ဝေလမင်းသား ချားစ် ထီးနန်းဆက်ခံပြီး ဘုရင်ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, © Nadav Kander
ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီး စက်တင်ဘာလ ၈ ရက်နေ့က နတ်ရွာစံ သွားချိန်မှာပဲ ဗြိတိန်ထီးနန်းကို အိမ်ရှေ့မင်းသား အရိုက်အရာ ယူထားပြီး ဝေလမင်းသားဖြစ်တာဝန်ယူခဲ့သူ ချားစ်မင်းသားက ထီးနန်းဆက်ခံတဲ့ အခမ်းအနားမကျင်းပဘဲ ထီးနန်းကို ချက်ချင်း လွှဲပြောင်းရယူလိုက်ပါတယ်။
ဒါပေမဲ့ ဗြိတိန်ထီးနန်းကို အစဥ်အလာအရ ဆက်ခံတဲ့ ဘုရင်တစ်ပါးဖြစ်လာဖို့အတွက် သူဖြတ်သန်းရမယ့် လက်တွေ့ကျတဲ့ ဓလေ့ထုံးစံတွေ အများကြီးရှိနေပါသေးတယ်။
ဘုရင်အဖြစ်နဲ့ ဘွဲ့နာမည် ဘယ်လိုဆက်ခံမလဲ
သူဟာ ယူကေ ထီးနန်းကို လက်ခံပြီးတဲ့နောက်မှာတော့ တတိယမြောက် ချားစ်ဘုရင်အဖြစ်ဘွဲ့ကိုပဲ လက်ခံမလား၊ တခြားဘွဲ့အမည် အသစ်ပြောင်းမလားဆိုတာကို ပထမဆုံးအနေနဲ့ ဆုံးဖြတ်ရဖို့ရှိပါတယ်။
ဥပမာ အနေနဲ့ ပြောရရင် သူရဲ့ အဘိုးတော်စပ်သူ ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင် နာမည်အစ စကားလုံးက အယ်လ်ဘတ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူထီးနန်းသိမ်းပိုက်တဲ့ အခါမှာတော့ သူ့နာမည်ရဲ့ အလယ်စကားလုံးကို သုံးပြီး ဂျော့ချ်ဘုရင် ဘွဲ့အမည် ခံခဲ့ပါတယ်။
ချားစ်အနေနဲ့ ထီးနန်းအရိုက်အရာကို ဆက်ခံပြီးတဲ့နောက်မှာတော့ သူရဲ့ အမည်ထဲက နာမည်လေးခုဖြစ်တဲ့ ချားစ်၊ ဖိလစ်၊ အာသာ ၊ဂျော့ချ် စတဲ့အထဲက ဘွဲ့အမည် တစ်ခုကို ရွေးရမှာဖြစ်ပါတယ်။
လက်ရှိ ဘွဲ့အမည်တွေပြောင်းရဖို့ရှိတာ သူတစ်ဦးတည်းတော့မဟုတ်ပါဘူး။ ချားစ်မင်းသား ထီးနန်းလက်ခံပြီဆိုပေမဲ့ သူ့ရဲ့သားတော် မင်းသားဝီလျံဟာ အိမ်ရှေ့စံ ဝေလမင်းသားနေရာကို အလိုအလျောက်ရောက်လာဦးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ မင်းသားဝီလျံဟာ ချက်ချင်းပဲ သူ့ဖခင်ရဲ့ တခြားဘွဲ့ဖြစ်တဲ့ ကွန်းဝဲ မြို့စားဘွဲ့အမည်ကို ဆက်ခံခဲ့ပြီးတော့ သူ့ရဲဇနီးဖြစ်သူ ကတ်သရင်းကတော့ ကွန်းဝဲမြို့စားကတော်ဘွဲ့ အမည်ကို ဆက်ခံပါတယ်။
ချားစ်မင်းသားရဲ့ ကြင်ရာဖြစ်သူ ကမီလာဟာလည်း ဘုရင်ရဲ့ ကြင်ရာတော် မိဖုရားအဖြစ် ပြောင်းလဲပြီး ဘွဲ့အမည်ခံရမှာဖြစ်ပါတယ်။
ထီးနန်းဆက်ခံမယ့် အခမ်းအနား
ချားစ်မင်းသားရဲ့ မယ်တော် ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး နတ်ရွာစံပြီး ၂၄ နာရီအတွင်းမှာ ထီးမွေနန်းမွေ ဆက်ခံခွင့်ရှိသူ ချားစ်မင်းသားကို ဘုရင်အဖြစ် တင်မြှောက်ရမှာ ဖြစ်ပါတယ်။
လန်ဒန်မြို့ စိန့်ဂျိမ်း နန်းတော်မှာပြုလုပ်မယ့်အဲဒီ တင်မြှောက်မယ့် အခမ်းအနားမှာ ထီးနန်းတင်မြှောက်မယ့် အဖွဲ့ရှေ့မှောက်မှာကိုပဲ အခမ်းအနား ကျင်းပပြုလုပ်ရမှာ ဖြစ်ပါတယ်။
ချားလ်စ်မင်းသားကို ထီးနန်းတင်မြှောက်ကြမယ့် အဖွဲ့တွေထဲမှာတော့ ယူကေက မင်းတိုင်ပင်အဖွဲ့တွေ ဝါရင့် လွှတ်တော်အမတ်တွေ၊ အစိုးရ အရာရှိကြီးတွေ ဓနသဟာယ နိုင်ငံတွေက ကော်မရှင်နာမင်းကြီးတွေ နဲ့ လန်ဒန်မြို့တော်ဝန်တို့ ပါဝင်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PA Media
ဒီအခမ်းအနားကို လူ ၇၀၀ ထိတက်ရောက်နိုင်တယ်လို့ ယူဆကြပေမဲ့ တကယ်တမ်းမှာ အချိန်တိုအတွင်း အခမ်းအနားကို ပြုလုပ်ရတာကြောင့် အခမ်းအနားတက်ရောက်နိုင်သူဟာ အဲဒီအရေအတွက်ထက် အတော်လေးကို နည်းပါးနိုင်ပါတယ်။
၁၉၅၂ ခုနှစ်က ဒုတိယမြောက် အယ်လစ်ဇဘက် ဘုရင်မကြီး ထီးနန်းဆက်ခံပွဲမှာ လူ ၂၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။
ထီးနန်းစိုးစံမယ့် ဘုရင်ကတော့ ဓလေ့ထုံးတမ်းအစဥ်အလာအရ တက်ရောက်လေ့မရှိပါဘူး။ အဲဒီအခမ်းအနားမှာ လက်ရှိ ဗြိတိသျှထီးနန်း မင်းတိုင်ပင်အဖွဲ့ရဲ့ အကြီးအကဲ (လွှတ်တော် အမတ် ပန်နီးမော့ဒရမ့် )က ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီး နတ်ရွာစံကြောင်းကို ထုတ်ဖော်ကြေညာပြီး ဖတ်ကြားရမှာဖြစ်ပါတယ်။
ဒီအခမ်းအနားနဲ့ ဆိုင်တဲ့ အသုံးအနှုန်းဟာ ပြောင်းလဲနိုင်ပေမဲ့ လွန်လေပြီးသော ယူကေ ထီးနန်းစံများရဲ့ ဘုန်းတော်ဘွဲ့တွေကို ချီးမွမ်းပြီး အရိုက်အရာကို ဆက်ခံမယ့်ဘုရင်ကို ထောက်ခံကြဖို့ ဆုတောင်းမှုတွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
အဲ့ဒီနောက် လက်ရှိ ယူကေဝန်ကြီးချုပ်အပါအဝင် ကန်တာဘူရီ (အင်္ဂလန်အရှေ့တောင်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းတော်တွေရှိရာမြို့) က ဂိုဏ်းချုပ်ဆရာတော်နဲ့ ဝန်ကြီးချုပ်ရဲ့ အကြံပေးချက်နဲ့ ဘုရင်ကခန့်ထားတဲ့ ဗြိတိသျှ တရားရေးဝန်ကြီးချုပ် တို့က လက်မှက်ရေးထိုးကြမှာဖြစ်ပါတယ်။
ဘုရင်ရဲ့ ပထမဆုံးကြေညာချက်
ပုံမှန်အားဖြင့်တော့ ဒီတင်မြှောက်တဲ့ အခမ်းနားကျင်းပပြီး နောက်တစ်ရက်မှာ ထီးနန်းတင်မြှောက်ကြတဲ့ အတိုင်ပင်ခံအဖွဲ့တွေ ထပ်တွေ့ကြပြီး အဲဒီအခမ်းအနားကို ဘုရင်ကို အကြံပေးတဲ့ မင်းတိုင်ပင်အဖွဲ့နဲ့ အတူ ဘုရင်လည်း တက်ရောက်နိုင်ပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတနဲ့ တခြားနိုင်ငံတော် အကြီးအကဲတွေလို ဗြိတိသျှ ထီးနန်း ဆက်ခံမယ့် ဘုရင်တစ်ပါး အုပ်ချုပ်မှုစတင်ရာမှာတော့ ကျမ်းသစ္စာကျိန်ဆိုလေ့တော့ မရှိပါဘူး။
ဒါပေမဲ့ ထီးနန်းဆက်ခံမယ့်ဘုရင်က ကြေညာချက်တစ်ခု ကျမ်းကျိန်ရဖို့တော့ရှိပါတယ်။ အဲဒါကတော့ ၁၈ ရာစုအစောပိုင်းက စတင်ခဲ့တဲ့ အစဉ်အလာနဲ့အညီ ဘုရင်က သူဟာ စကော့တလန်ဘုရားကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ ကျမ်းသစ္စာ ကျိန်ဆိုရမှာဖြစ်ပါတယ်။
အဲ့ဒီနောက် ခရာတံပိုးတွေနဲ့ တီးမှုတ်သီဆိုမှုတွေ ပြီးသွားရင်တော့ ချားလ်စ်ကို ယူကေ ထီးနန်းစိုးစံမယ့် ဘုရင်အဖြစ်ကြေညာမှာ ဖြစ်ပါတယ်။
ဒီကြေညာမှုကို စိန့်ဂျိမ်းနန်းတော် ဖရိုင်အာရီ တရားရုံးအပေါ်ထပ်မှာရှိတဲ့ လေသာခန်းဆောင်ကနေ Garter King of Arms လို့ခေါ်တဲ့ အရာရှိက ကြေညာပေးမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၅၂ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအဖြစ်" ဘုရားသခင်ဟာ ဘုရင့်ကို စောင်မကယ်တင်ပါစေ"ဆိုပြီး အဲ့ဒီအရာရှိက ကြေညာမယ့်အချိန်မှာပဲ "ဘုရားသခင်ဟာ ဘုရင်ကို စောင်မကယ်တင်ပါစေ "ဆိုတဲ့ စာသားပါ ယူကေနိုင်ငံရဲ့ အမျိုးသားသီချင်းကို တီးမှုတ်ကြမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ဘုရင်မကြီး နတ်ရွာမစံခင်အထိ "ဘုရားသခင်ဟာ ဘုရင်မကို စောင်မကယ်တင်ပါစေ" ဆိုပြီး ယူကေနိုင်ငံရဲ့ အမျိုးသားသီချင်းမှာ တီးမှုတ် သီဆိုခဲ့ကြတာပါ။
ချားစ်ကို ဘုရင်အဖြစ်တင်မြှောက်ကြေညာတဲ့ အခမ်းအနားမှာ ဟိုက်ပတ် ပန်းခြံ၊ လန်ဒန်မျှော်စင်နဲ ဗြိတိသျှ ရေတပ်သင်္ဘောတွေဆီကလည်း အမြောက်ပစ်ဖောက် ဂုဏ်ပြုကြမှာဖြစ်သလို ချားစ်ဟာ ဘုရင်ဖြစ်ပြီဆိုတဲ့ ကြေညာချက်တွေကို အီဒင်ဘာရာ (စကော့တလန်)၊ ကာဒစ်ဖ်(ဝေလ) နဲ့ ဘဲလဖတ်စ်( မြောက်အိုင်ယာလန်) မြို့တွေမှာလည်း ဖတ်ကြားကြမှာ ဖြစ်ပါတယ်။
နန်းတက်ပွဲ
ချားစ်ဟာ ဘုရင်သရဖူကို ဓလေ့ထုံးတမ်းအတိုင်း တရားဝင်စပြီး ဆောင်းလိုက်မယ့်အချိန်ကတော့ နန်းတက်ပွဲရဲ့ အထွတ်အထိပ် သင်္ကေတ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
ဒီအခမ်းအနားအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ များတာကြောင့် ချားစ်ကို ထီးနန်းတင်မြှောက်ပြီး နောက်များမကြာမီကာလမှာ နန်းတက်ပွဲအခမ်းအနားက ဖြစ်လာနိုင်ဖွယ်တော့ မရှိပါဘူး။
ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး ကိုယ်တိုင်လည်း ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလမှာ ထီးနန်းဆက်ခံခဲ့ပေမယ့် ၁၉၅၃ ခုနှစ် ဇွန်လအထိ သရဖူ မဆောင်းနိုင်ခဲ့ပါဘူး။
လန်ဒန်မြို့လယ်က ဝက်စ်မင်စတာ ဘုရားကျောင်းကြီးကတော့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၉၀၀ လုံး နန်းတက်ပွဲတွေ ကျင်းပခဲ့ကြတဲ့နေရာဖြစ်ပါတယ်။ ဝီလျံဘုရင်ဟာ အဲဒီဘုရားကျောင်းမှာ သရဖူဆောင်းခဲ့တဲ့ ပထမဆုံးသော ဘုရင်ဖြစ်ပြီး ချားစ်ကတော့ စတ္တာလီသ အယောက် ၄၀ မြောက် သရဖူဆောင်းမယ့် ဘုရင်ဖြစ်ဖို့ရှိပါတယ်။
ဒီအခမ်းအနားဟာ အင်္ဂလန်မှာ အခြေခံဘာသာဖြစ်ထားရှိကြတဲ့ ခရစ်ယာန်ဘာသာရဲ့ အင်္ဂလီကန် ဘာသာရေး အခမ်းအနားဖြစ်ပြီးတော့ ကန်တာဘာရီ ဂိုဏ်းချုပ်ဆရာတော် (အင်္ဂလီကန်သာသနာပိုင်) ကြီးမှူးဆောင်ရွက်တာလည်း ဖြစ်ပါတယ်။
အခမ်းအနားရဲ့ အထွတ်အထိပ်မှာတော့ ၁၆၆၁ ခုနှစ်က စတင်သွန်းလုပ်ခဲ့တဲ့ ရွေသားအတိနဲ့ပြုလုပ်ထားတဲ့ စိန့်အပ်ဒွပ်သရဖူကို ချားလ်စ်ရဲ့ ဦးခေါင်းပေါ်ကို တင်ပြီး နန်းတက်မှာဖြစ်ပါတယ်။
ဒီသရဖူဟာ လန်ဒန်မျှော်စင် အဆောက်အအုံမှာ ထားရှိတဲ့ အဓိက လက်ဝတ်ရတနာ တစ်ပါးဖြစ်ပြီးတော့ နန်းတက်ချိန်ရောက်မှပဲ ထီးနန်းဆက်ခံသူတွေ ဝတ်ရတဲ့ရတနာဖြစ်ကာ အလေးချိန်က အနည်းဆုံး ၂ ကီလိုကျော်ရှိပါတယ်။
နန်းတက်ပွဲနဲ့ အခြားတော်ဝင် မင်းညီမင်းသားတွေ လက်ထပ်ထိမ်းမြားတဲ့ အခမ်းအနားနဲ့ မတူတာက နန်းတက်ပွဲဟာ နိုင်ငံတော် အစီအစဥ်နဲ့ ကျင်းပတဲ့ အခါသမယ ဖြစ်ပြီးတော့ အစိုးရက ဒီအတွက်ကုန်ကျစရိတ်ကိုပေးကာ တက်ရောက်မယ့်သူတွေရဲ့စာရင်းကို အတည်ပြု ဆုံးဖြတ်လေ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mirrorpix / Getty Images
နန်းတက်ပွဲ အခမ်းအနားမှာ ဓမ္မတေးတွေပူဇော်တာ၊ သမ္မာကျမ်းစာကို ရွတ်ဖတ်ပူဇော်တာတို့အပြင် လိမ္မော်၊ နှင်းဆီ၊ သစ်ကြံပိုးခေါက်၊ ကတိုး စတဲ့အမွေးနံ့သာတွေ သုံးပြီး ဘိသိက်ခံတာ ရေစင်သွန်းလောင်းတာ စတဲ့ အစဥ်အလာတွေရှိပါတယ်။
ဗြိတိန် ဘုရင်သစ် နန်းတက်ပွဲမှာတော့ နန်းတက်ပွဲ ကျမ်းသစ္စာကျိန်ဆိုမှုကို တစ်ကမ္ဘာလုံးက ဖိတ်ကြားထားသူတွေနဲ့ စောင့်ကြည့်နေတဲ့သူတွေ ရှေ့မှောက်မှာ ကျမ်းကျိန်ရပါတယ်။ အဲဒီနောက် ဗြိတိန် ထီးနန်းအဆောင်ယောင်တောင်ဝှေး ရာဇယဋ္ဌိ နဲ့ကျောက်မျက်ခြယ်စက်လုံးတို့ကို ဆက်သခံရမှာဖြစ်ပြီးတော့ ကန်တာဘူရီ ဂိုဏ်းချုပ် သာသနာပိုင်က သရဖူကို ဆောင်းပေးမှာဖြစ်ပါတယ်။
ဓနသဟာယ နိုင်ငံများရဲ့ အကြီးအကဲ
ဗြိတိန် ဘုရင်ဖြစ်လာတဲ့အတွက် လွတ်လပ်သော နိုင်ငံပေါင်း ၅၆ နိုင်ငံနဲ့ လူပေါင်း ၂.၄ ဘီလျံရှိတဲ့ ဓနသဟာယအဖွဲ့ရဲ့ အကြီးအကဲလည်း ဖြစ်လာပါတယ်။
ဒါ့အပြင် သူဟာ ယူကေ နဲ့အတူ သြစတေးလျ၊ ကနေဒါ၊ ဂျမေကာ၊ ပါပူဝါနယူးဂီနီ၊ နယူးဇီလန်၊ ဆော်လမွန်ကျွန်းစု စတဲ့ နိုင်ငံပေါင်း ၁၄ နိုင်ငံရဲ့ နိုင်ငံ ဦးသျှောင် အကြီးအကဲလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








