ကြင်ရာတော် မိဖုရားဖြစ်လာတဲ့ ကမီလာ

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမီလာဟာ ချားလ်စ်က ၁၇ နှစ်ကြာ လက်ထပ်ထားခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက ချားလ်စ်အတွက် တိုင်ပင်ဖော် အချစ်လည်း ဖြစ်ခဲ့ပါတယ်။
အများပြည်သူတွေဟာ ကမီလာကို ချားလ်စ်နဲ့အတူ ပြည်တွင်းနဲ့ နိုင်ငံတကာ အရေးပါတဲ့ အခမ်းအနားတွေ၊ အောင်ပွဲခံပွဲတွေမှာ တွေ့ မြင်နေကျဖြစ်ပြီး ဒီလို အရေးပါသူ လူတစ်ဦးရဲ့ ဇနီးမယားဖြစ်ရတာ မလွယ်လှဘူးလို့ ကမီလာက ဆိုပါတယ်။
ကမီလာဟာ ချားလ်စ်နဲ့ ပြတ်စဲခဲ့တဲ့ ဝေလမင်းသမီး ဒိုင်ယာနာနဲ့ အစဉ်တစိုက် နှိုင်းယှဉ်ခံရပြီး နာမည်အပျက်အခံရဆုံး အမျိုးသမီးတွေထဲက တစ်ဦးလည်း ဖြစ်နေခဲ့ပါတယ်။
ချားလ်စ်ကို ကမီလာ လက်ထပ်ဖို့ရွေးချယ်လိုက်ပြီးနောက်ပိုင်း သူ့ ဘဝ ကပြောင်းကပြန် ဖြစ်ခဲ့ရပါတယ်။
စာနယ်ဇင်းသမားတွေက သူ့နောက် တကောက်ကောက်လိုက်ကာ သူ့ရဲ့ ရုပ်ရည် သွင်ပြင်နဲ့ အကျင့်စရိုက်တို့ကို အမျိုးမျိုး တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ကမီလာ ဟာ ဒီလို အခြေအနေတွေကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး တော်ဝင်မိသားစုရဲ့ ထိပ်တန်းအရောက်ဆုံး အမျိုးသမီးနေရာကို ခိုင်ခိုင်မာမာ ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ann Cleaver/Shutterstock

ဓာတ်ပုံ ရင်းမြစ်, Shutterstock
ကမီလာ အခုလို ကြင်ရာတော် မိဖုရား ဖြစ်လာဖို့ ခရီးလမ်းက အတော်ကြာညောင်းခဲ့ပြီး ချားလ်စ်မင်းသားနဲ့ တွေ့ကြချိန် အသက် ၂၀ ကျော် အရွယ်လောက်တွေမှာ မြင်မြင်ချင်း ချစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကမီလာဟာ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးဘက်က လက်ခံမှုကို ရရှိဖို့ အချိန်အတော်ကြာ ယူခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ သံသယဖြစ်စရာမလိုတဲ့ ဘုရင်မကြီးရဲ့ လက်ခံမှုကို ရရှိခဲ့ပါတယ်။
မိဖုရားအသစ် ဖြစ်လာတဲ့ ကမီလာအနေနဲ့ လူထုဘက်က အပြည့်အဝ လက်ခံမှုကိုတော့ ဘယ်တော့မှ မရဘူးဆိုတာမျိုးလည်း ဖြစ်သွားနိုင်ရာမှာ ကမီလာကတော့ ကြုံလာတဲ့ အခြေအနေကို ဒီလိုပဲ ကျော်ဖြတ်ရတာပဲလို့ Vogue မဂ္ဂဇင်းကို ဒီနှစ်အစောပိုင်းက ပြောထားခဲ့ဖူးပါတယ်။
ကမီလာ ရိုစရီ ရှန်းဟာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ထီးနန်းဆက်ခံနိုင်ခြေ ရှိတဲ့သူနဲ့ လက်ထပ်ရမယ်လို့ မှန်းဆထားနိုင်စရာ မရှိခဲ့ပါဘူး။
ကမီလာရဲ့ မိသားစုဟာ အထက်တန်းလွှာကလာပြီး ချမ်းသာကြွယ်ဝကာ အသိုင်းအဝိုင်းကောင်းလည်း ရှိပေမယ့် တော်ဝင်တော့ မဟုတ်ခဲ့ပါဘူး။
သူဟာ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ရှိကြတဲ့ မိသားစုမှာ မွေးဖွားလာရပြီး ညီအကို မောင်နှမတွေနဲ့အတူ ဆပ်ဆက်ဒေသက မိသားစုအိမ်ကြီးမှာ ဆော့ကစား ကြီးပြင်းလာခဲ့ရပါတယ်။
သူ့ ရဲ့ ဖခင်ဖြစ်သူ အငြိမ်းစား စစ်အရာရှိ ဘရုစ် ရှန်းက သူ့ကို အိပ်ရာဝင် ပုံပြင်တွေ ဖတ်ပြလေ့ရှိပြီး မိခင်ဖြစ်သူ ရိုစလင်းကတော့ ကျောင်းပို့ ကျောင်းကြို လုပ်တာနဲ့ အပျော်အပါး ကမ်းခြေသွားတာတွေကို လိုက်ပို့လေ့ရှိတယ်လို့ ဆိုပါတယ်။
ကမီလာရဲ့ ကလေးဘဝဟာ ချားလ်စ်နဲ့တော့ အတော်ခြားနားပြီး ချားလ်စ်ဆိုရင် မိဘဖြစ်သူတွေက ကမ္ဘာအနှံ့ လှည့်လည် သွားလာနေရတဲ့အတွက် မိဘမရှိဘဲ ကာလအတော်ကြာတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်ကနေ ကျောင်းပြီးလာခဲ့တဲ့ ကမီလာဟာ ၁၉၆၅ ကာလတစ်ဝိုက်မှာ ဗြိတိသျှ မြင်းတပ်ဗိုလ် အန်ဒရူး ပါကာ ဘောင်းလ်စ်နဲ့ ပြတ်တောင်းပြတ်တောင်း ချစ်ကြိုက်တဲ့ ဆက်ဆံရေးတစ်ခု ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Frank Barratt / Getty Images
၁၉၇၀ အစောပိုင်းကာလမှာတော့ ကမီလာဟာ ချားလ်စ်နဲ့ မိတ်ဆက်ပေးခံရလို့ သိကျွမ်းခဲ့ရာမှာ ခင်ခင်မင်မင်ရှိတဲ့ ကမီလာကို ချားလ်စ်က အချစ်ဦးအဖြစ် အလွန်စွဲမက် သွားခဲ့တယ်လို့ ချားလ်စ်မင်းသားအကြောင်း ကိုယ်ရေးရာဇဝင် ရေးသားခဲ့သူ ဂျော်နသန် ဒင်ဘယ်ဘီက ဆိုပါတယ်။
ဒါပေမဲ့ သူတို့ နှစ်ယောက် တွေ့ ကြတဲ့ အချိန်အခါက မကောင်းခဲ့ဘဲ ချားလ်စ်အနေနဲ့ အသက် ၂၀ ကျော်အရွယ် ရေတပ်မှာ သူ့ ဘဝ စရုံပဲ ရှိခဲ့ပါသေးတယ်။
ချားလ်စ်က ၁၉၇၂ ကုန်ပိုင်း ပြည်ပမှာ ၈ လ တာဝန် ထမ်းဆောင်နေခဲ့ရချိန်မှာ အန်ဒရူးက လက်ထပ်ဖို့ ခွင့်ပန်တာကို ကမီလာက လက်ခံခဲ့ပါတယ်။
ချားလ်စ်ကို ဘာ့ကြောင့် မစောင့်သလဲ ဆိုပြီး မိတ်ဆွေတွေက မေးကြတဲ့အခါမှာတော့ ကမီလာက သူ့ကိုယ်သူ တော်ဝင်မိသားစုဝင်အဖြစ် မြင်ကြည့်လို့ မရဘူးလို့ ဆိုခဲ့ပါတယ်။
ချားလ်စ်က အခုလို အခြေအနေကို ဝမ်းနည်းခဲ့ရပေမယ့် နှစ်ဦးဆက်ဆံရေးကတော့ ဆက်ရှိနေခဲ့ပြီး အန်ဒရူးဆိုရင် ချားလ်စ်နဲ့ အတူ ပိုလိုကစားတဲ့အထိ ခင်မင်ခဲ့ကြရာမှာသူတို့ ရဲ့ ပထမ ကလေး တွမ် ကို ချားလ်စ်က ခေါင်းကိုင်ဖခင် လုပ်ပေးဖို့ တောင်းဆိုတဲ့အထိလည်း ရင်းနှီးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shutterstock

ဓာတ်ပုံ ရင်းမြစ်, REX/Shutterstock
၁၉၈၁ နွေရာသီမှာတော့ ချားလ်စ်ဟာ အမျိုးသမီးငယ် ဒိုင်ယာနာ စပင်ဆာကို လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ချားလ်စ် ဘဝထဲမှာ ကမီလာက ဆက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ဒိုင်ယာနာအကြောင်း ရေးသားခဲ့သူ စာရေးဆရာ အန်ဒရူး မော်တန် အပြောအရဆိုရင် ချားလ်စ်နဲ့ လက်မထပ်ခင် နှစ်ရက်အလိုမှာ ချားလ်စ်က ကမီလာနဲ့ အမှတ်တရလုပ်ထားတဲ့ လက်ကောက်လေးနှစ်ခုကို ဒိုင်ယာနာက တွေ့ သွားတဲ့အတွက် လက်ထပ်ပွဲကို ပျက်လုနီးနီး ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒိုင်ယာနာအနေနဲ့ ချားလ်စ်နဲ့ ကမီလာတို့ရဲ့ ဆက်ဆံရေးကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ် ဆိုပေမယ့် ချားလ်စ်ကတော့ ကမီလာနဲ့ ပြန်လည်ချစ်ကြိုက်မှုက ဒိုင်ယာနာနဲ့ လက်ထပ်မှုက ပြန်လည် ပေါင်းစည်းလို့ မရတော့အောင် ပြိုကွဲသွားတော့မှ စတင်တာပါလို့ ရပ်တည်ပြောဆိုခဲ့ပါတယ်။
ဒိုင်ယာနာကတော့ အခုအချိန်မှာ ထည့်သွင်း အရေးယူလုပ်ခြင်း မရှိတော့တဲ့ ၁၉၉၅ Panorama မေးမြန်းခန်းမှာ သူတို့ ရဲ့ လက်ထပ်မှုမှာ ပါဝင်သူက သုံးယောက်ဖြစ်နေတယ်လို့ ပြောဆိုထားခဲ့ဖူးပါတယ်။
အခုလို အိမ်ထောင်ပြိုကွဲမှုက ချားလ်စ်ဘက်မှာရော ကမီလာ ဘက်မှာပါ ဖြစ်ပေါ်ခဲ့ပြီး ၁၉၈၉ မှာ လျှို့ဝှက် အသံသွင်းပြီး နောက်လေးနှစ်အကြာ အများသိသွားတဲ့ ဖုန်းပြောမှုအတွင်း ချားလ်စ်က ကမီလာရဲ့ ရာသီသွေးထိန်း ဂွမ်းဖတ်လေး ဖြစ်ချင်ပါတယ် ဆိုတဲ့အထိ ပြောဆိုမှုက သူတို့ နှစ်ယောက်ရဲ့ နီးစပ်မှုကို စာနယ်ဇင်းလောကမှာ ဟိုးလေးတကျော် ဖြစ်စေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Images / Alamy Stock Photo
ကမီလာတို့ အိမ်ထောင်က ၁၉၉၅ မှာ ပြိုကွဲပြီး ကွာရှင်းခဲ့ကြသလို ဒိုင်ယာနာနဲ့ ချားလ်စ်တို့ရဲ့ အိမ်ထောင်ကလည်း ၁၉၉၆ ခုနှစ်မှာ တရားဝင် ပြတ်စဲခဲ့ပါတယ်။
ကမီလာဟာ စာနယ်ဇင်းလောကမှာ ပြောဆိုမှုတွေကနေ လူအများက သူနဲ့ တကွ သူ့ မိသားစုကိုပါ မုန်းတီးမှုတွေကို ကြံ့ကြံ့ခံပြီး ချားလ်စ်နဲ့ ဆက်တွဲခဲ့ရာမှာ အဲဒီဒဏ်တွေကို သူ့ရဲ့ ကလေးနှစ်ဦးဖြစ်တဲ့ တွမ်နဲ့ လောရာ တို့လည်း အထူးသဖြင့် ခံခဲ့ရပါတယ်။
အဲဒီအထဲက တစ်ဦးဖြစ်တဲ့ တွမ် ဘေကာ ဘောင်းလ်စ်က သူတို့ရဲ့ ဝီလ်ရှိုင်းယား မိသားစု နေအိမ်အပြင်ဘက် ခြုံပုတ်ထဲမှာ သတင်းထောက်တွေ စောင့်နေတတ်တဲ့ အတွေ့ အကြုံကို ပြန်ပြောင်း ပြောပြခဲ့ပြီး သူတို့ မိသားစု စိတ်ထိခိုက်စရာအကြောင်း မကျန်တော့လောက်တဲ့အထိ ပြောစရာကုန်အောင် စာနယ်ဇင်းလောကမှာ ဝေဖန်ခံခဲ့ရတယ်လို့ ၂၀၁၇ ခုနှစ် တိုင်းမ်စ် သတင်းစာမှာ ရေးသားခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ ဒိုင်ယာနာ သေဆုံးတဲ့အခါမှာတော့ အများသူငါ ဝေဖန်မှုတွေကို ကမီလာ တောင့်ခံရတာ ခက်ခဲလာတဲ့အတွက် ချားလ်စ်က အများသူငါရှေ့မှာ သားနှစ်ယောက်ဖြစ်တဲ့ ဝီလျံနဲ့ ဟယ်ရီတို့ကိုသာ ပွဲထုတ်ခဲ့ကာ ကမီလာကတော့ လူမြင်ကွင်းကို ထွက်မလာဘဲ နေခဲ့ပါတယ်။
ကမီလာကို လူအများမုန်းတီးမှုနဲ့ ပတ်သက်ပြီး ချားလ်စ်ရဲ့ ရပ်တည်ချက်ကတော့ သူ့ဘက်က ဘယ်တော့မှ လက်မလျှော့လိုက်ဘူး ဆိုတဲ့ ရပ်တည်ချက်ရှိထားပြီး အများပြည်သူဘက်က ကမီလာအပေါ် အမြင်ကောင်းလာအောင် အကွက်ချ အစီအစဉ် စွဲခဲ့ရပါတယ်။
ဒီလိုနဲ့ပဲ ကမီလာဟာ ၁၉၉၉ မှာ သူ့ ရဲ့ ညီအစ်မဖြစ်သူရဲ့ အသက် ၅၀ ပြည့် မွေးနေ့ ပွဲကို လန်ဒန်မြို့ ရစ်ဇ် ဟိုတယ်မှာ တက်ရောက်ရင်း အများသူငါရှေ့ မှောက်ကို ပြန်ထွက်လာခဲ့ပါတယ်။
နောက်ထပ် ၆ နှစ်အကြာမှာတော့ ကမီလာနဲ့ ချားလ်စ်တို့ဟာ ဝင်ဆာ ဂီးလ်ဟောမှာ အသေးစား လက်ထပ်ပွဲလေး ကျင်းပပြီး မင်္ဂလာဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုလို လက်ထပ်ပွဲမှာ လူအများက အဆိုးနဲ့ တုံ့ ပြန်ကြမှာကို စိုးရိမ်ခဲ့ကြပေမယ့် သူတို့ကို ဆုမွန်ကောင်း တောင်းပေးတဲ့ လူထုတောင့်ခဲ့တဲ့အတွက် စိတ်အေးစရာ ဖြစ်ခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကမီလာဟာ ဘုရင့်မိဖုရား ဖြစ်ထိုက် မဖြစ်ထိုက် ဆိုတဲ့ အငြင်းအခုံတွေကတော့ ဆက်ရှိနေခဲ့ပါတယ်။
ကမီလာဟာ ချားလ်စ်နဲ့ ဒိုင်ယာနာတို့ရဲ့ အိမ်ထောင်ကို ဖျက်ဆီးသူဆိုပြီး လူအများက မကျေနပ်ကြတာကို ပြန်လည် ဖာထေးတဲ့အနေနဲ့ ကြင်ရာတော် မိဖုရား တရားဝင် ဖြစ်ခွင့်ရှိတဲ့ကြားက ကြင်ရာတော် မင်းသမီးဆိုတဲ့ ဘွဲ့ ပဲ ခံယူမယ်ဆိုတဲ့ တရားဝင်ရပ်တည်ချက်တစ်ခုလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီ အငြင်းအခုံဟာ ၂၀၂၂ ခုနှစ်အရောက်မှာ ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးက ကမီလာကို ကြင်ရာတော် မိဖုရားဘွဲ့ ခံခွင့်ရှိမယ်လို့ ဆုံးဖြတ်လိုက်တော့မှပဲ အပြီးသတ်သွားခဲ့ပါတယ်။
ကမီလာနဲ့ ပတ်သက်လို့ ဘုရင်မကြီးဘက်က အစပိုင်း လက်ခံရ ခက်ခဲ့တယ်လို့ ဆိုရင် ချားလ်စ်ရဲ့ သားနှစ်ဦးဖြစ်တဲ့ မင်းသား ဝီလီယံနဲ့ ဟယ်ရီတို့ အတွက်က ပိုပြီး ခက်ခဲခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
မင်းသား နှစ်ဦးစလုံးဟာ အများသူငါရှေ့ မှောက်မှာ မိဘတွေ အိမ်ထောင်ကွဲတဲ့ ဖိအားနဲ့တကွ နောက်ပိုင်း မိခင်ဖြစ်သူ သေဆုံးလို့ ရတဲ့ ဖိအားတွေကိုပါ အသက် ၁၅ နှစ်နဲ့ ၁၂ နှစ် အရွယ်စီသာ ရှိချိန်မှာ ကြုံခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘယ်လိုပဲဖြစ်ဖြစ် ၂၀ဝ၅ ခုနှစ်အရောက် ချားလ်စ်နဲ့ ကမီလာတို့ လက်ထပ်အပြီး လပိုင်းအကြာမှာ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ဟယ်ရီက ကမီလာဟာ နှစ်လိုဖွယ် ကောင်းတဲ့ အမျိုးသမီးကြီးတစ်ဦးဖြစ်တဲ့အပြင် သူနဲ့ ဝီလျံ တို့ အရမ်းချစ်ရလောက်အောင် အဆင်ပြေကြပါတယ်လို့လည်း ပြောဆိုခဲ့တဲ့အတွက် ဖခင်ဖြစ်သူ ချားလ်စ်ဘက်က ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူတို့ ညီအကိုနှစ်ဦးက ကမီလာနဲ့ ပတ်သက်တဲ့ ခံစားချက်တွေကို အများပြည်သူရှေ့မှောက်မှာ ပြောဆိုတာ မရှိသလောက် ဖြစ်ခဲ့ပြန်ပါတယ်။
ဒါပေမဲ့လည်း အများပြည်သူရှေ့မှောက်မှာ မြင်ရသလောက်ကတော့ အနည်းဆုံး ဝီလျံနဲ့ ကက်သရင်းတို့ စုံတွဲနဲ့ ကမီလာတို့ ဆက်ဆံရေးက နွေးနွေးထွေးထွေး ရှိပုံရတာကိုတော့ တွေ့ မြင်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Chris Jackson / Getty images
အခုအချိန်မှာ ၇၅ နှစ် ပတ်ဝန်းကျင် အရွယ်ရောက်လာပြီဖြစ်တဲ့ ကမီလာဟာ သူ့ ဘဝကို မိသားစုနဲ့ လင်ယောကျ်ားကို ထောက်ပံ့တာနဲ့ပဲ အချိန်ကုန်ဆုံးစေခဲ့ပါတယ်။
ကမီလာမှာ မြေး ငါးဦးလည်း ရှိနေပြီး သူ့ ရဲ့ ဝီလ်ရှိုင်းယားဒေသက ရေးမီးလ် အိမ်ကို ဆက်လက်ထားရှိကာ အဲဒီမှာ အနားသွားယူလေ့ရှိပါတယ်။
ကမီလာဟာ သူစိတ်အားသန်တဲ့ တက်ကြွလှုပ်ရှားမှု တချို့ကိုလည်း ပြုလုပ်နေခဲ့ပြီး သူ့ အမေနဲ့ အဖွားတို့ ခံစားရဖူးတဲ့ osteoporosis အရိုးပွ ရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေသလို အိမ်တွင်း အကြမ်းဖက်မှုနဲ့ လိင်အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းတွေမှာလည်း နှိုးဆော် ဆောင်ရွက်နေပါတယ်။
ဒါ့အပြင် သူ့ ဖခင်ဆီက ဆက်ခံခဲ့တဲ့ စာအုပ်တွေနဲ့ ပတ်သက်ပြီး အများသူငါကို ဝေငှ ပြောပြတဲ့ စာအုပ်ကလပ်ကိုလည်း အင်စတာဂရမ်မှာ ဖွင့်လှစ်ထားခဲ့တာကို တွေ့ ရပါတယ်။
ကမီလာဟာ လော့ဒေါင်းကာလအတွင်းမှာ သူ့ ရဲ့ မြေးတွေကို အားပါးတရ ဖက်လဲတကင်း မနေရတာကို ဝမ်းနည်းတဲ့အကြောင်း ပြောဆိုခဲ့ပြီး တားမြစ်ကန့်သတ်ချက်တွေ လျှော့လိုက်တဲ့အခါမှာတော့ အရင်လို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နေတတ်တဲ့ ပုံစံကို အများသူငါတို့ ပြန်မြင်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ကမီလာဟာ အများသူငါနဲ့ စကားပြောတဲ့အခါမှာ တပါးသူ သက်တောင့်သက်သာ ဖြစ်စေအောင် ပေါ့ပေါ့ပါးပါး ပြောဆိုတတ်ပေမယ့် မိန့်ခွန်းပြောတာမျိုးကိုတော့ အသားမကျသေးပဲ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်ကမှ မိန့်ခွန်းပြောတဲ့ ကိစ္စတွေမှာ သူ့ကိုယ်သူ ယုံကြည်မှု ရှိလာပုံ ရပါတယ်။
အိမ်ထောင်သက် ၁၇ နှစ်ရှိပြီဖြစ်တဲ့ ချားလ်စ်နဲ့ ကမီလာတို့ဟာ အများပြည်သူရှေ့မှာ အမြဲတမ်းလိုလို နွေနွေးထွေးထွေး ရယ်ရယ်မောမော မရှိဘဲ တွေ့ရတာ မရှိသလောက် ရှားပြီး သူတို့ ရဲ့ စိတ်ချင်းနီးစပ်မှုက သိသာထင်ရှားနေပါတယ်။
ချားလ်စ်ဟာ သူတို့ ရဲ့ မင်္ဂလာသက်တမ်း ၁၀ နှစ်ပြည့် မတိုင်ခင် CNN နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာ ကမီလာနဲ့ ပတ်သက်လို့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့ပြီး ဒီလို ဘဝရဲ့ ပျော်ရွှင်စရာတွေကို မြင်တတ်ပြီး အများကြီး ပံ့ပိုး ပေးနိုင်သူ တစ်ယောက် ကိုယ့်အနားမှာ ရှိတာ စိတ်ချမ်းသာရပါတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။
ကမီလာကတော့ သူတို့ နှစ်ယောက်ရဲ့ ဘဝခရီးဟာ ညဘက် မောင်းသွားတဲ့ သင်္ဘောတစ်စီးနဲ့ အလားသဏ္ဍန် တူညီပြီး အမြဲတမ်း အတူတူထိုင်ပြီး လက်ဖက်ရည်သောက်ကာ တစ်နေ့တာ အကြောင်းအရာတွေကို ပြောဆိုဆွေးနွေးလေ့ ရှိတယ်လို့ ဆိုပါတယ်။
ဘုရင်ဖြစ်လာတဲ့အချိန်မှာ ထိပ်ဆုံးကလူအနေနဲ့ အထီးကျန်တဲ့ ခံစားမှုကိုလည်း ရမှာ ဖြစ်တဲ့အတွက် ချားလ်စ် ဘုရင်ဖြစ်လာတဲ့ အချိန်မှာ လိုအပ်တဲ့ လက်တွဲဖော်ဟာ ကမီလာ တဦးတည်းသာ ဖြစ်တယ်လို့ ချားလ်စ်က ယူဆပုံရပါတယ်။
ဒါ့ကြောင့်လည်းပဲ ချားလ်စ်ဟာ ကမီလာနဲ့ အိမ်ထောင်ရေးကို အခက်အခဲအမျိုးမျိုး ရှိခဲ့တဲ့ကြားက လက်မလျှော့ဘဲ စွဲမြဲအောင် ထူထောင်နေခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။








