ယူကရိန်းစစ်ပွဲကြောင့် တရုတ်-ရုရှား ဆက်ဆံရေး အေးစက်လာမှု အခြေအနေ

တရုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားက ယူကရိန်းကို စဝင်တိုက်ပြီး တစ်နှစ်နီးပါးအကြာမှာ တရုတ်နိုင်ငံက သူတို့နိုင်ငံနဲ့ ရုရှားနိုင် ငံကြား ကတိကဝတ်ပြုထားတဲ့ အကန့်အသတ်မဲ့ ချစ်ကြည်ရင်းနှီးမှု ကြေညာချက်ကို ပြန်သုံးသပ်တော့မယ့် အရိပ်အယောင်တွေ တွေ့နေရပါတယ်။

ယူကရိန်းစစ်ပွဲမှာ ပူတင်ရဲ့ မထင်မှတ်တဲ့ ကျရှုံးမှုတွေအပြင် တဖက်မှာလည်း ကိုယ်ပိုင်ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ရုရှား လုပ်ရပ်တွေကြောင့်ဖြစ်လာမယ့် ဆိုးကျိုးတွေကို ကန့်သတ်ဖို့နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုကောင်းလာအောင် ပြုပြင်ဖို့ တရုတ်က ကြိုးစားနေပါတယ်။

ယူကရိန်းကို ရုရှားက အပြည့်အ၀ဝင်ရောက် ကျူးကျော်တိုက်ခိုက်မှု မစခင် ရက်၂၀လောက်အလို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအစောပိုင်းက ရုရှားသမ္မတ ဗလာဒီမီယာပူတင်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီ သမိုင်းဝင်တွေ့ဆုံမှုမှာ နှစ်ဘက်ခေါင်းဆောင်တွေက "အကန့်အသတ်မရှိ ချစ်ကြည်ရင်းနှီးမှု" ကြေညာချက်ကိုထုတ်ပြန်ပြီး "အကန့်အသတ်မဲ့ ပူးပေါင်းဆောင်ရွက်ရေး" ကိစ္စကိုပါ ဆွေးနွေး ခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံမှုမှာ ခေါင်းဆောင်နှစ်ဦးဟာ ယူကရိန်းနိုင်ငံကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း၊ ရုရှား နိုင်ငံကို တိုက်ခိုက်လာမယ်ဆိုပါက ဘယ်လိုတုံ့ပြန်မှုမဆို လုပ်ဆောင်သွားမှာ ဖြစ် ကြောင်း သမ္မတ ပူတင်က ပြောဆိုခဲ့တယ်လို့ ဗြိတိန်ထိပ်တန်းသတင်းစာ Financial Times က ဖော်ပြပါတယ်။

ဒါပေမယ့် ရုရှားသမ္မတပူတင်က ယူကရိန်းကို အပြည့် အ၀ကျူးကျော်မယ့် သူ့ရဲ့အစီအစဥ်တွေကို တရုတ်သမ္မတရှီကျင့်ဖျင်ကို ပြောပြတိုင်ပင်တာ မရှိပါဘူး။

တရုတ်ရဲ့ သတိထား လုပ်ဆောင်မှု

တရုတ်သမ္မတ ရှီက ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မယ့်အစီအစဉ်တွေကို သိနေလား ဆိုတဲ့အချက်ကို အသေအချာမပြောနိုင်ပါဘူး။ ဒါပေမဲ့ မတ်လတုန်းက ရုရှားရဲ့လုပ်ရပ်တွေကို ရှုတ်ချ ကန့်ကွက်ကြတဲ့အချိန်မှာ မဲမပေးဘဲ နေလို့ရပေမယ့် ရှုတ်ချမှုတွေကို ဆန့်ကျင်ခဲ့တဲ့ အချက်က ရုရှားကို တရုတ်က ကာကွယ်ဖို့ စီစဥ်ထားတယ်ဆိုတာ သိသာနေပါတယ်။

ယူကရိန်း စစ်ပွဲအစောပိုင်းမှာလည်း တရုတ်နိုင်ငံက လူတချို့က ရုရှားရဲ့ စစ်ရေးလုပ်ဆောင်မှု တွေကို စိတ်အားထက်သန် ထောက်ခံမှုတွေ လုပ်ခဲ့ကြပြီး ရုရှားက ယူကရိန်းကို အထူးစစ်ဆင်ရေး ဆင်နွှဲနေပြီလို့ သမ္မတပူတင် ပြောတဲ့ ဘာသာပြန် ဗီဒီယိုမိန့်ခွန်းတွေကိုလည်း အများစုက မျှဝေခဲ့ကြပါတယ်။

ဒါပေမယ့် တရုတ်အစိုးရဘက်ကတော့ ဗျူဟာမြောက်အနေနဲ့ တရားဝင် ဘာမှ ထုတ်ပြောတာ မရှိပါဘူး။ တစ်ဖက်မှာ‌တော့ တရုတ်ခေါင်းဆောင်ပိုင်းက ရုရှား-ယူကရိန်း စစ်ပွဲပဋိပက္ခ စဖြစ်ခဲ့ တာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကို အပြစ်တင်ခဲ့ပြီး ဒီကိစ္စဟာ ဥရောပကို နေတိုးရဲ့ အင်ပါယာ ချဲ့ထွင်မှုကြောင့် ဖြစ်တာလို့လည်း ပြောခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း တရုတ်အစိုးရက ရုရှားကို အရေးပါတဲ့ တိုက်ရိုက် အကူအညီပေး တာမျိုးတွေ အလျင်စလို မလုပ်ဆောင်ခဲ့ပါဘူး။

ရုရှားနဲ့ ဆက်ဆံရေးကို တရုတ်က အတော် ထိန်းထိန်းသိမ်းသိမ်း လုပ်နေ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရုရှားနဲ့ ဆက်ဆံရေးကို တရုတ်က အတော် ထိန်းထိန်းသိမ်းသိမ်း လုပ်နေ

အခြား အနောက်တိုင်း ထိပ်တန်းသတင်းစာတစ်စောင် ဝါရှင်တန်ပို့စ်ကလည်း ငွေကြေးနှင့် နည်းပညာပိုင်းတွေ အကူအညီပေးဖို့ ရုရှားက တရုတ်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်လို့ သတင်းဖော်ပြပါတယ်။

ရှီကျင့်ဖျင်က ရုရှားနဲ့နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းတွေ ရှာဖွေ လုပ်ဆောင်တာကို မဆန့်ကျင်ပေမယ့် လက်တွေ့မှာတော့ စေ့စပ်ညှိနှိုင်းလုပ်ဆောင် မှုကိစ္စ တွေအားလုံး ခပ်တန်းတန်းဖြစ်သွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဝါရှင်တန်ပို့စ်သတင်းစာရဲ့ သတင်းရင်းမြစ်အရ တရုတ်နိုင်ငံအနေနဲ့ ရုရှားရဲ့ အခက်အခဲကို နားလည်ပေမယ့် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း လျစ်လျူမရှုနိုင်ဘူးလို့ သိရပါတယ်။

ပျက်စီးမှုကို ကန့်သတ်ခြင်း

ယူကရိန်းစစ်ပွဲဖြစ်ပြီးနောက်ပိုင်း တရုတ်နဲ့ ရုရှား နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့ တစ်ခု တည်းသောနေရာက ပြီးခဲ့နှစ် စက်တင်ဘာလလယ်မှာ ကျင်းပခဲ့တဲ့ ဥဇဘက်ကစ္စတန်နိုင်ငံရဲ့ မြို့ Samarkandမြို့က နိုင်ငံတကာဖိုရမ်တစ်ခုမှာပါ။

အဲ့ဒီအစည်းအဝေးမှာ မကြာခင် ရက်သတ္တပတ်တွေအတွင်း ရုရှားက သိမ်းယူခဲ့တဲ့ နယ်မြေ အများ အပြားကို ပြန်လည်ရယူနိုင်မယ့် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် နဲ့ပတ်သက်တဲ့ကိစ္စတွေ ဆွေး နွေးခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ သမ္မတပူတင်က ယူကရိန်းစစ်ပွဲမှာ တရုတ်မိတ်ဆွေတွေရဲ့ မျှတ တဲ့ရပ်တည်ချက်ကို အလွန်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း "ရုရှားနဲ့အတူ အင်အားကြီးနိုင်ငံအဖြစ် ခံယူပြီး ကမ္ဘာကြီး တည်ငြိမ်လာမှုနဲ့ ကမ္ဘာကြီးကို အပြုသဘောဆောင်တဲ့ စွမ်းအင်တွေ ဆောင်ကြဉ်းပေးဖို့ တရုတ်နိုင်င်ငံက အဆင်သင့်ရှိကြောင်း" ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ကင်မရာတွေနဲ့ နောက်ကွယ်မှာ ရှုပ်ထွေးတဲ့ အဖြစ်မှန်တစ်ခု ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ယူကရိန်းစစ်ပွဲကနေ တရုတ်နိုင်ငံအတွက် အလွယ်တကူ ဖြေရှင်းလို့မရတဲ့ ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့တဲ့ကိစ္စပါ။

ဥရောပမှာ ဆင်နွှဲခဲ့တဲ့ ရုရှားစွမ်းအင်စစ်ပွဲကနေ တစ်စိတ်တစ်ပိုင်းဖြစ်လာတဲ့ လူနေမှုစရိတ် အကျပ်အတည်းကြောင့် ဥရောပက စားသုံးသူတွေဟာ တရုတ်ကုန်ပစ္စည်းတွေ ဝယ်ယူသုံးစွဲဖို့ ငွေကြေး နည်းပါးလာတာပါ။

ယူကရိန်းကို ရုရှားက ရန်လိုတိုက်ခိုက်မှုကို ရှုတ်ချဖို့ တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တာကလည်း အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တင်းမာစေခဲ့ပါတယ်။ပြီးတော့ လက်ရှိမှာလည်း တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်တွေက အမေရိကန်နှင့် အီးယူနိုင်ငံတွေ ဖြစ်နေဆဲပါ။

၂၀၂၂ခုနှစ် ပထမခြောက်လအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ရုရှားမှာ မရှိခဲ့တဲ့အချက်က သူတို့နိုင်ငံကို အမေရိကန်ရဲ့ ဒုတိယ ဒဏ်ခတ်ပိတ်ဆို့မှု ရောက်မလာအောင် တရုတ်က ကြိုးစားကာကွယ် နေတာလို့ လေ့လာတဲ့သူတွေက ထောက်ပြကြပါတယ်။

"အကန့်အသတ်မရှိတဲ့ ချစ်ကြည်ရင်းနှီးမှု" ဆိုတဲ့ကြေညာချက်ဟာ လက်တွေ့အခြေအနေဲ့ မကိုက်ညီဘူးဆိုတာ ရုရှားနဲ့ တရုတ်ရေးရာ ကျွမ်းကျင်ပညာရှင် Leonid Kovacic က သဘောတူ လက်ခံထားပါတယ်။

သမ္မတ ရှီနဲ့ ပူတင်တို ၂၀၁၈ မှာ တွေ့ဆုံခဲ့စဥ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, သမ္မတ ရှီနဲ့ ပူတင်တို ၂၀၁၈ မှာ တွေ့ဆုံခဲ့စဥ်

" အနောက်အုပ်စု တစ်ခုလုံးနဲ့ ဆက်ဆံရေး မပြေလည်အောင် ရှုပ်ထွေးအောင် လုပ်တဲ့ကိစ္စက တရုတ်ရဲ့ အကျိုးစီးပွားနဲ့ မကိုက်ညီဘူး။ "

ရေရှည်မှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး တင်းမာလာနိုင်ဖွယ်ရှိတယ်လို့ တွက်မယ်ဆိုရင် အနည်းဆုံး ဥရောပသမဂ္ဂနဲ့ ဆက်ဆံရေး ပိုမဆိုးလာဖို့ကိစ္စက တရုတ်အတွက် အရေးကြီး တယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

ယူကရိန်း စစ်ပွဲပြဿနာက ဥရောပသမဂ္ဂနိုင်ငံတွေအတွက် ဘယ်လောက်ထိလွယ်ရှလွယ်ဖြစ်မလဲ ဥရောပက ယူကရိန်းကို ငွေကြေးနှင့် စစ်ရေး ဘယ်လောက်အထိပါဝင် ကူညီမလဲဆိုတာတွေနဲ့ ပတ်သက်လို့ တရုတ်က အစပိုင်းမှာ လျှော့တွက်ခဲ့ပုံရပါတယ်။

"အဲဒါကြောင့် တရုတ်ဟာ အခုအချိန်မှာ စကားလုံးအသုံးအနှုန်းသုံးတဲ့ အဆင့်မှာတောင် ချောမွေ့ဖို့ ကြိုးစားနေပါတယ်" လို့ Kovacic က ထပ်ဖြည့်ပြောပါတယ်။

ယူကရိန်းစစ်ပွဲကနေ တရုတ်နိုင်ငံက သူ့ဆီက ခွဲထွက်ပြည်နယ်အဖြစ် သတ်မှတ်ထားတဲ့ ထိုင်ဝမ်ကို တရုတ်ရဲ့ ကိုင်တွယ်ဖြေရှင်းမှု အပေါ်မှာ လွှမ်းမိုးမှုတွေ ရှိလာခဲ့ပါတယ်။

လတ်တလော လတွေအတွင်း ဒေသတွင်း တင်းမာမှုတွေ ဆက်တိုက် မြင့်တက်ခဲ့ပြီး သူတို့နိုင်ငံရဲ့ ပင်လယ်ပြင်နဲ့ လေကြောင်း စစ်ရေးလေ့ကျင့်မှု အကြီးဆုံးတစ်ခုကို ထိုင်ဝမ်နားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်က ပြုလုပ်ခဲ့ပါတယ်။

ရုရှား ယူကရိန်းစစ်ပွဲအစမှာ တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ဖို့အထိ လုပ်ဆောင်လာမှာကို လေ့လာသူ အများစုက စိုးရိမ်ခဲ့ကြပါတယ်။

ဒါပေမယ့် အခုတော့ ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုအပေါ် အနောက်အုပ်စု (အထူး သဖြင့် အီးယူ) ရဲ့ ညီညီညွတ်ညွတ် တုံ့ပြန်မှုကြောင့် တရုတ်က အဲ့ဒါမျိုး မလုပ်ရဲတော့ဘူးလို့ လေ့လာသုံးသပ်သူတွေက ယုံကြည်နေကြပါတယ်။

မူဝါဒအပြောင်းအလဲတွေဖြစ်လာပြီလား

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ခန့်အပ်ခံခဲ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်ဟာ ရုရှားနို င်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့နဲ့ ဇန်နဝါရီ ၉ ရက်က တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးမှုကို ရုရှားအစိုးရဲ့ တောင်းဆိုချက်အရ ပြုလုပ်ခဲ့တာလို့ ဖော်ပြခဲ့ပါတယ်။ တခြားနိုင်ငံတွေအပေါ် တရုတ်-ရုရှား ဆက်ဆံရေးက မဟာမိတ်မဟုတ်သော၊ ထိပ်တိုက်ရင်ဆိုင်ခြင်းမဟုတ်သော၊ ရန်လိုခြင်းမဟုတ်သော ဆက်ဆံရေး လို့ ဆိုပါတယ်။

ဒါဆိုရင် ဒီဖော်ပြချက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပူတင်နဲ့ ရှီကျင့်ဖျင် တွေ့ခဲ့ကြတုန်းက "အကန့်အသတ်မရှိ ချစ်ကြည်ရင်းနှီးမှု" ဆိုတဲ့ ကြေညာချက် နဲ့ စက်တင်ဘာလ ထိပ်သီး အစည်းအဝေးမှာတုန်းက "အင်အားကြီးနှစ်နိုင်ငံ" နဲ့ လို့ ပြောခဲ့တဲ့ စကားလုံးတွေနဲ့ တခြားစီဖြစ်နေပါတယ်။

ချင် ရဲ့ ရာထူးခန့်အပ်မှုအပြီးမှာလည်း လွန်ခဲ့တဲ့သုံးနှစ်ကတည်းက တာဝန်ယူနေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းကို ရာထူးကဖယ်ရှားခဲ့ပါတယ်။

ထက်ထက်မြက်မြက်ပြောကြားမှုတွေနဲ့ စကားစစ်ထိုး ပြောတတ်တာ၊ တရုတ်အစိုးရရဲ့ မူဝါဒ တွေကို ခုခံကာကွယ်ပြီး ပြိုင်ဘက်တွေကို ဝေဖန်တတ်တာတွေကြောင့် "ဝံပုလွေစစ်သည်တော်" လို့ တောင် သူ့ကို နာမည်ပြောင်ပေးခဲ့ကြပါတယ်။ အနောက်နိုင်ငံတွေကို သံသယဝင်ပြီး ကြမ်းတမ်းတဲ့ စကား လုံးတွေသုံးနှုံးတတ်တဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက မာရီယာဇာခရာရိုဗာနဲ့တောင် သူ့ကို နှိုင်းယှဥ်ခဲ့ကြပါတယ်။

ကျောက်လိကျန်းကို ရာထူးကဖယ်ရှားတာဟာ ဟန်ပြလုပ် ဆောင်မှု သက်သက်တစ်ခုလို့ လေ့လာသူအချို့က ဆိုကြပြီး တချို့ကတော့ အခြားနိုင်ငံတွေနဲ့ ပွတ်တိုက်မှုဖြစ်တာတွေ လျော့ပါးစေဖို့ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ နည်းဗျူဟာ ပြုပြင်ပြောင်း လဲမှုတစ်ခုလို့ ဆိုကြပါတယ်။

ဝံပုလွေစစ်သည်တော်လို့ တင်စားကြတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်း

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဝံပုလွေစစ်သည်တော်လို့ တင်စားကြတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်း

နိုင်ငံတကာ ဆက်ဆံရေး တိုးတက်ဖို့ အဓိက ရည်မှန်းပြီး တရုတ်နိုင်ငံဟာ သူတို့နိုင်ငံရဲ့ ကိုဗစ်သုည မူဝါဒကို စွန့်လွှတ်၊ "ဘုံသာယာဝပြောရေး" နဲ့ လူမှုတန်းတူညီမျှမှုဆိုင်ရာ ဝေါဟာရတွေလည်းကို လျှော့ချပြီး စီးပွားရေးယုံကြည်မှုတွေ ပြန်လည် ထူထောင်ဖို့ ကြိုးစားနေပါတယ်။

တရုတ်အစိုးရကို လိုလားထောက်ခံတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက စိတ်ပျက်စရာဖြစ်ခဲ့တဲ့ ရုရှားမှာ တရုတ်ရဲ့ သြဇာတည်ဆောက်မှုအခြေအနေနဲ့ ပထဝီဝင်နိုင်ငံရေး မှားယွင်းတွက် ချက်မှုတွေအတွက် စိတ်ပျက်မိကြောင်း အလွတ်သဘောပြောထားတာလည်း ရှိပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ရဲ့လုပ်ရပ်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က သွယ်ဝိုက်ဆန့်ကျင်ခဲ့တဲ့ ကိစ္စ တစ်ခုကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကထုတ်ပြန်ခဲ့တဲ့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှော့ဇ် နဲ့ ပူးတွဲ ထုတ်ပြန်ကြေညာချက်မှာ "နျူကလီးယားလက်နက်အသုံးပြုမှု သို့မဟုတ် ခြိမ်းခြောက်မှု" ကို လက်မခံနိုင်ဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

တရုတ်အစိုးရ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်ကို Financial Times သတင်းစာက ဖော်ပြ တာမှာလည်း "ပူတင်က အရူးပဲ၊ ယူကရိန်းကို ကျူးကျော်ဖို့ ဆုံးဖြတ်ချက်က လူနည်းစု တစ်စုကပဲ ဆုံးဖြတ်ခဲ့တာ။ တရုတ်က ရုရှားနောက်ကို မလိုက်သင့်ဘူး"လို့ ဖော်ပြတာတွေ့ရပါတယ်။

တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ ရုရှားဆန့်ကျင်ရေးရပ်တည်ချက်ကို လူသိရှင်ကြား ပြတ်ပြတ်သားသား ပြောင်းလဲဖို့ မဖြစ်နိုင်ပေမဲ့ ယူကရိန်းစစ်ပွဲမှာ ရုရှားရဲ့ ရည်မှန်းချက်တွေ မအောင်မြင်တဲ့ အကျိုး ဆက်တွေနဲ့ ယူကရိန်းစစ်ပွဲကနေ နိုင်ငံတကာမှာ ကသောင်းကနင်းဖြစ်လာမယ့် အကျိုးဆက်တွေ လျော့ပါးသွားအောင်တော့ အသေအချာ သတိထား လက်တွေ့ကျကျ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။