ဟောလိုးဝင်းပွဲတော် - ချောက်ချားလွန်းလို့ အပိတ်ခံရတဲ့ ရုပ်ရှင်ခြောက်ကား

The Exorcist ဇာတ်ကား မှာ မကောင်းဆိုးရွားဝင်ပူးခံရသူ မိန်းကလေး အဖြစ် အသက် ၁၂ အရွယ် လင်ဒါဘလဲက သရုပ်ဆောင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Exorcist ဇာတ်ကား မှာ မကောင်းဆိုးရွားဝင်ပူးခံရသူ မိန်းကလေး အဖြစ် အသက် ၁၂ အရွယ် လင်ဒါဘလဲက သရုပ်ဆောင်ခဲ့

ရုပ်ရှင်ကားတကား အရမ်းကြောက်စရာကောင်းပြီဆိုရင် အဆုံးစွန် ကြုံရနိုင်တဲ့ အခြေအနေကတော့ တားမြစ် ပိတ်ပင်ခံရတာပဲ ဖြစ်ပါတယ်။

ကြောက်မက်ဖွယ်ရာကောင်းတယ် ဆိုတဲ့ ရုပ်ရှင်ကားတွေကို ကြည့်ရတာ စိတ်လှုပ်ရှားစရာနဲ့ ပျော်စရာကောင်းနိုင်တယ် ဆိုပေမယ့် အရမ်း ချောက်ချားစရာ ကောင်းသွားရင်လည်း စိတ်ထိခိုက် အနှောက်အယှက် ဖြစ်ရတဲ့ အဆင့်အထိ ရောက်သွားနိုင်ပါတယ်။

အခုလို အလွန်ချောက်ချားစရာဘက်ကို ရောက်သွားလို့ ရုပ်ရှင်ရုံတွေက ပေးမပြပဲ ပိတ်ပင်ခံရတဲ့ ရုပ်ရှင်ကားတွေထဲက ရုပ်ရှင် ခြောက်ကားရဲ့ အကြောင်းကို ဘီဘီစီက စုစည်းတင်ပြပေးထားပါတယ်။

လက်ရှိဆောင်းပါးမှာ အလွန်စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေ ပါဝင်တယ် ဆိုတာကိုတော့ ကြိုတင်သတိပေးပါရစေ။

အမေရိကန်မှာ ဒီရုပ်ရှင်ကား စပြချိန်မှာ ရုပ်ရှင်ရုံအပြင်ဘက် နှင်းတောကို အန်တုပြီး တန်းစီနေကြတဲ့ လူတန်းရှည်ကြီးကိုလည်း တွေ့ခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, Bettmann Archive/Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်မှာ ဒီရုပ်ရှင်ကား စပြချိန်မှာ ရုပ်ရှင်ရုံအပြင်ဘက် နှင်းတောကို အန်တုပြီး တန်းစီနေကြတဲ့ လူတန်းရှည်ကြီးကိုလည်း တွေ့ခဲ့ရ

၁။ The Exorcist - ၁၉၇၃

ပယောဂဆရာလို့ မြန်မာလို ဘာသာပြန်နိုင်လောက်မယ့် ၁၉၇၃ မှာ ထွက်ရှိခဲ့တဲ့ The Exorcist ရုပ်ရှင်ဇာတ်ကားဟာ ကြည့်ဖြစ်အောင် ကြည့်ရမယ့် ကြောက်စရာ ရုပ်ရှင်ကား စာရင်းထဲမှာ အမြဲ ဝင်လေ့ရှိတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

ဒီရုပ်ရှင် ထွက်ရှိခဲ့တဲ့ ၁၉၇၃ ခုနှစ်မှာ ဒီရုပ်ရှင်အကြောင်းက နိုင်ငံတကာသတင်းစာ ခေါင်းကြီးပိုင်းတွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။

ဒီရုပ်ရှင်ထဲမှာ အမျိုးသမီးငယ်လေးတဦးကို မိစ္ဆာကောင် ပူးကပ်တာ ခံရပုံကို ရိုက်ပြထားတာက လူအများရဲ့ အာရုံကို သိမ်းသွင်းဖမ်းစားထားနိုင်ခဲ့ပြီး အခုလို ပူးကပ်နေတဲ့ မိစ္ဆာပြန်ထွက်သွားအောင် ပယောဂကုပုံကလည်း နိုင်ငံတကာက ကြောက်စရာရုပ်ရှင်ကြိုက်သူ ပရိသတ်တွေအတွက် အင်မတန် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

အမေရိကန်မှာ ဒီရုပ်ရှင်ကား စပြချိန်မှာ ရုပ်ရှင်ရုံအပြင်ဘက် နှင်းတောကို အန်တုပြီး တန်းစီနေကြတဲ့ လူတန်းရှည်ကြီးကိုလည်း တွေ့ခဲ့ရပါတယ်။

ပြတဲ့အခါမှာလည်း ကြည့်တဲ့သူတွေ မေ့လဲကုန်တာ၊ အော့အန်ကြတာနဲ့ ရုပ်ရှင်ရှင်ထဲက တခြားလူကိုတွဲပြီး ပြန်ထွက်လာရတယ် ဆိုတဲ့အကြောင်းတွေက စာနယ်ဇင်း စာမျက်နှာတွေမှာ အကြိမ်ကြိမ် ဖော်ပြလာကြတာကို တွေ့ရပါတယ်။

ဒီရုပ်ရှင်ကို အမေရိကန် ရုပ်ရှင် အစည်းအရုံးက မဖြတ်တောက်ဘဲ ကန့်သတ် R အဆင့် သတ်မှတ်ခဲ့ပြီး ဒီအဆင့်အရ ဆိုရင် အရွယ်မရောက်သေးသူတွေ အနေနဲ့ အရွယ်ရောက်ပြီးသူ လူကြီးနဲ့ အတူလာမယ်ဆိုရင် ဒီကားကို ကြည့်ခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့ ဒီရုပ်ရှင်ကားကို ပိတ်ပင်တဲ့ နိုင်ငံတွေလည်း ရှိခဲ့ပြီး စင်္ကာပူဆိုရင် ဒီရုပ်ရှင်က ဘာသာရေး အုပ်စုတခုကို သေးသိမ်အောင်လုပ်တာ၊ ဘာသာတရား တခုခုကို သေးသိမ်စေတဲ့ စကားလုံး ဒါမှမဟုတ် မလေးမစား လုပ်တာ ဆိုတဲ့ စည်းကမ်းတွေ ဖောက်ဖျက်တယ်ဆိုပြီး ပြသခွင့် ပိတ်ပင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ စင်္ကာပူက ဒီရုပ်ရှင်ကားကို တချို့အပိုင်းတွေ ဖြတ်တောက်စေပြီး ပြသခွင့် ပြန်ပေးခဲ့ပေမယ့် အိမ်နီးချင်း မလေးရှားကတော့ ဒီရုပ်ရှင် ပြခွင့် ပိတ်ခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ဝေဖန်မှုတွေနဲ့ အော်စကာဆုပေးပွဲ

ရုပ်ရှင်ပြသမှုဆိုင်ရာ စည်းကမ်းတင်းကျပ်လေ့ရှိတဲ့ ယူကေနိုင်ငံရဲ့ ရုပ်ရှင်ကြီးကြပ်ရေးအဖွဲ့ ဗြိတိသျှ ရုပ်ရှင် ပြသမှု အဆင့်အတန်း ခွဲခြားရေး ဘုတ်အဖွဲ့ (BBFC) ကတော့ ကန့်သတ်အဆင့် (X) သတ်မှတ်ကာ အသက် ၁၈ နှစ်ပြည့်ပြီးသူကိုသာ မဖြတ်မတောက် မူလအတိုင်းထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်ခွင့်ပေးခဲ့ပါတယ်။

ဒါပေမဲ့ BBFC ဟာ ၁၉၈၄ အရောက်မှာ ဒီဇာတ်ကား ကို အိမ်မှာ ဗီဒီယိုတိပ်နဲ့ ပြန်ကြည့်ခွင့်နဲ့ ပတ်သက်ပြီး ကန့်သတ်မှု စလုပ်လာခဲ့ပါတယ်။

နောက်လေးနှစ်အကြာ ၁၉၈၈ ခုနှစ်မှာတော့ ဒီရုပ်ရှင်ကို ၁၈ နှစ်အောက် မကြည့်ရ ကန့်သတ်ချက်နဲ့ ဗီဒီယို ရောင်းချမှုတွေကိုပါ ပိတ်ပင်ခဲ့လို့ ဆိုင်တွေက ဖယ်ရှားပေးခဲ့ရပြီး အိမ်တွင်းမှာ အသက် ၁၈ နှစ်အောက်တွေ မကြည့်မိဘူးလို့ အာမ မခံနိုင်ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စည်းကမ်းတင်းကျပ်မှုကြောင့် ဒီရုပ်ရှင်ကားကို ရုံတွေမှာ ဆက်လက်ပြသနေပေမယ့် ဗီဒီယိုတိပ်ခွေအဖြစ် ရောင်းချမှုကို ၁၉၈၈ နောက်ပိုင်း ၁၁ နှစ်အကြာ ၁၉၉၉ အထိ ယူကေမှာ ပိတ်ပင်ထားခဲ့ပါတယ်။

၁၉၉၉ မှာ BBFC က အဲဒီရုပ်ရှင်ကို အိမ်တွင်း ပြန်ကြည့်နိုင်တဲ့ ဗီဒီယို ရောင်းချခွင့် ပြန်ပေးခဲ့ချိန်မှာ သူတို့အနေနဲ့ ဒီရုပ်ရှင်ကားရဲ့ အကျိုးသက်ရောက်မှုနဲ့ အများကို တကယ်ထင်လာအောင် ထိရှစေမှု ပေးနိုင်တာကို အသိအမှတ်ပြုသေးပေမယ့် ဒီရုပ်ရှင် ထွက်ရှိခဲ့တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်ကလောက် လက်ရှိခေတ်မှာ သက်ရောက်မှု မရှိတော့လို့ အခုလို ခွင့်ပြုလိုက်ခြင်း ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

The Exorcist ရုပ်ရှင်ဟာ အခုလို အငြင်းပွားဖွယ်ရာတွေ ရှိခဲ့ပေမယ့် အကောင်းဆုံး အကယ်ဒမီ ရုပ်ရှင်ဇာတ်ကားဆုအတွက် ပထမဆုံး ဆန်ကာတင် အရွေးခံရတဲ့ ကြောက်မက်ဖွယ်ရာ ရုပ်ရှင် အမျိုးအစားလည်း ဖြစ်ခဲ့ပါတယ်။

Film director and Italian screenwriter Ruggero Deodato, in 2008.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Cannibal Holocaust ရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်တချို့ကို လူမြင်ကွင်းမှာ ပြန်မမြင်ရတော့တဲ့အတွက်ဒါရိုက်တာ ရပ်ဂဲရိုး ဒီရိုဒါးဒိုးဟာ သံသယ လူသတ်တရားခံ အနေနဲ့လည်း အဖမ်းခံခဲ့ရ

၂။ Cannibal Holocaust - ၁၉၇၉

၁၉၇၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Cannibal Holocaust (အစုလိုက် လူသားစားခံရခြင်း)ဆိုတဲ့ အီတလီ ရုပ်ရှင်ဇာတ်ကားကို ၁၉၈၀ ပြည့်လွန် နှစ်တွေအတွင်း အဆိုးရွားဆုံး ကြောက်မက်ဖွယ်ရာ ရုပ်ရှင်တွေထဲက တခု အနေနဲ့ ရုပ်ရှင်ဝါသနာအိုးတွေက သိထားကြပါတယ်။

ဒီရုပ်ရှင်ထဲမှာ တိရစ္ဆာန်ကို တကယ်သတ်ပြတာ အပါအဝင် အလွန်ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်မှုတွေ ပါဝင်ပြီး ဇာတ်လမ်းကတော့ အမေဇုန်သစ်တောကြီးထဲက ရုပ်ရှင်ရိုက်တဲ့အဖွဲ့တခုကို ကယ်ဆယ်ရေးအဖွဲ့တခုက သွားကယ်ကြတာကို အခြေခံထားပါတယ်။

ဒီရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်တချို့ကို လူမြင်ကွင်းမှာ ပြန်မမြင်ရတော့တဲ့အတွက် ရိုက်ကူးသူ ဒါရိုက်တာ ရပ်ဂဲရိုး ဒီရိုဒါးဒိုးဟာ အီတလီမှာ သံသယ လူသတ်တရားခံ အနေနဲ့လည်း အဖမ်းခံခဲ့ရပါတယ်။

ဒါပေမဲ့ တရားရုံးမှာ သူက ပျောက်နေတယ်ဆိုတဲ့ သရုပ်ဆောင်တယောက်ကို ခေါ်လာပြတော့မှ အမှုရုပ်သိမ်းခံရလို့ ပြန်လွတ်လာခဲ့ပါတယ်။

ဒီလို လွတ်လာတယ်ဆိုပေမယ့်လည်း သူ့ကို တရားရုံးက တိရစ္ဆာန် နှိပ်စက်မှုနဲ့ ဒဏ်ရိုက်ခဲ့ပြီး Cannibal Holocaust ရုပ်ရှင်ကိုလည်း အီတလီမှာ သုံးနှစ် ပိတ်ပင်ခဲ့ပါတယ်။

ဒီရုပ်ရှင်ကို အီတလီမှာသာမက သြစတြေးလျ၊ ယူကေ၊ နော်ဝေးနဲ့ အိုင်ယာလန်တို့ အပါအဝင် နိုင်ငံပေါင်း ၄၀ လောက်က နှစ်အတော်အတန်ကြာ ပိတ်ပင်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံလို အငြင်းပွားဖွယ်ရာ ရုပ်ရှင်တွေကို စည်းကမ်းတင်းကျပ်လေ့မရှိတဲ့ နိုင်ငံမှာတောင် ဒီရုပ်ရှင်ကို ၁၉၈၀ မှာ စတင်ပြသအပြီးမှာ ငါးနှစ် ပိတ်ပင်ခဲ့ပါတယ်။

၁၉၈၅ အရောက် ငါးနှစ်ပြည့်လို့ အမေရိကန်မှာ ရက်သတ္တပတ်အနည်းငယ် ရုံတင်အပြီး မကြာခင်မှာပဲ ပြန်လည် ရုပ်သိမ်းခံခဲ့ရပြန်ပြီး ၂၀ဝ၅ ခုနှစ် ရောက်တောမှသာလျှင် ဒီရုပ်ရှင်ကို အမေရိကန်နိုင်ငံမှာ တရားဝင် ပြန်လည် စတင် ဖြန့်ချိနိုင်ခဲ့ပါတယ်။

An audience reacting to a horror movie in the cinema

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုပ်ရှင်ထဲ ပါဝင်တဲ့ ပြသမှုတွေကြောင့် ကြည့်သူတွေမှာ ထိခိုက်မှု တခုခုဖြစ်နိုင်လို့ ပြသခွင့် ပိတ်ပင်ရ

၃။ Grotesque - ၂၀ဝ၉

၂၀ဝ၉ ခုနှစ်မှာ စတင် ဖြန့်ချိ ပြသခဲ့တဲ့ ဒီ Grotesque (ပုံပျက်ပန်းပျက်) ရုပ်ရှင်ဇာတ်ကားဟာ လူငယ် စုံတွဲတတွဲကို သူတပါး နာကျင်တဲ့ ဝေဒနာခံစားရတာကို ခုံမင်တဲ့ ဆရာဝန်တဦးက ရက်ရက်စက်စက် နှိပ်စက်တဲ့ အကြောင်းကို အခြေခံထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ဖြန့်ချိခဲ့သူတွေက ယူကေမှာ အသက် ၁၈ နှစ်အထက် ကြည့်ခွင့်နဲ့အတူ ဖြန့်ချိခွင့်ရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် BBFC ကတော့ ဒီရုပ်ရှင်အတွင်း လိင်ပိုင်းအကြမ်းဖက်တာ များနေမှုနဲ့အတူ နောက်ခံ ဇာတ်ကြောင်းနဲ့တကွ ဇာတ်ကောင်တွေကို အပြင်လောကက လူတွေလို ကြည့်သူတွေက ခံစားရအောင် ပုံဖော်ခြင်း မရှိတာတွေကို ထောက်ပြပြီး ပိတ်ပင်ထားပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ဟာ နောက်မတွန့်ဘဲ ဆက်လုပ်နေတဲ့ သေးသိမ်စေမှု၊ ရက်စက်မှုနဲ့ သူတပါး ခံစားရတာကို ကျေနပ်မှုတွေကို ကြည့်ရှုသူ ပရိသတ်ကို ပြတာကလွဲပြီး တခြားဘာမှ အနှစ်သာရ မရှိတဲ့အတွက် ၁၈ နှစ်အထက် ပြသခွင့်တောင် မပေးဘဲ ပိတ်ပင်ခဲ့တာလို့လည်း BBFC က ဆိုပါတယ်။

အခုလို ရုပ်ရှင်ထဲ ပါဝင်တဲ့ ပြသမှုတွေကြောင့် ကြည့်သူတွေမှာ ထိခိုက်မှု တခုခုဖြစ်နိုင်လို့ ပြသခွင့် ပိတ်ပင်ရတာဖြစ်ပြီး ယူကေလိုပဲ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကလည်း အလားတူ တားမြစ်ထားပါတယ်။

ဒီရုပ်ရှင်ဟာ ဂျပန်ပြည်တွင်းမှာတော့ ကန့်သတ် သတ်မှတ်ချက် မလုပ်ဘဲ ဖြန့်ချိခဲ့ရာမှာ ကနဦး အငြင်းပွားဖွယ်ရာ မဖြစ်ခဲ့ပေမယ့် ယူကေမှာ ပိတ်ပင်ခံရပြီးနောက်ပိုင်း ဒီရုပ်ရှင်ရဲ့ DVD အခွေကို ရောင်းချတဲ့ ဆိုင်ကြီးတချို့က မရောင်းတော့ဘဲ ဖယ်ရှားခဲ့ပါတယ်။

ဖင်လန်၊ ပြင်သစ်၊ အီတလီ၊ ဆွီဒင်၊ နယ်သာလန်နဲ့ အမေရိကန်နိုင်ငံတို့မှာတော့ ဒီရုပ်ရှင်ဟာ ၁၈ နှစ် အထက် ကြည့်ခွင့်နဲ့အတူ ပြသ ဖြန့်ချိခွင့် ရခဲ့ပါတယ်။

Portrait of Tom Six

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Human Centipede II ဒါရိုက်တာ တော်မ် ဆစ်က်စ် ကတော့ ဒီရုပ်ရှင်ဟာ အန်ချင်စရာ အကောင်းဆုံး စံချိန်တင်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ဝင့်ကြွား ပြောဆိုခဲ့

၄။ The Human Centipede II - ၂၀၁၁

မူလပထမ The Human Centipede (လူသား ကင်းခြေများ အပိုင်း ၂) ရုပ်ရှင်ကို ၂၀ဝ၉ ခုနှစ်မှာ ပထမဆုံး ဖြန့်ချိ ပြသခဲ့ပြီး နယ်သာလန်က ရိုက်တဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကြောက်စရာ ဒီ ဇာတ်ကားဟာ ဂျာမန် ဆရာဝန်တဦးက ကမ္ဘာလှည့် ခရီးသွား ၃ ဦးကို ပြန်ပေးဆွဲပြီး ဆိုးရွားလှတဲ့ ခွဲစိတ်ပြုပြင်မှုတခု လုပ်ခဲ့တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

၂၀၁၁ မှာ ဖြန့်ချိ ပြသခဲ့တဲ့ အပိုင်း ၂ ကတော့ ၂၀ဝ၉ ခုနှစ် ရုပ်ရှင်ထဲက လုပ်ထားတာကို စိတ်စွဲသွားသူတဦးက အဲဒီထက်ဆိုးတဲ့ ခွဲစိတ် ပြုပြင်မှုတခုလုပ်တဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကို ရိုက်ကူးသူ ဒါရိုက်တာ တော်မ် ဆစ်က်စ် ကတော့ ဒီရုပ်ရှင်ဟာ အန်ချင်စရာ အကောင်းဆုံး စံချိန်တင်တဲ့ ရုပ်ရှင်ဖြစ်တယ်လို့ ဝင့်ကြွား ပြောဆိုခဲ့ပါတယ်။

ဒီရုပ်ရှင်ဟာ ကမ္ဘာတလွှားမှာ အတော်တားမြစ်ခံခဲ့ရပြီး တချို့အပိုင်းတွေကိုလည်း ဖြတ်တောက်ပြီးမှ ပြသခွင့် ရခဲ့ပါတယ်။

The Human Centipede II ရုပ်ရှင်ကို သြစတြေးလျ နဲ့ ယူကေ ရုပ်ရှင် ပြသခွင့် အဆင့်အတန်း ခွဲခြားရေး ဘုတ်အဖွဲ့တွေက ကနဦး ပြသခွင့် လက်မှတ် ထုတ်မပေးခဲ့ပါဘူး။

ဒါပေမဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေက တချို့အပိုင်းတွေ ဖြတ်တောက်မှုအချို့ လုပ်အပြီးမှာတော့ သြစတြေးလျဘက်က ၁၈ နှစ်အတွက် ကြည့်နိုင်တဲ့ လက်မှတ် ထုတ်ပေးခဲ့ပြီး ယူကေမှာဆိုရင်လည်း ၃၂ နေရာ ဖြတ်တောက်ပြီးတော့မှ အခုလို ၁၈ နှစ်အထက် ကြည့်ခွင့် လက်မှတ် ထုတ်ပေးခဲ့ပါတယ်။

ဒီရုပ်ရှင်ကို နယူးဇီလန်၊ အိုင်ယာလန်၊ မော်လ်ဒိဗ်စ်နဲ့ ဖိလစ်ပိုင် နိုင်ငံတို့က ပြသခွင့် ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။

The Texas Chain Saw Massacre ပိုစတာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, The Texas Chain Saw Massacre ပိုစတာ

၅။ The Texas Chain Saw Massacre - ၁၉၇၄

The Texas Chain Saw Massacre (တက္ကဆက်က လွှစက်နဲ့ လူအစုလိုက် သတ်မှု) ဟာ ပါဝင်တဲ့ အကြမ်းဖက်မှုတွေကြောင့် နှစ်ပေါင်းများစွာ တားမြစ်ခံခဲ့ရပြီး "ဆိုးရွားလှတဲ့ ဗီဒီယိုကားတွေ" အဖြစ် အမည်တပ် စာရင်းသွင်းခံရတဲ့ မူလ ရုပ်ရှင်တွေထဲက တခုလည်း ဖြစ်ပါတယ်။

အဲဒီ ဆိုးဝါးလှတဲ့ ဗီဒီယိုကား ဆိုတဲ့ အသုံးအနှုန်းကို စိတ်အနှောက်အယှက် အလွန်ဖြစ်စေတဲ့ ကြမ်းတမ်းမှုနဲ့ လိင်မှုကိစ္စတွေ ပါဝင်တဲ့ ရုပ်ရှင်တွေကို သုံးနှုန်းလေ့ရှိတာလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ လူအများအပြားကို သတ်ခဲ့သူ အက်ဒ် ဂိမ်းရဲ့ အကြောင်းကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပြီး သူ သတ်ထားသူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အိမ်မှာ အလှဆင်သူလည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင် စတင် ဖြန့်ချိချိန်မှာ သြစတြေးလျ၊ ဘရာဇီး၊ ချီလီ၊ ဖင်လန်၊ ပြင်သစ်၊ အိုက်စလန်၊ အိုင်ယာလန်၊ မလေးရှား၊ စင်္ကာပူ၊ ဆွီဒင်၊ နော်ဝေး၊ နယူးဇီလန်နဲ့ အနောက်ဂျာမနီတွေမှာ အချိန်အတိုင်းအတာ တခုအထိ ပိတ်ပင်ထားခံခဲ့ရပါတယ်။

The Evil Dead", a 1981 American horror film starring Bruce Campbell, Ellen Sandweiss, Ted Taimi, Betty Baker and Richard DeManincor

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, A short holiday in an isolated hut turns into a horrifying nightmare for Ash and his friends when they discover a trove of occult research in the basement

၆။ The Evil Dead - ၁၉၈၁

၁၉၈၁ မှာ စတင် ဖြန့်ချိ ပြသခဲ့တဲ့ The Evil Dead (သေလွန်ပြီးသော မကောင်းဆိုးရွား)ရုပ်ရှင်ဇာတ်ကားဟာ သဘာဝလွန် ကြောက်မက်ဖွယ်ရာ ရုပ်ရှင်တခုဖြစ်ပြီး တမ်းတမ်းစွဲ အလွန်ကြိုက်သူတွေ ရှိစေခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်ရဲ့ ဇာတ်ကွက်ကတော့ ကောလိပ်ကျောင်းသား ငါးယောက်က တောအုပ်ကလေးအတွင်းက အိမ် တခုကို အပျော်ခရီးထွက်တာကို အခြေခံထားပါတယ်။

ဒီကျောင်းသားတွေက အသံတိပ်ခွေတခုကို ဖွင့်မိပြီးနောက်ပိုင်းမှာ မကောင်းဆိုးဝါး ဝိဉာဉ်တွေ ထွက်လာပြီး ဒီကျောင်းသားတွေကို သတ်ဖြတ်ကြတာကို ရုပ်ရှင်က ပုံဖော်ထားပါတယ်။

ဒီရုပ်ရှင်မှာ သွေးထွက်သံယို ဖြစ်မှုတွေကို အလွန်အကျွန် ပုံဖော်ထားတဲ့အတွက် အငြင်းပွားဖွယ်ရာ အဖြစ် ဝေဖန်ခံခဲ့ရပြီး အိုက်စလန်၊ မလေးရှား၊ စင်္ကာပူ၊ ယူကေ၊ အိုင်ယာလန်နဲ့ ချီလီတို့မှာ အချိန်အတိုင်းအတာ တခုအထိ ပိတ်ပင်ခံခဲ့ရပါတယ်။

ဒီရုပ်ရှင်ကားကို ပြသခွင့် ပေးတဲ့ နိုင်ငံအများစုကလည်း အတော်မျာများ ဖြတ်တောက်စေပြီးမှ ပြသခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, တောင်ကိုရီးယား ရုပ်ရှင် အော်စကာဆု ဘာကြောင့် ရရှိ