၂၀၂၂ ကို ပြန်ကြည့်ခြင်း - ဒီနှစ်ထဲ အသစ်ဖြစ်ပေါ်လာခဲ့တဲ့ ၉ ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ ခုနှစ်ဟာ အရင်က မကြုံစဖူးအဖြစ်တွေနဲ့ ကြုံရတဲ့နှစ်ပါ။ တချို့ဖြစ်ရပ် အသစ် တွေက ဒီကမ္ဘာဂြိုဟ်မှာ ဖြစ်ခဲ့တာတောင် မဟုတ်ပါဘူး။ မျက်ဝါးထင်ထင်တွေ့လိုက် ရတဲ့ အသစ်တချို့က ဒီလိုပါ။
ဂြိုဟ်သိမ်တခုကို နာဆာ (NASA)က လမ်းကြောင်းပြောင်းပေးခဲ့
အမေရိကန် အာကာသအေဂျင်စီ (NASA)ဟာ စက်တင်ဘာလ ၂၈ ရက်နေ့က အာကာသယာဉ် တခုကိုသုံးပြီး ဂြိုဟ်သိမ်တခုကို ဝင်တိုက်ပစ်လိုက်ကာ အဲဒီ ဂြိုဟ်သိမ်သွားနေတဲ့ လမ်းကြောင်းကို အောင်အောင်မြင်မြင် ပြောင်းပေး လိုက်နိုင်ပါတယ်။ တကယ်လို့ ကမ္ဘာမြေကို ဦးတည်ပြီး ဥက္ကာပျံခဲတွေ ဦးတည် လာမယ်ဆိုရင် ဒီလို တိုက်ပစ်ပြီး ကမ္ဘာဆီရောက် မလာအောင် ကာကွယ်နိုင်မလားလို့ စမ်းသပ်တာပါ။ တကယ်လာမယ်ဆိုရင် သူတို့ လုပ်နိုင်ပါပြီ။
မိုက်ခရို ပလတ်စတစ် (Microplastics) တွေ လူ့သွေးထဲမှာ တွေ့ရှိရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လေ့လာမှု တခုအရ သွေးနမူနာယူပြီး စမ်းသပ်ကြည့်တဲ့ လူတွေထဲက ၈၀% အရေအတွက်ရှိတဲ့ လူတွေရဲ့ သွေးထဲမှာ မိုက်ခရို ပလတ်စတစ်တွေ တွေ့ရှိခဲ့ ရတယ်လို့ မတ်လအတွင်းက နိုင်ငံတကာ ပတ်ဝန်းကျင် (Environment International) ဂျာနယ်ထဲမှာ ဖော်ပြထားပါတယ်။
မိုက်ခရို ပလတ်စတစ်ဆိုတာဟာ အရှည် ၅ မီလီမီတာထက်သေးတဲ့ ပလတ်စတစ် အစ အသေးလေးတွေပါ။ မြေကြီးထဲမှာ၊ ပင်လယ်ထဲမှာ ရောက်သွားတဲ့ ပလတ် စတစ်တွေ ယိုယွင်း ပျက်စီးလာပြီး မိုက်ခရို ပလတ်စတစ်တွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေပါတယ်။
မိုက်ခရို ပလတ်စတစ်တွေက လူ့ခန္ဓာကိုယ်ကို ဘယ်လိုထိခိုက်စေလဲ ဆိုတာကတော့ မသိရသေးပါဘူး။ ဒါပေမယ့် သုတေသီတွေ တွေ့ လာရတဲ့ ရလဒ်အသစ်တွေကို ကြည့်ရင် မိုက်ခရို ပလတ်စတစ်တွေဟာ လူသားရဲ့ ဆဲလ်တွေကို ပျက်စီးစေတာကို တွေ့ရတဲ့ အတွက် စိုးရိမ်စရာပါ။
ကမ္ဘာ့ဖလားပွဲမှာ ပထမဆုံး ဖြစ်လာတာတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ ဖီဖာ အမျိုးသား ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အရင်ကမဖြစ်ဖူးသေးတဲ့ အဖြစ်တွေ အတော်များများဖြစ်ခဲ့ပြီး သမိုင်းမှတ်တိုင်တွေ ထူသွားပါတယ်။
ကာတာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့တဲ့ ဒီပွဲဟာ အာရပ် (သို့မဟုတ်) မွတ်ဆလင် နိုင်ငံ တခုမှာ ပထမဆုံး ကျင်းပတဲ့ ကမ္ဘာ့ ဖလားပွဲပါ။
ကွင်းလယ် ဒိုင်လူကြီးအဖြစ် အမျိုးသမီး ဒိုင်လူကြီး တယောက်ကို ပထမဆုံး စတင် ပွဲထုတ်ခဲ့တာ ဖြစ်ပြီး ပြင်သစ်နိုင်ငံသူ စတက်ဖန်နီ ဖရက်ပ်ပတ်ဟာ ဂျာမနီ အသင်းနဲ့ ကော့စတာရီကာ အသင်းတို့ အုပ်စုပွဲကန်ကြစဥ်မှာ ဒိုင်လူကြီး လုပ်ခဲ့ပါတယ်။
အဲဒီပွဲမှာ ဒိုင်လူကြီး အားလုံးဟာ အမျိုးသမီးတွေပါ။ ကွင်းလယ် ဒိုင်လူကြီး ဖရက်ပ်ပတ်အပြင် စည်းကြပ်ဒိုင်တွေက အမျိုးသမီး ဒိုင်လူကြီးတွေပါ။ သူတို့ ကတော့ ဘရာဇီးက နျူဇာ ဘက်၊ မက္ကဆီကိုက ကရင် မက်ဒီနာတို့ ဖြစ်ပါတယ်။
နောက်တခုကတော့ မော်ရိုကို အသင်းက ဆီမီးဖိုင်နယ်အထိ တက်ခဲ့ပြီး ဒါဟာ အာဖရိကနိုင်ငံတခု (အာရပ်နိုင်ငံတခု) ကမ္ဘာ့ဖလားပွဲ သမိုင်းမှာ အမြင့်ဆုံးအဆင့်ကို တက်ခဲ့တာပါ။
သမိုင်းမှတ်တိုင်တွေဆက်ပြောရရင်တော့ လီယိုနဲယ် မက်ဆီဟာ ကမ္ဘာ့ဖလားပွဲ ၅ ကြိမ်တိုင် ကြိုးစားခဲ့ပြီးတဲ့နောက် ကာတာ ၂၀၂၂ ပွဲမှာ ကမ္ဘာ့ဖလားကို ပထမဆုံး အကြိမ် ပိုက်နိုင်ခဲ့ပါတယ်။
တို့လူသားတွေ ၈ ဘီလျံရှိလာပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုဝင်ဘာလ ၁၅ ရက် ၂၀၂၂ ခုနှစ်ဟာ သမိုင်းမှတ်တိုင်တခုကို စိုက်ထူခဲ့တဲ့နေ့ပါ။ ကုလသမဂ္ဂ စာရင်းတွေအရ ကမ္ဘာ လူဦးရေ သန်း ၈၀၀၀ ကျော်သွားတဲ့နေ့ပါ။
"လူထု ကျန်းမာရေး၊ အစာအဟာရ၊ တကိုယ်ရေသန့်ရှင်းမှု၊ ဆေးဝါး စတဲ့ အပိုင်းတွေမှာ တိုးတက်လာတာနဲ့အတူ လူတွေရဲ့ သက်တမ်း က တဖြည်းဖြည်း ရှည်လာတာကြောင့် လူဦးရေတိုးနှုန်းက တက်လာခဲ့ပါတယ်။ တချို့နိုင်ငံတွေမှာ မွေးဖွားနှုန်း တိုးနေတာတွေ အချိန်ကြာကြာရှိနေတာကြောင့်လည်း ဖြစ်ပါတယ်" လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။
ဒါပေမယ့် လူဦးရေ သန်း ၇၀၀၀ ကနေ ၈၀၀၀ အထိတိုးလာဖို့ ၁၂ နှစ်အချိန်ယူခဲ့ရပြီး အခုကနေ နောက်ထပ် သန်း ၁၀၀၀ တိုးဖို့ကိုတော့ ၁၅ နှစ်ကြာလိမ့်မယ်၊ ဘာလို့လဲ ဆိုတော့ အားလုံးကို ပေါင်းခြုံကြည့်ရင် မွေးဖွားနှုန်းက နှေးကွေးနေလို့ပါ လို့ ကုလသမဂ္ဂက ပြော ပါတယ်။
"ခေတ်သစ်ပြောင်းတဲ့" ငှက်ဖျား ကာကွယ်ဆေး

ဓာတ်ပုံ ရင်းမြစ်, Katie Ewer
အောက်စဖို့ဒ် တက္ကသိုလ်က သိပ္ပံပညာရှင်တွေက "ခေတ်သစ်ပြောင်းတဲ့" အထိ အောင်မြင်နိုင်တဲ့ ငှက်ဖျား ကာကွယ်ရေး ထိုးဆေး တမျိုးကို ထုတ်လုပ်နိုင်ပြီလို့ စက်တင်ဘာလထဲမှာ ကြေညာခဲ့ပါတယ်။ နောက်နှစ်ထဲမှာ ဖြန့်ချိနိုင်မယ်လို့ ရည်မှန်းထားတဲ့ အဲဒီ ကာကွယ်ဆေးသစ်ကို စမ်းသပ်တဲ့အဆင့်မှာ ငှက်ဖျား ရောဂါကနေ ၈၀% ကာကွယ်နိုင်ခဲ့ပါတယ်။ ငှက်ဖျားဟာ တနှစ် တနှစ် လူပေါင်း ၄၀၀, ၀၀၀ သေကြေစေတဲ့ ရောဂါဆိုးပါ။
သူတို့ရဲ့ ငှက်ဖျား ကာကွယ်ထိုးဆေးက စျေးသက်သက်သာသာနဲ့ ရနိုင်မှာလို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ငှက်ဖျားရောဂါဟာ ကလေးသူငယ်တွေ အသေအများဆုံးရောဂါတွေထဲက တခုဖြစ်ပြီး ငှက်ဖျားကို ဖြစ်စေတဲ့ ကပ်ပါးပိုးက အမျိုး အမည်သတ်မှတ်ရာမှာ ရှုပ်ထွေးလွန်းတာကြောင့် ကာကွယ်ဆေးထုတ်နိုင်ဖို့ရာ အခက်အခဲတွေ အကြီးအမား ရှိခဲ့ပါတယ်။ လူ့ခန္ဓာကိုယ်ထဲမှာ ငှက်ဖျားပိုးက ဖွဲ့စည်းပုံသဏ္ဌာန်တမျိုးကနေ နောက်တမျိုးကို ပြောင်းသွားတတ်တာကြောင့် ဒီပိုးကို ကာကွယ်မယ့် ပဋိပစ္စည်းထုတ်လုပ်ရာမှာ ရွေ့နေတဲ့ ပစ်မှတ်ကို လိုက်ပြီးပစ်နေရသလိုမျိုးနဲ့ ကြုံခဲ့ရပါတယ်။
လက်ဒစ်ခ်က အိုလံပစ်ရဲ့ လိင်သတ်မှတ်မှုမှာ သမိုင်းရေးထိုး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်က ရေခဲပြင်ပေါ် အလှပြ စကိတ်စီး အားကစား ပြိုင်ပွဲဝင်သူ တင်မိုသီ လက်ဒစ်ခ်(Timothy LeDuc) ဟာ အိုလံပစ်မှာ ပထမဆုံးသော ကျားလိင်- မလိင် မကွဲပြားသူ (non-binary) တယောက်ဖြစ်ပါတယ်။ အဲဒီ ဆောင်းရာသီ အိုလံပစ် ပွဲတော်ကို ဖေဖော်ဝါရီလတုန်းက ဘေဂျင်းမှာ ကျင်းပခဲ့ပါတယ်။
အတွဲလိုက် ပြိုင်ရတဲ့ပွဲမှာ အက်ရှလေ ကိန်းနဲ့ တွဲပြီး သတ္တမ အဆင့်သာရခဲ့တဲ့ လက်ဒစ်ခ်ဟာ အိုလံပစ် ဆုတံဆိပ် မချိတ်နိုင်ခဲ့ပေမယ့် သူ့ဇာတ်လမ်းဟာ ကမ္ဘာတလွှားကို ရိုက်ခတ်ခဲ့ပါတယ်။
ဂျိန်းစ် ဝက်ဘ် (James Webb) ရဲ့ တယ်လီစကုတ် မှန်ပြောင်း

ဓာတ်ပုံ ရင်းမြစ်, NASA

ဂျိန်းစ် ဝက်ဘ်ရဲ့ တယ်လီစကုတ်မှန်ပြောင်း သတင်းကလည်း ၂၀၂၂ ထဲ သတင်းကြီး ဖြစ်ခဲ့ပါတယ်။ ဇူလိုင်တုန်းက အဲ့ဒီမှန်ပြောင်းကြီး ကနေ စကြာဝဠာထဲက အံ့မခန်း ပုံရိပ် တွေကို ကြည့်နိုင်ခဲ့ကြပါတယ်။
သက်တမ်း နှစ်ပေါင်း ၁၃ ဘီလျံကျော် ရှိပြီဖြစ်တဲ့ JADES-GS-z13-0 နဂါးငွေ့တန်း ကြယ်စု အပါအဝင် အဝေးဆုံးက ပုံရိပ်တွေကို တွေ့မြင်နိုင်ခဲ့ပြီး ဒါဟာ မဟာ စကြာ ဝဠာကြီး စတင်ဖြစ်ဖို့ ပေါက်ကွဲမှုကြီး (Big Bang) နောက်ပိုင်းကာလလေးက ပုံရိပ် တွေပါ။
လက်ရှိအချိန်အထိ အတည်ပြုနိုင်တဲ့အထဲ "အဝေးဆုံး နဂါးငွေ့တန်း ကြယ်စုတွေ" လို့ ဆိုနိုင်ပါတယ်။
လူဖြူမဟုတ်တဲ့ ပထမဆုံးသော ဝန်ကြီးချုပ် အမှတ် ၁၀ ဒေါင်းနင်းလမ်း နေအိမ်ကို ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၂ အတွင်း ဗြိတိန်ဝန်ကြီးချုပ်မှတ်တမ်းတွေထဲ စံချိန်ဝင်သွားတာတွေ ဖြစ်ခဲ့ ပါတယ်။ လစ်ဇ် ထရပ်စ်က ရာထူးမှာ ၄၅ ရက်သာခံပြီး ယူကေမှာ အာဏာ သက်တမ်း အတိုဆုံးသော ဝန်ကြီးချုပ်ဖြစ်သွားပါတယ်။
သူ့ကို ဆက်ခံသူကတော့ အပြုသဘော သမိုင်းမှတ်တိုင်တခုကို စိုက်ခဲ့နိုင်ပါတယ်။ ရီရှီ ဆူးနက်ခ်ဟာ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဝန်ကြီးချုပ်ဖြစ်လာပြီး အသားအရောင်အသွေးရှိသူ တယောက်အနေနဲ့ ဒီရာထူးကို ပထမဆုံး ရသူပါ။
မိုက်ခရိုစကုပ် မပါပဲ မြင်နိုင်တဲ့ ဘက်တီးရီးယားပိုး

ဓာတ်ပုံ ရင်းမြစ်, Jean-Marie Volland

ကမ္ဘာမှာ အကြီးဆုံးသော ဘက်တီးရီးယားပိုးကို တွေ့ရှိတယ်လို့ သိပ္ပံပညာရှင်တွေက ဇွန်လ ထဲမှာ ကြေညာပါတယ်။ အသစ်တွေ့ရှိတဲ့ သီယိုမာဂရီတာ မက်ဂနီဖီကာ (Thiomargarita magnifica) ဘက်တီးရီးယားဟာ လူ့ မျက်တောင်မွှေးလောက် ရှည်တဲ့ အတွက် သူ့ကို မြင်နိုင်ဖို့ မိုက်ခရို စကုပ် မလိုပါဘူး။ ၁ စင်တီမီတာလောက် အရှည်ရှိတဲ့ ဒီဘက်တီးရီးယားဟာ ကြီးပါတယ်ဆိုတဲ့ ဘက်တီးရီးယားမျိုးထက်ကို အဆ ၅၀ လောက်ကြီးပြီး သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ ပထမဆုံးသော ဘက်တီးရီးယားပိုးမွှား ပါ။








