မလုပ်မရှုပ်မပြုတ် - quiet quitting ခေတ်စားလာသလား

Overworked Woman

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလုပ်တာဝန်က သတ်မှတ်ထားတာထက် ပိုလုပ်တာက ကိုယ့်ဘဝမှာ အလုပ်က လွှမ်းမိုးသွားတာဖြစ်တဲ့အတွက် ဒီလို မဖြစ်သင့်ဘူး လို့ ယူဆတာကြတာက အမြင်တမျိုး

အလုပ်မှာ ကိုယ့်ရဲ့ ရာထူးနေရာက ပေးထားတဲ့ တာဝန် အတိုင်းအတာထက် ကျော်လွန် လုပ်ကိုင်ပေးပေမယ့် အသိအမှတ်ပြု ချီးမြှင့်ခံရတာ မရှိဘူး၊ ဒါပေမဲ့ ဒီအခြေအနေမှာတောင် ကိုယ်ကြိုးစားတာကို ပြန်လျှော့လို့ မရပြန်ဘူး ဆိုတာမျိုး ခံစားရသူတွေ ရှိနေနိုင်ပါတယ်။

ဒါ့အပြင် တဖက်မှာလည်း ကိုယ့်အလုပ်တာဝန်က သတ်မှတ်ထားတာထက် ပိုလုပ်ပေးဖို့ ဆိုရင် လခပိုမပေးလို့ လုပ်မပေးဘဲ နေတာဟာ ပုံမှန် ဖြစ်သင့်တဲ့ ကိစ္စသာ ဖြစ်တယ်လို့ ယူဆသူတွေလည်း ရှိနိုင်ပြန်ပါတယ်။

အခုလို ခံစားယူဆချက် နှစ်မျိုးစလုံးရှိနေသူတွေ စိတ်ဝင်စားနိုင်တဲ့ #quietquitting အလုပ်ဝန်ပိလို့ မကြိုးစားခြင်း ဆိုတဲ့ ခေတ်စားလာတဲ့ အသုံးအနှုန်းတခု တစ်တော့မှာ ရှိနေပါတယ်။

အခုလို ခေတ်စားမှုအပေါ် ဝိရောဓိဖြစ်နေတဲ့ အမြင်အမျိုးမျိုး ရှိနေကြတာကိုလည်း တွေ့ရပါတယ်။

အခုလို ခေတ်စားရခြင်းဟာ အလုပ်တာဝန်က သတ်မှတ်ထားတာထက် ပိုလုပ်တာက ကိုယ့်ဘဝမှာ အလုပ်က လွှမ်းမိုးသွားတာဖြစ်တဲ့အတွက် ဒီလို မဖြစ်သင့်ဘူး လို့ ယူဆတာကြတာက အမြင်တမျိုး ဖြစ်ပါတယ်။

နောက်ထပ် ဆန့်ကျင်ဘက်အမြင်ကတော့ အလုပ်ဝန်ပိလို့ မကြိုးစားတော့တာဟာ အလုပ်ကို စိတ်ရောကိုယ်ပါ စိတ်မဝင်စားတော့ဘဲ တတ်နိုင်သမျှ အနည်းဆုံး လုပ်ဖို့ အားပေးတာမျိုး ဖြစ်နေတယ်လို့ ဆိုပြန်ပါတယ်။

Portrait of Katherine Berry

ဓာတ်ပုံ ရင်းမြစ်, @Katherout Instagram

ဓာတ်ပုံ ပုံစာ, ကက်သရင်း ဘယ်ရီ အနေနဲ့ကတော့ အလွန် အရင်းရှင်စနစ်အခြေခံ မြန်မြန်ဆန်ဆန် လုပ်ကိုင်ရတဲ့ နည်းပညာ ကုမ္ပဏီတွေရှိရာ Silicon Valley ဒေသမှာ ကြီးပြင်းလာသူ ပီပီ အလုပ်ကို အရာရာထက် တန်ဖိုးထားအောင် ပုံသွင်းခံထားရသူ ဖြစ်ခဲ့

အမေရိကန်ဆန်တဲ့ အယူအဆလား

အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်က youtube vlogger တဦးဖြစ်သူ ကက်သရင်း ဘယ်ရီက သူ့ရဲ့ အရောင်းမြှင့်တင်ရေးအလုပ်ကို စိတ်ကုန်လာတဲ့အတွက် လုံးဝ အလုပ်မထွက်လိုက်ခင်မှာ တာဝန်ကျေသာ လုပ်တော့တဲ့ အခြေအနေကို ဗီဒီယိုတင်ပြီး ပြောပြခဲ့ရာမှာ ထောက်ခံပြောဆိုသူ များခဲ့တာကို တွေ့ရပါတယ်။

ကက်သရင်း ဘယ်ရီကတော့ သူ့အနေနဲ့ အလုပ်ဝန်ပိလို့ မကြိုးစားတော့ခြင်း #quietquitting ဆိုတာဟာ အမေရိကန်တွေအတွက် အဓိပ္ပာယ်တမျိုး၊ တခြားနိုင်ငံကလူတွေအတွက် အဓိပ္ပာယ်တမျိုးဖြစ်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဆွီဒင်မှာ နေထိုင်သူတယောက်ဆိုရင် အခုလို တာဝန်ကျေရုံသာ လုပ်တာက လုပ်ရိုးလုပ်စဉ်သာဖြစ်ပြီး သူက အမှုဆောင်အရာရှိချုပ် ဖြစ်ဖို့အထိ ဒါမှမဟုတ် လူသုံးယောက်စာ လုပ်ဖို့အထိ ကြိုးစားနေတာမျိုး မရှိဘူးလို့ ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

ကက်သရင်း ဘယ်ရီ အနေနဲ့ကတော့ သူ့အနေနဲ့ အလွန် အရင်းရှင်စနစ်အခြေခံ မြန်မြန်ဆန်ဆန် လုပ်ကိုင်ရတဲ့ နည်းပညာ ကုမ္ပဏီတွေရှိရာ Silicon Valley ဒေသမှာ ကြီးပြင်းလာသူ ပီပီ အလုပ်ကို အရာရာထက် တန်ဖိုးထားအောင် ပုံသွင်းခံထားရသူ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Portrait of Paige West

ဓာတ်ပုံ ရင်းမြစ်, Paige West

ဓာတ်ပုံ ပုံစာ, အသက် ၂၄ နှစ်အရွယ် ပေ့ဂျ် ဝက်စ် ဆိုတဲ့ အမျိုးသမီးကတော့ အလွန်ဖိအားများတဲ့ အင်ဂျင်နီယာအလုပ်တခုမှာ မခံနိုင်လွန်းလို့ တာဝန်ကျေ ဆက်လုပ် မနေနိုင်တော့ပဲ မနှစ်က အလုပ်ထွက်ခဲ့ရ

အလုပ်ဝန်ပိလာခြင်း

အခုလို အလုပ်ဝန်ပိတယ်လို့ ခံစားလာရတာ ကက်သရင်း တယောက်တည်းတော့ မဟုတ်ခဲ့ဘဲ ပြီးခဲ့တဲ့နှစ်ကဆိုရင် အမေရိကန်မှာ လူပေါင်း လေးသန်းကျော်အထိ အလုပ်ထွက်ခဲ့ကြတာကို တွေ့ရပါတယ်။

အမေရိကန်အလုပ်သမားဝန်ကြီးဌာနရဲ့ အဆိုအရဆိုရင် ဒါဟာ စံချိန်တင်တဲ့ အလုပ်ထွက်မှု ပမာဏဖြစ်ပြီး စီးပွားရေး ပညာရှင်တွေကလည်း ဒါကို မဟာအလုပ်ထွက်မှု အဖြစ် အမည်ပေးခဲ့ကြပါတယ်။

အလုပ်မှာ အကြိမ်ကြိမ် ဝန်ပိတယ်လို့ ခံစားလာရပြီး အနာဂတ်မရှိဘူးလို့ မြင်လာတဲ့ ကာလအတွင်း တဖက်ကလည်း အလုပ်သစ်ပြောင်းရေး အားထုတ်ဖို့ အဆင်သင့် မဖြစ်သေးချိန်မှာ ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေးပြီး လိုတာထက် ပိုမကြိုးစားတော့တဲ့ အနေအထား ဖြစ်လာတယ်လို့ ကက်သရင်းက ဆိုပါတယ်။

အမေရိကန်ကပဲ ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ပေ့ဂျ် ဝက်စ် ဆိုတဲ့ အမျိုးသမီးကတော့ အလွန်ဖိအားများတဲ့ အင်ဂျင်နီယာအလုပ်တခုမှာ မခံနိုင်လွန်းလို့ တာဝန်ကျေ ဆက်လုပ် မနေနိုင်တော့ဘဲ မနှစ်က အလုပ်ထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ အလုပ်လုပ်ရင်း ရက်သတ္တပတ်တခုမှာ အလုပ်ဝန်အရမ်းပိပြီး တပတ်လုံး မအိပ်ဖြစ်သလောက်အထိ စိတ်ဖိစီးလာလို့ အခုလို ထွက်ခဲ့ရတာ ဖြစ်တယ်လို့ လက်ရှိ အလွတ်တန်း စီးပွားရေး လည်ပတ်မှုဆိုင်ရာ အလုပ်လုပ်နေသူ ပေ့ဂျ်က ပြောပါတယ်။

ဆံပင်တွေ ကျွတ်လာပြီး အလုပ်စားပွဲမှာ မထိုင်ခင်တိုင်း မူးဝေအော့အန်ချင်သလို ဖြစ်လာတဲ့အထိ ကိုယ်စိတ်ကျန်းမာရေး ထိခိုက်လာခဲ့ပေမယ့် ဒီလို အလုပ်မျိုး ဘယ်လိုမှ ဆက်လုပ်လို့ မဖြစ်နိုင်တော့ဘူးဆိုတာ သဘောမပေါက်သေးတဲ့အတွက် တနှစ်လောက်တော့ တာဝန်ကျေ ဆက်လုပ်နေခဲ့သေးတယ် လို့လည်း ပေ့ဂျ်က ဆိုပါတယ်။

သူက အလုပ်ရှင်တွေကို သုံးပတ်နေရင် နုတ်ထွက်တော့မယ်ဆိုတဲ့ စာတင်လိုက်တဲ့အခါမှာ သူ့ရာထူးအထက်ပိုင်းကလူတွေ တအံ့တသြ ဖြစ်သွားကြပြီး ဘယ်လို လုပ်ပေးလို့ရမလဲ ဆိုတာ မေးခဲ့ကြပေမယ့် သူ့အတွက်ကတော့ ဒီအလုပ်က သူနဲ့ မကိုက်ဘူးဆိုတာ သေချာတဲ့ အခြေအနေ ရောက်နေပြီလို့ ပေ့ဂျ်က ဆက်ပြောပါတယ်။

Photo of Leigh Henderson

ဓာတ်ပုံ ရင်းမြစ်, Leigh Henderson

ဓာတ်ပုံ ပုံစာ, လေး အယ်လန်နာ ဟန်ဒါဆင်ဆိုတဲ့ HR အမှုဆောင် တဦးကတော့ သူ့ အနေနဲ့ အလုပ်ရှင်ဘက်ကို ကန်ပြီး အလုပ်သမားတွေ ကိုယ်စား ရပ်တည်ပေးခဲ့လို့ သူ့ကို အလုပ်ဖြုတ်တဲ့အထိ ဖြစ်သွားခဲ့

လုပ်သားထက် အလုပ်အကျိုးအမြတ် အသားပေးခြင်း

အလုပ်ဝန်ပိတာကို ခံစားလာရတဲ့ ဝန်ထမ်းတွေ အနေနဲ့ အလုပ်သမား စီမံခန့်ခွဲရေး HR ဌာနကလွဲရင် သူတို့ ပြဿနာတွေကို ပြောပြစရာ လူမရှိတာကို အများစုကြုံကြရပါတယ်။

တဖက်မှာလည်း ဒီ HR ဌာနက အလုပ်ရှင်ဘက်ကိုပဲ အသားပေးတယ်လို့ ၇၀ ရာခိုင်နှုန်းက ယူဆတဲ့အထိ လေ့လာချက် ရှိထားတဲ့အတွက် HR ကို မယုံကြပြန်ဘူးလို့ ဆိုပါတယ်။

လေး အယ်လန်နာ ဟန်ဒါဆင်ဆိုတဲ့ HR အမှုဆောင် တဦးကတော့ သူ့ အနေနဲ့ အလုပ်ရှင်ဘက်ကို ကန်ပြီး အလုပ်သမားတွေ ကိုယ်စား ရပ်တည်ပေးခဲ့လို့ သူ့ကို အလုပ်ဖြုတ်တဲ့အထိ ဖြစ်သွားခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့က အသက်မွေးဝမ်းကျောင်း အကြံပေးတဦးလည်း ဖြစ်တဲ့ မစ္စ ဟန်ဒါဆင်ဟာ အဆိပ်သင့် လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရသူတွေကို ထွက်ခွာနိုင်တဲ့ နည်းဗျူဟာတွေ ကူညီ အကြံပေးနေသူလည်း ဖြစ်ပါတယ်။

HR အမှုဆောင်တွေ အနေနဲ့ အထက်ညွှန်ကြားချက်ကို နာခံရတာမျိုး ရှိတာကိုတော့ မစ္စ ဟန်ဒါဆင်က ဝန်ခံခဲ့ပါတယ်။

စိတ်မကောင်းစရာတခုကတော့ တချို့လုပ်ငန်းတွေအနေနဲ့ ဝန်ထမ်းတွေကို ဦးစားပေးမယ်ဆိုရင် ရေရှည် စီးပွားရေး တည်မြဲနိုင်မယ်ဆိုတဲ့ အမြင် မရှိကြတဲ့အတွက် ရေတိုအမြင်နဲ့ လုပ်သားထက် အလုပ်အကျိုးအမြတ်ကို ဦးစားပေးနေကြတယ်လို့လည်း သူက ပြောပါတယ်။

Two young women at work

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တကယ်တမ်းက အလုပ်ရှင်က အလုပ်သမားကို အလုပ်ကြိုးစားစေတဲ့ အခြေအနေနဲ့ ရည်ရွယ်ချက် ဖန်တီးပေးရမှာ ဖြစ်တယ်လို့လည်း မစ္စ ဟန်ဒါဆင်က ဆို

လူသားချင်းစာနာစရာ အကြပ်အတည်းအထိ ဖြစ်လာပြီလား

အလုပ်ဝန်ပိလို့ အလုပ်မကြိုးစားတော့တာ ဆိုတဲ့ ယူဆချက်ကိုက ဓားစာခံ အလုပ်သမားကို သူ့တာဝန်သာဖြစ်ကြောင်း ပြန် အပြစ်တင်သလို ဖြစ်စေနေပြီး တကယ်တမ်းက အလုပ်ရှင်က အလုပ်သမားကို အလုပ်ကြိုးစားစေတဲ့ အခြေအနေနဲ့ ရည်ရွယ်ချက် ဖန်တီးပေးရမှာ ဖြစ်တယ်လို့လည်း မစ္စ ဟန်ဒါဆင်က ဆိုပါတယ်။

အမှန်တကယ် ကျွန်မတို့ မေးခွန်းထုတ်ရမှာက ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ အလုပ်ဘဝနဲ့ အလုပ်ပြင်ပ လူမှုဘဝ သတ်သတ်မှတ်မှတ်ထားတာကိုပဲ မကောင်းမြင်ရလောက်အောင် အလုပ်သမားတွေကို ခေါင်းပုံဖြတ်တဲ့အပေါ် ဘယ်လိုမှ မခံစားရတဲ့ အနေအထား ဖြစ်သွားပြီလား ဆိုတဲ့ မေးခွန်းပါပဲ လို့ မစ္စ ဟန်ဒါဆင်က ဝေဖန်ခဲ့ပါတယ်။

အခုလို အနေအထားမှာ ပေါ်လာတဲ့ အမှန်တရားကတော့ လုပ်ငန်းကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ လုပ်သားတွေအတွက် လိုအပ်ချက် ဖြည့်ဆည်းမပေးနိုင်မှု ထင်ရှားလာတဲ့ ကိစ္စ ဖြစ်တယ်လို့ ယူဆရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

Man looking at phone while at work

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အခုလို ခံစားချက်ကို ဂျန်ဇီးမျိုးဆက်တွေက ပိုပြောလာတယ် ဆိုတာက လူမှုကွန်ရက် စာမျက်နှာ ခေတ်စားတဲ့ ကာလမှာ ကြီးပြင်းလာသူတွေ ဖြစ်တဲ့အတွက် ပြောချင်တဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောတတ်လာလို့သာ ဖြစ်

ဂျန်ဇီး မျိုးဆက်သစ်က ပျင်းတယ်ဆိုတာ မှန်ရဲ့လား

ပေ့ဂျ်ကတော့ အလုပ်ဝန်ပိလို့ မကြိုးစားချင်တော့တဲ့ အခြေအနေဟာ အသစ်အဆန်းတော့ မဟုတ်တော့ဘဲ လက်ရှိအခြေအနေမှာ လူတွေက ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောလာကြတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဂျန်ဇီး မျိုးဆက်တွေက အပျင်းထူပြီး အခွင့်ထူးခံလို ကိုယ့်ကိုယ်ကို ယူဆတယ်ဆိုတဲ့ လှေနံဓားထစ် ပြောဆိုမှုတွေ ရှိနေပေမယ့် အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ကျွန်မထက် အများကြီး အသက်ကြီးသူတွေကလည်း အလုပ်ဝန်ပိလို့ မကြိုးစားချင်တော့တဲ့ ခံစားချက် ရှိတယ်လို့ ပြောလာသူတွေ ရှိကြောင်း ပေ့ဂျ်က ဆိုပါတယ်။

အခုလို ခံစားချက်ကို ဂျန်ဇီးမျိုးဆက်တွေက ပိုပြောလာတယ် ဆိုတာက လူမှုကွန်ရက် စာမျက်နှာ ခေတ်စားတဲ့ ကာလမှာ ကြီးပြင်းလာသူတွေ ဖြစ်တဲ့အတွက် ပြောချင်တဲ့ကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောတတ်လာလို့သာ ဖြစ်တယ်လို့လည်း ပေ့ဂျ်က ဆိုပါတယ်။

တချို့ကတော့ အခုလို ခံစားချက်နဲ့ ပတ်သက်တဲ့ ပြောဆိုလာမှုတွေဟာ ပြီးခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဘေးနဲ့တူ ပါလာတဲ့ စီးပွားရေး မရေမရာ ဖြစ်လာမှုတွေကြောင့်လည်း တကြောင်း ဖြစ်တယ်လို့ ယူဆကြပါတယ်။

အလုပ်ကို အိမ်က လုပ်လို့ရလာတဲ့ အခြေအနေနဲ့အတူ လူမှုနဲ့ ပတ်ဝန်းကျင်ရေးရာ တာဝန်သိတတ်မှုလည်း လိုလာတဲ့ ခေတ်ကြီးမှာ လစာလည်း ပိုလိုချင်တဲ့အပေါ် ဂျန်ဇီးတွေက အားနာ နေကြမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွင်းမှာ အမေရိကန်အခြေစိုက် အလုပ်ခွင် စီမံခန့်ခွဲမှု ရေးရာအဖွဲ့ Asana ရဲ့ စာရင်းကောက်ခံချက်အရ ဂျန်ဇီးအရွယ် အလုပ်သမားတွေက တခြား အသက်အရွယ် အပိုင်းအခြားရှိတဲ့ အလုပ်သမားတွေထက် အလုပ်ဝန်ပိလို့ အပင်ပန်းလွန်သွားတာ ပိုဖြစ်ကြတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှာ လုပ်ခဲ့တဲ့ ယူကေနိုင်ငံက အလုပ်သမားတွေကို သုတေသန စစ်တမ်း ကောက်ခံရာမှာလည်း ကိုဗစ်ကပ်ဘေးပြီးနောက်ပိုင်းမှာ ဂျန်ဇီး ၈၀ ရာခိုင်နှုန်းလောက်က အလုပ်ဝန်ပိလို့ အပင်ပန်းလွန်သွားတာ ဖြစ်တယ်လို့ ပြောဆိုကြပြီး ကျန် ပျမ်းမျှအသက်အရွယ် အုပ်စုရဲ့ ၇၃ ရာခိုင်နှုန်းကသာ အလားတူ ပြောဆိုကြတာကို တွေ့ရပါတယ်။

Deloitte ရဲ့ ၂၀၂၂ Global Gen Z and Millennial Survey အရ ဆိုရင်လည်း မျိုးဆက်သစ် လူငယ်တွေဟာ အလုပ်နဲ့ လူမှုဘဝ မျှမျှတတရှိရေး ထောက်ခံတဲ့ အလုပ်ရှင်ကို ပိုရွေးကြတယ်လို့ ဆိုပါတယ်။

အမှန်တကယ်ဆိုရင် အလုပ်ဝန်ပိလို့ မကြိုးစားချင်တော့တဲ့ အသုံး တွင်ကျယ်လာတာ အမေရိကန်တနိုင်ငံတည်း မဟုတ်ပါဘူး။

တရုတ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ တားမြစ်ခံလိုက်ရပြီဖြစ်တဲ့ #tangping ဆိုတဲ့ "အေးဆေးပေါ့" ဆိုတဲ့ စကားလုံး ခေတ်စားမှုကနေ အခု #quietquitting ဆိုပြီး အတုယူ ဖြစ်ပေါ်လာတာလို့လည်း ဆိုကြပါတယ်။

အေးအေးဆေးဆေးပေါ့

အလုပ် အလွန်ကြိုးစားရပြီး ပြန်လည် ခံစားခွင့် မယ်မယ်ရရ မရှိတဲ့ အနေအထားမှာ လူငယ်တွေက ပင်ပန်းလာကြတယ် ဆိုတာဟာ လူမှုဘဝ အနေအထား ပြောင်းလဲဖို့ လိုအပ်နေတဲ့ အခြေအနေကို ပြဆိုနေတာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် တရုတ်နိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေ နည်းပါးလာတာနဲ့အတူ မျိုးဆက်သစ် လူငယ်တွေမှာ အလုပ်ချိန်ပိုလာတဲ့ အနေအထားလည်း ရှိနေတာ ဖြစ်ပါတယ်။

အခုလို နောက်ခံအခြေအနေမှာ "အေးဆေးပေါ့" ဆိုတဲ့ အလုပ်ပို မလုပ်ဖို့ ပြောဆိုမှုနဲ့ ရနိုင်ဖွယ် ပိုရှိတဲ့ ရည်မှန်းချက်လောက်ပဲ ထားပြီး အပန်းဖြေရေး အချိန်ယူဖို့ အလေးထားတဲ့ #tangping ခေတ်စားလာခဲ့ရာမှာ လူအများ ချီးကျူးပြောဆိုပြီး meme ပုံစံ အမျိုးမျိုးလုပ် ပြောဆိုစရာလည်း ဖြစ်ခဲ့ပါတယ်။