ဆံရေးက တည်တည် ငြိမ်ငြိမ်မဟုတ်ပါဘူး။ ရုရှား ကာကွယ်ရေး ဝန်ကြီးနဲ့ ဗာ့ဂနာ အကြား လူသိရှင်ကြား အချင်းများကြတာတွေက ဥပမာပါ။ မတည်ငြိမ်မှုကြား ကိုယ်ပိုင် စစ်တပ်တွေပေါင်း ထည့်လိုက်ရတော့ အန္တရာယ်က အများကြီးပါ။

"နောက် ဆယ်စုနှစ်အထိ ပြည်တွင်းစစ်က ရုရှားမှာ ဖြစ်လာနိုင်ဖို့ ရှိတယ်" လို့ မော်စကို အခြေစိုက် Nezavisimaya Gazeta သတင်းစာတိုက်ကို တည်ထောင်သူ လည်းဖြစ်၊ အယ်ဒီတာလည်းဖြစ်တဲ့ ကွန်စတန်တင် ရမ်ချူကော့ဗ်က ဆိုပါတယ်။ "ဒီလို အခြေအနေမှာ ဓနကြွယ်ဝမှုကို ပြန်ပြီး မျှဝေကြဖို့ အခွင့်အရေးရမယ်လို့ မြင်ထားကြတဲ့ အဖွဲ့တွေက အများကြီး" လို့လည်း သူက ပြောပါတယ်။

"ပူတင်ပြီးရင် အာဏာရလာမယ့်သူက သင့်တော်တဲ့သူဖြစ်မှသာ ပြည်တွင်းစစ်ကို ရှောင်လွှဲနိုင်မှာပါ။ အီလစ်တွေအပေါ် သြဇာရှိတဲ့သူ၊ အခြေအနေတွေအပေါ်မှာ ကိုယ့် အတွက် အမြတ်မထုတ်တတ်တဲ့သူ ဖြစ်မှ ရမှာ။"

Konstantin Remchukov, Chief Editor, Nezavisimaya Gazeta, sits in front of a desk.
ဓာတ်ပုံ ပုံစာ, သတင်းစာ အယ်ဒီတာ ကွန်စတန်တင် ရမ်ချူကော့ဗ်က ရုရှားမှာ ပြည်တွင်းစစ် ဖြစ်နိုင်တယ်လို့ ဆို

"ရုရှား အီလစ်တွေကြားမှာ ဘယ်သူ ဘယ်ဝါက အသင့်တော်ဆုံးလဲ ဆိုတာရော ပြောနေကြတာ ရှိလား" လို့ ကျွန်တော်က ကွန်စတန်တင်ကို မေးပါတယ်။

"တိတ်တိတ်လေးတော့ သူတို့ ဒီကိစ္စကို ဆွေး‌နွေးကြပါတယ်။ သူတို့လည်း သူတို့ အသံတွေ သူတို့ဖော်နိုင်ပါတယ်။"

"ဒီလို ‌ဆွေးနွေးတာတွေ ရှိနေတာကို ပူတင် သိလား။"

"သူ သိပါတယ်။ သူက အားလုံးသိထားတယ်လို့ ကျွန်တော်ထင်တယ်။"

ဒီသီတင်းပတ်အတွင်းမှာ ကျင်းပတဲ့ ရုရှား အောက်လွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ဥက္ကဋ္ဌက "ပူတင်ရှိနေသရွေ့ ရုရှားဆိုတာ ရှိမှာပဲ" လို့ ကြေညာခဲ့ပါတယ်။

ကြေညာချက်မှာတော့ သစ္စာရှိမှုအပြည့်နဲ့ပါ၊ ဒါပေမယ့် ဒါက ခိုင်တဲ့ အချက်မဟုတ် ပါဘူး။ ရုရှားဟာ ရာစုနှစ်တွေများစွာ ရှင်သန်နေဦး မှာပါ။ ဒါပေမဲ့ ဗလာဒီမီယာ ပူတင်ရဲ့ ရှေ့ကံကြမ္မာကတော့ ယူကရိန်းစစ်ပွဲရဲ့ ရလဒ်နဲ့ ရှင်းရှင်းလင်းလင်း ဆက်နွှယ်နေပါတယ်။