မားဘာ့ဂ် ဗိုင်းရပ်စ် ဆိုတာ ဘာလဲ၊ ဒီဗိုင်းရပ်စ် မကူးအောင် ဘယ်လိုကာကွယ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါနာနိုင်ငံမှာ မားဘာ့ဂ် (Marburg)ဗိုင်းရပ်စ်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။ ၉၈ ဦး ကွာရန်တင်း ဝင်နေရပြီး ရောဂါကူးစက်ဖြစ်ပွားမှုကြီး ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ကူးစက်မြန်တဲ့ အဲဒီရောဂါဟာ အဖျားတက်၊ ကိုယ်လက် ကိုက်ခဲ၊ ဝမ်းသွား၊ ပျို့အန်တာတွေ ဖြစ်တတ်ပြီး တချို့သူတွေမှာ အကြီးအကျယ် သွေးယိုပြီး အသက်ဆုံးနိုင်ပါတယ်။
အရင်က အများအားဖြင့် အာဖရိကဒေသမှာ ဒီဗိုင်းရပ်စ်ကြောင့် လူ ရာနဲ့ချီ အသက်ဆုံးခဲ့ကြပါတယ်။
မားဘာ့ဂ် ဗိုင်းရပ်စ်ဆိုတာ ဘာလဲ
ဒီဗိုင်းရပ်စ်ဟာ အလားတူအသက်အန္တရာယ် ပေးနိုင်တဲ့ အီဘိုလာ ဗိုင်းရပ်စ်ရဲ့ မျိုးကွဲတစ်ခု ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ မားဘာ့ဂ် ဗိုင်းရပ်စ်ကို
- ဂျာမနီနိုင်ငံ၊ မားဘာ့ဂ်နဲ့ ဖရန့်ခ်ဖာ့တ်မြို့
- ဆားဘီယား၊ ဘဲလ်ဂရိတ်မြို့ တို့မှာ ၁၉၆၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရောဂါကူးစက်မှုတွေအတွင်း လူ ၃၁ ဦး ရောဂါကူးစက်ခံရ၊ ၇ ဦး သေဆုံးခဲ့အပြီးမှာ ပထမဆုံး ထုတ်ဖော်တွေ့ရှိခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရောဂါဖြစ်ပွားမှုဟာ ယူဂန်ဒါနိုင်ငံကနေ တင်ပို့တဲ့ အာဖရိကန် မျောက်စိမ်းတွေဆီကနေ လာတာလို့ ခြေရာခံ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်ဟာ တခြား တိရစ္ဆာန်တွေနဲ့လည်း ဆက်နွှယ်မှု ရှိတာကို စစ်ဆေး တွေ့ခဲ့ပါတယ်။
လင်းနို့တွေ ကျက်စားတဲ့ ဂူတွေနဲ့ မိုင်းတွင်းတွေမှာ ကာလတာရှည် နေခဲ့သူတွေကနေ လူအချင်းချင်း ကြား ကူးစက်တာ တွေ့ရပါတယ်။
ဒါဟာ ဂါနာနိုင်ငံမှာ ပထမဆုံးအကြိမ် ရောဂါဖြစ်ပွားမှု ဖြစ်ပါတယ်။ ဒါပေမဲ့
- ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ
- ကင်ညာ
- တောင်အာဖရိက
- ယူဂန်ဒါ
- ဇင်ဘာဘွေ အပါအဝင် အာဖရိကနိုင်ငံ အတော်များများမှာ အရင်တုန်းက ဒီရောဂါပိုး ကူးစက်မှုတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။
၂၀၀၅ ခုနှစ်က အန်ဂိုလာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရောဂါကူးစက်မှုအတွင်း လူ ၃၀ ကျော် သေဆုံးခဲ့ပါတယ်။
ဒါပေမဲ့ ဥရောပမှာတော့ လွန်ခဲ့တဲ့ နှစ် ၄၀ အတွင်း လူတစ်ဦးသာ သေဆုံးခဲ့ပြီး အမေရိကန်နိုင်ငံမှာလည်း ယူဂန်ဒါနိုင်ငံက ဂူတွေထဲမှာ စူးစမ်းလေ့လာမှုတွေ လုပ်အပြီး ပြန်လာတဲ့သူ တစ်ဦးသာ ဒီရောဂါပိုးကြောင့် သေဆုံးခဲ့ပါတယ်။

ကြီးမားတဲ့ ရောဂါဖြစ်ပွားမှုကြီးများ
- ၂၀၁၇ ခုနှစ်၊ ယူဂန်ဒါနိုင်ငံ၊ ရောဂါဖြစ်ပွားသူ ၃ ဦး၊ သေဆုံးသူ ၃ ဦး
- ၂၀၁၂ ခုနှစ်၊ ယူဂန်ဒါနိုင်ငံ၊ ရောဂါဖြစ်ပွားသူ ၁၅ ဦး၊ သေဆုံးသူ ၄ ဦး
- ၂၀၀၅ ခုနှစ်၊ အန်ဂိုလာနိုင်ငံ၊ ရောဂါဖြစ်ပွားသူ ၃၇၄ ဦး၊ သေဆုံးသူ ၁၂၈ ဦး
- ၁၉၆၇ ခုနှစ်၊ ဂျာမနီနိုင်ငံ၊ ရောဂါဖြစ်ပွားသူ ၂၉ ဦး၊ သေဆုံးသူ ၇ ဦး
သတင်းရင်းမြစ်- ကမ္ဘာ့ကျန်းမာရေးအဖွဲ့

ဒီဗိုင်းရပ်စ်ကြောင့် ဘယ်လို ရောဂါလက္ခဏာမျိုးတွေ ဖြစ်တတ်သလဲ
ဒီဗိုင်းရပ်စ်ကူးစက်ခံရပြီးပြီးချင်းမှာ
- အဖျားတက်မယ်
- ခေါင်းအကြီးအကျယ်ကိုက်မယ်
- ကိုယ်လက်ကိုက်ခဲမယ်
စတဲ့ လက္ခဏာတွေ စဖြစ်ပြီး အဲဒီနောက် ၃ ရက်လောက်အကြာမှာ
- ဝမ်းအရည်တွေ လျှောမယ်
- ဗိုက်နာ၊ ဗိုက်အောင့်မယ်
- မူးနောက်ပြီး ပျို့ချင်လာမယ်
- အော့အန်မယ်
ဒီအဆင့်မှာ လူနာတွေဟာ မျက်ကွင်းတွေချိုင့်၊ မျက်နှာမှာ ဘာအမူအရာမှ မပြတော့ဘဲ အားအင်ကုန်ခန်း ချည့်နဲ့နေပြီး ဖြူဖပ်ဖြူရော် ဖြစ်နေတတ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
လူအတော်များများဟာ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာ အတော်များများကနေ သွေးယိုထွက်လာတတ်ကြပြီး သွေးထွက်လွန်တာကြောင့် စဖျားပြီး ၈ ရက်ကနေ ၉ ရက်အတွင်း အသက်ဆုံးတတ်ကြပါတယ်။
ပျမ်းမျှအားဖြင့် ဒီဗိုင်းရပ်စ် ကူးစက်ခံရသူတွေမှာ တစ်ဝက်လောက် အသက်ဆုံးရှုံးရလေ့ ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အန္တရာယ်အပေးနိုင်ဆုံး မျိုးကွဲဗိုင်းရပ်စ်တွေကြောင့် ရောဂါကူးစက်ခံရသူ ၈၈ ရာခိုင်နှုန်း အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗိုင်းရပ်စ်ပိုး ဘယ်လိုပျံ့နှံ့ ကူးစက်သလဲ
သစ်သီးစား အီဂျစ်လင်းနို့ တစ်မျိုးမှာ ဒီဗိုင်းရပ်စ် ခိုအောင်းလေ့ ရှိပါတယ်။
အာဖရိက မျောက်စိမ်းတွေနဲ့ ဝက်တွေမှာလည်း ဒီဗိုင်းရပ်စ် ပျံ့နှံ့တတ်ပါတယ်။
လူတွေမှာတော့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေကနေ တဆင့်၊ လူနာနဲ့ ထိတွေ့ထားတဲ့ အိပ်ရာခင်းတွေကနေတဆင့် ပျံ့နှံ့ကူးစက်တတ်ပါတယ်။
လူတွေ ပြန်သက်သာလာပြီးရင်တောင် လပေါင်း တော်တော်ကြာတဲ့အထိ (ဥပမာ) သူတို့ရဲ့ သွေး ဒါမှမဟုတ် သုက်ရည်ကနေတဆင့် တခြားလူတွေကို ရောဂါပိုး ကူးစက်နိုင်ပါသေးတယ်။
ဘယ်လိုကုနိုင်သလဲ
ဒီဗိုင်းရပ်စ်ပိုးအတွက် တိတိကျကျ ကုသနည်း ဒါမှမဟုတ် ကာကွယ်ဆေး မရှိသေးပါဘူး။
ဒါပေမဲ့ သွေးပစ္စည်းအမျိုးအစားတွေ၊ ဆေးတွေနဲ့ ခံနိုင်ရည်အား ကုထိုးတွေကို စမ်းသပ်တီထွင်နေပြီ လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုပါတယ်။
ဒါ့အပြင် ဆေးရုံရောက်လာတဲ့ လူနာတွေကို အရည်တွေ အများကြီး သောက်ခိုင်းပြီး ဆုံးရှုံးသွားတဲ့ သွေးတွေအတွက် သွေးပြန်သွင်းပေးတာမျိုးတွေနဲ့ ရောဂါ သက်သာအောင် ဆရာဝန်တွေက လုပ်ပေးကောင်း လုပ်ပေးနိုင်ပါတယ်။
ဒီဗိုင်းရပ်စ်ပိုး မပြန့်ပွားအောင် ဘယ်လို ထိန်းချုပ်နိုင်မလဲ
အာဖရိကဒေသက လူတွေအနေနဲ့ တောရိုင်းတိရစ္ဆာန် အသားတွေကို စားတာ၊ သတ်ဖြတ်ခုတ်ထစ်တာမျိုးကို ရှောင်ကျဉ်သင့်တယ်လို့ Gavi လို့ခေါ်တဲ့ လူတိုင်း ကာကွယ်ဆေးထိုးနိုင်ရေး အားပေးဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ရောဂါဖြစ်ပွားရာ နေရာက ဝက်တွေနဲ့ တိုက်ရိုက် ထိတွေ့တာမျိုးကိုလည်း ရှောင်ကျဉ်သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အမျိုးသားတွေအနေနဲ့ ရောဂါလက္ခဏာ စတွေ့တဲ့အချိန်ကနေ တစ်နှစ်လောက် ဒါမှမဟုတ် သူတို့ရဲ့ သုက်ရည်ကို နှစ်ကြိမ် ဆေးစစ်ကြည့်ပြီး ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း မတွေ့မချင်း ကွန်ဒုံး အသုံးပြုပြီး လိင်ဆက်ဆံသင့်တယ်လို့ အကြံပြုထားပါတယ်။
ဒီဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသွားခဲ့သူတွေကို မြှုပ်နှံသင်္ဂြိုဟ်ပေးတဲ့သူတွေလည်း အလောင်းကို မထိမိအောင် သတိထား ရှောင်ကျဉ်သင့်တယ်လို့ ဆိုပါတယ်။








