ကျား-မအဖြစ် မခံယူသူများနေ့ ဘာ့ကြောင့် သတ်မှတ်ခဲ့တာလဲ

လိင်စိတ်၊ ကျား-မ၊ အမျိုးသား၊ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Laura Lee / My City Photos

ဓာတ်ပုံ ပုံစာ, ရုပ်ရှင်၊ ဗီဒီယိုဂိမ်းဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်အဖြစ် ဝတ်ဆင်ဖို့ ကာတီယာ ဗန် လွန်း ဝါသနာပါ

ကာတီယာ ဗန် လွန်းဟာ နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ နိုင်ငံတကာ အမျိုးသားများနေ့ အကြား အလယ်တည့်တည့်နေ့ဖြစ်တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကို နိုင်ငံတကာ ကျား-မ မခံယူသူများနေ့ အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတဲ့ ဘလော့ဂ်ပို့စ်တစ်ခုကို လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက တင်ခဲ့ပါတယ်။ နိုင်ငံတကာ ကျား-မ မခံယူသူများနေ့ သတ်မှတ်ဖြစ်သွားတာဟာ ဘာ့ကြောင့် အရေးပါသလဲ ဆိုတဲ့အကြောင်း ကာတီယာက သူ့ရဲ့ ပထမဆုံး အင်တာဗျူးမှာ ကျား-မနဲ့ ကိုယ်ပိုင်သွင်ပြင်လက္ခဏာဆိုင်ရာ ဘီဘီစီသတင်းထောက် မက်ဂါ မိုဟန်ကို အခုလို ပြောပြခဲ့ပါတယ်။

"ပင်ဂွင်းငှက်လို့ တစ်သက်လုံး အခေါ်ခံခဲ့ရတဲ့ ငှက်တစ်ကောင်ရဲ့ ဇာတ်လမ်းအကြောင်းက အွန်လိုင်းပေါ်မှာ မကြာခဏ ပေါ်လာတတ်ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ တစ်နေ့မှာ အဲဒီငှက်က ဆရာဝန်နဲ့တွေ့တဲ့အခါ ဆရာဝန်က "မင်းက ပင်ဂွင်း မဟုတ်ဘူး။ ငန်းလို့ခေါ်တဲ့ သတ္တဝါတစ်ကောင်ပဲ" လို့ ပြောလိုက်ပါတယ်။ ဒီတော့ အဲဒီငန်းလည်း အကြီးအကျယ် စိတ်သက်သာရာ ရသွားပါတယ်။ ချက်ချင်းဆိုသလို သူ့ကိုယ်သူဘယ်သူလဲဆိုတာ အဓိပ္ပာယ်ပေါက်သွားခဲ့ပါတယ်" လို့ ကာတီယာ ကပြောပါတယ်။

သူလည်း အသက် ၂၀ ကျော်အရွယ် ၂၀၁၁ ခုနှစ်တုန်းက အဲဒီငန်းလို ဖြစ်ခဲ့တယ် လို့ ဆိုပါတယ်။

သူ့အဘွား ဆုံးပြီးခါစအချိန် အဘွားရဲ့ တိုက်ခန်းမှာ ပစ္စည်းတွေ သိမ်းနေရင်း ပူဆွေးစိတ်ကို ဖြေဖျောက်တဲ့အနေနဲ့ အွန်လိုင်းပေါ်တက် ဟိုဟိုဒီဒီ လျှောက်ကြည့်ရာကနေ ဝီကီပီးဒီယား ဝက်ဆိုက်ပေါ်က ကျား-မ ကိုယ်ပိုင်သွင်ပြင်လက္ခဏာအကြောင်း ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ "non-binary" ဆိုတာရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပထမဆုံးအကြိမ် ဖတ်မိခဲ့ပါတယ်။ အဲဒီ စာပိုဒ်တွေမှာ ကျား-မ ဆိုတဲ့ လိင်ခွဲခြားထားမှုအတိုင်း မလိုက်နာတဲ့ သူတွေအကြောင်း၊ ကျား-မ ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ထားချက်ရဲ့ ပြင်ပမှာ ရှိနေတယ်လို့ သူတို့ကိုယ်သူတို့ ခံစားမိတဲ့ သူတွေအကြောင်းကို သိလာခဲ့ပါတယ်။

"ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က ငါ ဖြစ်နေတဲ့အတိုင်းပဲ"လို့ သူတွေးမိလိုက်ပါတယ်။ "ငါက မိန်းမလည်းမဟုတ်၊ ယောက်ျားလည်း မဟုတ်ဘူး။ ငါ့ဘဝ တစ်သက်လုံး ဒီလို ဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့ ဒါကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ စကားလုံး ရှာမရ ဖြစ်နေခဲ့တာ" ဆိုပြီး သူ မျက်ရည်တွေ ကျလာခဲ့ပါတယ်။ သူ့ရည်းစား ကောင်လေးကိုလည်း ဒီအကြောင်း ပြောမှ ဖြစ်တော့မယ်လို့ တွေးမိပါတယ်။

Short presentational grey line

သူအထက်တန်းကျောင်းသူဘဝမှာ ပြဇာတ်က သူအကြိုက်ဆုံး ဘာသာရပ် ဖြစ်ခဲ့ပါတယ်။ ပြဇာတ်သင်တန်းချိန် ဆိုရင် အရမ်းပျော်ခဲ့ပါတယ်။ သင်တန်းချိန်အပြီး ပစ္စည်းအလေးအပင်တွေ ရွှေ့ရတာကိုလည်း အပန်းမကြီးခဲ့ပါဘူး။ ပြဇာတ် သင်တန်းမှာ သူ့ကို အသန်မာဆုံး ကောင်မလေး ဆိုပြီး တခြား ကောင်လေးတွေနဲ့အတူ ပြဇာတ် ဇာတ်ဝင်ပစ္စည်း အလေးတွေ သိမ်းဖို့ အခိုင်းခံခဲ့ရပါတယ်။

ဒီတော့ အဲဒီအချိန်ကတည်းက ကာတီယာဟာ တခြား မိန်းကလေးငယ်တွေနဲ့ ကွဲပြားခြားနားပြီး ယောက်ျားလေးတွေနဲ့အတူ တွဲပြီး ပစ္စည်းတွေ သယ်မခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းတာက အဲဒီအချိန်တုန်းက တခြား မိန်းကလေးငယ်တွေနဲ့ မတူ ကွဲပြားနေတာကို ရှက်ရမယ့်အစား ဂုဏ်ယူနေခဲ့တာပါ။

ကာတီယာဟာ တချို့နေရာတွေမှာ သူ့အမေနဲ့ တူပါတယ်။ သူ့အမေကို လူတွေက ခန့်ငြားတဲ့ အမျိုးသမီးကြီးလို့ ပြောတတ်ကြပါတယ်။ နောက်ပိုင်းမှာ သူသိလာရတာက ဒီလိုပြောတာဟာ အမျိုးသမီး မဆန်ဘူးလို့ စော်ကားလိုတဲ့ သဘော ဆိုတာပါပဲ။

သူ့အမေက ရှေ့နေ၊ ဥပဒေဆရာမတစ်ဦးဖြစ်ပြီး သားသမီးတွေကို တကိုယ်တည်း ပျိုးထောင်လာခဲ့သူပါ။ တခြား အမေတွေလို မဟုတ်ဘဲ ကျောင်းသားတွေကို စာသင်နေရင်း ဒါမှမဟုတ် ကာတီယာကို ထိန်းနေရင်းနဲ့ အိမ်ထဲမှာ ပြင်စရာတွေရှိရင် ယောက်ျားတစ်ယောက်လို ကောင်းကောင်း ပြင်တတ်သူ ဖြစ်ပါတယ်။

လိင်စိတ်၊ ကျား-မ၊ အမျိုးသား၊ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Katje van Loon

ဓာတ်ပုံ ပုံစာ, ကာတီယာနဲ့ သူ့အမေ

သူ့အမေလိုပဲ ကာတီယာကလည်း ကျား-မ ရွေးတဲ့ ရှေးရိုးဆန်တာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့ တချို့နေရာတွေမှာတော့ သူ့အမေနဲ့ မတူတဲ့ အချက်တွေ ရှိခဲ့ပါတယ်။ ကာတီယာဟာ မိန်းကလေးစိတ် မပေါက်တာ ဒါမှမဟုတ် တခြားမိန်းကလေးတွေထက် အရပ်ပိုရှည်တာ၊ ပိုထွားတာ။ မိန်းမမဆန်တာတွေတင် မကပါဘူး။ ဒါ့ထက် ပိုပါတယ်။ အမျိုးသမီးဆိုတဲ့ အမှတ်တံဆိပ်က သူ့နဲ့ လုံးဝ မဟပ်စပ်ခဲ့ပါဘူး။

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ဆင်ခြေဖုံးရပ်ကွက်မှာ ကြီးပြင်းလာပြီး အဲဒီနောက်ပိုင်း ဟာဝိုင်အီကျွန်းမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ ကာတီယာက အာဆူလာ ကေ လီ ဂွင် (Ursula K Le Guin) လို စာရေးဆရာမျိုးတွေရဲ့ ကျား-မ မခွဲတဲ့ ဇာတ်ကောင်တွေပါတဲ့ စိတ်ကူးယဉ်စာအုပ်တွေထဲ နစ်မြောနေတတ်ပါတယ်။ အသက် ၁၂ နှစ်အရွယ် ရောက်တော့ သူ့ကိုယ်ပိုင် စိတ်ကူးယဉ် ကမ္ဘာတွေကို ဖန်တီးရင်း စာစရေးခဲ့ပါတယ်။ ဆယ်စုနှစ် တစ်ခုကြာပြီးနောက်မှာတော့ အဲဒီတုန်းက ရေးထားတာတွေကို အတော်များများ ပြန်ပြင်ဆင် အချောသပ်ပြီး သိပ္ပံ စိတ်ကူးယဉ် ဝတ္ထုတွဲတစ်ခုရဲ့ ပထမဆုံး ဝတ္ထုကို ထုတ်ဝေခဲ့ပါတယ်။ ဒီ ဆန်းသစ်ဖန်တီးမှု အင်ပါယာကြီးထဲမှာ ကာတီယာဟာ အမျိုးသား ဒါမှမဟုတ် အမျိုးသမီး လိင်ပိုင်းဆိုင်ရာ လက္ခဏာတွေအကြား ဟိုပြောင်း ဒီပြောင်း လုပ်တတ်တဲ့ ဇာတ်ကောင်မျိုးတွေကို လက်တည့်စမ်း ဖန်တီးရေးသားခဲ့ပါတယ်။ စာရေးတာဟာ ကာတီယာအတွက်တော့ မလူးသာမလွန့်သာတဲ့ လက်တွေ့ဘဝမှာထက် ပိုလွတ်လွတ်လပ်လပ် စိတ်ကူးယဉ်ခွင့် ရခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်လွန်ပိုင်းမှာ အရွယ်ရောက်တဲ့ ကာတီယာဟာ အွန်လိုင်းနဲ့ ယဉ်ပါး ကြီးပြင်းလာသူ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ လိင်စိတ်အကြောင်း ဆွေးနွေးကြတဲ့ အုပ်စုအသိုင်းအဝိုင်းတွေကို ရှာတွေ့ခဲ့ပြီး ကာတီယာဟာ အသက် ၁၄ နှစ်မှာ ကျား-မ နှစ်မျိုးစလုံး စိတ်ဝင်စားသူအဖြစ် ဖွင့်ဟ ကြေညာခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာရော နောက်ပိုင်း အပြင်မှာပါ သူ့ရဲ့ လိင်စိတ်အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တဲ့ ကာတီယာကို LGBT အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပါတယ်။

အဲဒီနောက် အသက် ၂၀ ကျော်လောက်မှာ သူ့ချစ်သူ နေသန်နဲ့ တွေ့ဆုံ ချစ်ကြိုက်ခဲ့ပါတယ်။ အဲဒီအတွက် သူအကြီးအကျယ် ပေးဆပ်ခဲ့ရပါတယ်။ ကျား-မ နှစ်ဦးစလုံး စိတ်ဝင်စားတဲ့ အမျိုးသမီးက အမျိုးသားတစ်ဦးနဲ့ တွဲနေတာကြောင့် LGBT အသိုင်းအဝိုင်းထဲကနေ သူဖယ်ထုတ်ခံခဲ့ရတယ်လို့ သူက ယူဆပါတယ်။ အဲဒီအသိုင်းအဝိုင်းက လူတွေက သူ့ကို လိင်ကွဲ အမျိုးသား ကိုပဲ စိတ်ဝင်စားသူအဖြစ် သတ်မှတ်လာကြပြီး သူ့ရဲ့ လွန်ဆွဲနေတဲ့စိတ်ကို နားမလည်ကြတော့ပဲ ရုတ်ချည်းဆိုသလို သူတို့စကားဝိုင်း၊ သူတို့လုပ်တဲ့ ပွဲတွေမှာ ကာတီယာကို အရေးတယူ ထည့်သွင်းတာ၊ ဖိတ်ကြားတာမျိုး မရှိတော့ပါဘူး။ ဒီလို လုပ်တာဟာ ကျား မ နှစ်မျိုးလုံးအပေါ် စိတ်ဝင်စားမှုကို သူဖျောက်ဖျက်ပစ်လိုက်တာ ဖြစ်တယ်လို့ သူတို့က သတ်မှတ်ပါတယ်။ သူ့ကို ပွဲတွေမှာ ဖိတ်ကြားတာတွေ တဖြည်းဖြည်း နည်းသွားသလို သူ့ကိုမထည့်ဘဲ သီးသန့်အုပ်စု ဖွဲ့တာမျိုးတွေ လုပ်လာကြပါတယ်။ သူ့အတွေ့အကြုံအရဆိုရင် လူတွေဟာ လိင်စိတ်ခံစားမှုအကြောင်း နားလည်ပေမဲ့ ကျား-မ ကိုယ်ပိုင်သွင်ပြင် လက္ခဏာကိုတော့ နားမလည်ကြဘူးလို့ ကာတီယာက ပြောပြပါတယ်။

ယောက်ျားမဟုတ် မိန်းမမဟုတ်တဲ့ သူ့ရဲ့ ကိုယ်ပိုင်သွင်ပြင်လက္ခဏာ အကြောင်း အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းပြထားတဲ့ ဝီကီပီးဒီးယား အွန်လိုင်းစာမျက်နှာကို ကာတီယာ ရှာတွေ့ခဲ့အပြီးမှာ သူ့ရည်းစား နေသန်ကို အရင်ဆုံး ပြောပြချင်ခဲ့တာပါ။ ဒါပေမဲ့ ပြောရမှာ သူကြောက်နေခဲ့ပါတယ်။

အဲဒီနေ့ ညနေပိုင်းလောက်မှာတော့ နေသန်နဲ့ တွေ့တဲ့အခါ သူက အမြန်ဆုံး ဖွင့်ပြောလိုက်ပါတယ်။

"ငါ့ကိုယ်ငါ မိန်းမ ဒါမှမဟုတ် ယောက်ျား လို့ မခံယူဘူး။"

ခဏ တိတ်ဆိတ်သွားခဲ့အပြီးမှာ နေသန်က "ဘာ့ကြောင့် ဒီလို ပြောင်းသွားရတာလဲ" လို့ မေးပါတယ်။

နောက်တခါ ထပ် တိတ်ဆိတ်သွားခဲ့ပါတယ်။

"ငါ့ကိုယ်ငါ နာမ်စား ပြောင်းသုံးကောင်း သုံးရဖို့ ရှိတယ် ဒါမှမဟုတ် တစ်ခါတလေ တခြားနာမည် ပြောင်းချင် ပြောင်းမယ်" လို့ ကာတီယာက ပြန်ဖြေခဲ့ပါတယ်။

"လိင်ပြောင်းထားလား၊ ခန္ဓာကိုယ် ခွဲစိတ်တာမျိုး လုပ်ဖို့ရော စဉ်းစားထားသလား" လို့ သူ့ကို နေသန်က မေးခဲ့ပါတယ်။

ဟင့်အင်း၊ အဲဒီလို လုပ်မှာ မဟုတ်ဘူး လို့ သူက ပြန်ဖြေခဲ့ပါတယ်။

"ကောင်းပြီလေ။ မင်းကို ဘယ်လို နာမ်စားနဲ့ ခေါ်ရမလဲဆိုတာကို မမေ့အောင် ငါကြိုးစားပါ့မယ်၊ ဒါပေမဲ့ ငါက မေ့တတ်တယ်နော်" လို့ နေသန် က ပြောပါတယ်။

နှစ်ယောက်စလုံး ပေါ့ပေါ့ပါးပါးနဲ့ ရယ်လိုက်ကြပြီး သူတို့အကြား တင်းမာမှုတွေ လျော့ပါးသွားပါတယ်။ တခြားလူတစ်ယောက် အဖြစ် မှားယွင်းသတ်မှတ်ခံနေရတယ်လို့ သူ့ဘဝတစ်လျှောက် ခံစားမိရင်း အသက်ရှင်ကြီးပြင်းလာရတဲ့အကြောင်းကို ကာတီယာက နေသန့်ကို ရှင်းပြခဲ့ပါတယ်။ အခုတော့ သူဘယ်သူလဲ ဆိုတာ အမည်ရှိလာပြီ။ ချက်ချင်းဆိုသလို သူနည်းနည်းပါးပါး နေရသက်သာလာပါပြီ လို့ ကာတီယာက ပြောပါတယ်။

အဲဒီနောက် နေသန်နဲ့ ကာတီယာ တို့ စေ့စပ်ကြောင်းလမ်းခဲ့ကြပြီး အဲဒီနောက် မကြာခင် ၂၀၁၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

လိင်စိတ်၊ ကျား-မ၊ အမျိုးသား၊ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Zemekiss Photography

ဓာတ်ပုံ ပုံစာ, ကာတီယာနဲ့ နေသန်ရဲ့ မင်္ဂလာပွဲနေ့

ကာတီယာ ဟာ နှစ်ပေါင်းများစွာ သူ့ကိုယ်သူ "သူမ၊ သူမကို" ဆိုတဲ့ နာမ်စားအစား တခြား ကွဲပြားတဲ့ နာမ်စားမျိုးတွေကို သုံးခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာ သုံးလေ့ရှိတဲ့ လူတစ်ဦးချင်းရဲ့ လိင်ကို မဖော်ပြတဲ့ ကြားနေ နာမ်စားမျိုးတွေ ဖြစ်ပါတယ်။

သူတို့ ဆိုတဲ့ နာမ်စားမျိုးကို ကာတီယာ အတော်ကြာကြာ ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနာမ်စားကို အရမ်းအသုံးများလာတဲ့ အချိန်မှာ သူမကြိုက်တော့ပါဘူး။ အခုဆိုရင် ဒီနာမ်စားကို ကြားတောင် မကြားချင်တော့ပါဘူး။ စာရေးဆရာတစ်ဦး အနေနဲ့ ဘာသာစကားကို သူ အရမ်း အလေးထားတယ်လို့ ကာတီယာ က ပြောပါတယ်။

"ဒီတော့ သူတို့ ဆိုတဲ့ နာမ်စားသုံးထားတဲ့ စာသား အတော်များများကို ဖတ်မိရင် လူပုဂ္ဂိုလ် တစ်ယောက်အကြောင်း ပြောနေတာလား၊ အုပ်စုအဖွဲ့ တစ်ဖွဲ့အကြောင်း ပြောနေတာလား ဆိုတာ ဇဝေဇဝါ ဖြစ်မိပါတယ်၊ စာရေးဆရာ တချို့ကတော့ စာရေးဆရာကြီး ရှိတ်စပီးယား တောင်မှ သူတို့ ဆိုတဲ့ နာမ်စားကို အမြဲ သုံးခဲ့တာပဲလို့ စောဒကတက်ကြပါတယ်" လို့ ကာတီယာက ပြောပါတယ်။ ရှိတ်စပီးယားနဲ့အတူ လူ အနည်းအပါးလောက်ကပဲ ဒီနာမ်စားကို သုံးတာပါ ဆိုပြီး သူက ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

တဖြည်းဖြည်းနဲ့ သူကလေးဘဝကတည်းက ဝါသနာဖြစ်တဲ့ စိတ်ကူးယဉ်ဝတ္ထု ရေးတာဟာ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု ဖြစ်လာခဲ့သလို ထုံးစံအရ လိင်ခွဲခြား သတ်မှတ်မှု ပြင်ပက သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာအတွက်လည်း ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ Stranger Skies ဆိုတဲ့ စာအုပ်ထဲမှာ ရူပဗေဒ ဒါမှမဟုတ် ဇီဝဗေဒစည်းမျဉ်းတွေကို မလိုက်နာတဲ့ ဂြိုဟ်ကမ္ဘာတစ်ခုပေါ်ကို နတ်ပြည်ကနေ ကျလာတဲ့ နတ်မိမယ် တစ်ပါးအကြောင်း သူရေးခဲ့ပါတယ်။ အဲဒီဂြိုဟ်ကမ္ဘာမှာ လိင်ခွဲခြား သတ်မှတ်တာ သိပ်အရေးမပါလှပဲ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် လိင် ပြောင်းလဲပစ်နိုင်တယ် ဆိုတာကို အဲဒီနတ်မိမယ်က လေ့လာ တွေ့ခဲ့ရပါတယ်။ လူတစ်ယောက်ဟာ ဘာသာရေးအခမ်းအနားတစ်ခု ကျင်းပပြီး သူတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ပြောင်းလဲပစ်နိုင်တာပါ။ လိင်တူချစ်သူ စုံတွဲတွေဆိုရင် ဆေးပညာအကူအညီ မလိုဘဲ ကိုယ့်သွေးသား ကလေးရနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီလို အယူအဆမျိုးတွေကို စူးစမ်းရှာဖွေ ရေးတာကို သူအရမ်းပျော်တယ်လို့ ကာတီယာက ပြောပြပါတယ်။

လိင်စိတ်၊ ကျား-မ၊ အမျိုးသား၊ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Kam Abbott

ဓာတ်ပုံ ပုံစာ, အခုဆိုရင် ကာတီယာဟာ အင်တာနက်ပေါ်မှာ သိပ်မတက်တော့ပါဘူး

သူ့ရဲ့ ဘလော့ဂ်က ပို့စ်မှာ အကြံပြုထားတဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကို "ကျား-မ အဖြစ် မခံယူသူများနေ့"အဖြစ် သတ်မှတ်ဖို့ တရားဝင် သုံးသပ်နေတယ်ဆိုတာကို သူသိရတဲ့ အချိန်ထိ နှစ်ပေါင်း အတော်ကြာ ဒီအကြောင်းကို သူမေ့နေခဲ့ပါတယ်။ ဒီလို သတ်မှတ်ဖို့ Human Rights Campaign အဖွဲ့၊ Stonewall (ယူကေအခြေစိုက် LGBT ပရဟိတ အဖွဲ့) ၊ ယူကေပါလီမန် ဝက်ဆိုက်နဲ့ dictionary.com တို့က စဉ်းစားသုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ကို ရွေးချယ်ခဲ့ရတဲ့ သူ့ရဲ့ အကြောင်းရင်းကိုပဲ လူတွေက ထပ်လောင်းပြောခဲ့ကြပါတယ်။ ဒါပေမဲ့ Non-Binary ဝီကီပီးဒီးယား ဝက်ဆိုက် တစ်ခုကပဲ ကာတီယာရဲ့ ဘလော့ဂ်ကို အတုယူစရာအဖြစ် အမည်တပ် ဖော်ပြခဲ့ပါတယ်။ အဲဒီအတွက် သူ အတော့်ကို နာကျင်ခံစားရတယ်လို့ ကာတီယာ က ပြောပါတယ်။ နည်းနည်းလေးဖြစ်ဖြစ် သူ့ကို အသိအမှတ် ပြုပေးကြမယ်ဆိုရင် ကောင်းမှာပဲလို့ ဆိုပါတယ်။

အခုတော့ သူ့ဘဝမှာ ပြောင်းလဲမှုတွေ ရှိလာခဲ့ပါပြီ။ သူ့ကိုယ်သူ သက်သောင့်သက်သာ ရှိလာပါပြီ။ သူ့ကို အမျိုးသမီးတစ်ယောက်လို့ လူတွေ ခေါ်ရင် ဒါမှမဟုတ် သူမလို့ နာမ်စား သုံးခေါ်ရင် သူသိပ် အရေးမစိုက်တော့ပါဘူး။ အရင်တုန်းကဆိုရင် အာဂျင်တီးနား၊ သြစတြေးလျနဲ့ အိန္ဒိယနိုင်ငံတွေမှာလို နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင်လိုမျိုး ID ကတ်တွေပေါ်မှာ ကြားနေ လိင်အမျိုးအစား သတ်မှတ်ဖော်ပြပေးတာမျိုးကို သူတကယ့်ကို လိုလားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ သူသိပ်မသေချာတော့ပါဘူး။ အစိုးရ အလွယ်တကူ ဝင်ကြည့်နိုင်မယ့် နေရာမှာ စုဆောင်းသိမ်းဆည်းထားတဲ့ လူနည်းစု လိင်အမျိုးအစား အချက်အလက်မျိုးထဲမှာ သူပါချင်သလား လို့ မေးရင် လုံးဝ မပါချင်ဘူးလို့ ကာတီယာက ပြောပါတယ်။ ဗျူရိုကရေစီ ကြိုးနီစနစ်ကို သူအယုံအကြည် မရှိဘူးလို့ ဆိုပါတယ်။ တချို့နိုင်ငံတွေက တချို့လူတွေမှာ ဒါက ဘာ့ကြောင့် အရေးကြီးသလဲဆိုတာ နားလည်နိုင်ပေမဲ့ သူ့အတွက်တော့ အရေးမပါပါဘူးလို့ ဆိုပါတယ်။

အခုအခါ ကာတီယာဟာ အွန်လိုင်းပေါ် သိပ်မတက်တော့ပါဘူး။ အင်တာနက်ပေါ်က ရှေးရိုးစွဲ ကွန်ဆာဗေးတစ်အုပ်စုတွေထဲဖြစ်ဖြစ် ဒါမှမဟုတ် လစ်ဘရယ် အုပ်စုတွေထဲဖြစ်ဖြစ် ပါရတာ သူသက်သောင့်သက်သာ မရှိဘူးလို့ ဆိုပါတယ်။ စကားမှားပြောဖို့ကို အဲဒီလူတွေက စောင့်ပြီး ဝိုင်းဝေဖန်လေ့ ရှိတယ်လို့ သူက ပြောပါတယ်။ ဒီလိုလုပ်တာကို Call Out Culture ဝိုင်းဖယ်ကျဉ်တဲ့ နည်းလမ်းထုံးစံ အဖြစ် ခေါ်ခဲ့ကြတာပါ။ ဒါပေမဲ့ အခုတော့ ဒီထုံးစံက အရမ်းကို တရားလွန် အခြေအနေမျိုး ရောက်လာခဲ့ပြီလို့ ဆိုပါတယ်။ သူတို့အသိုင်းအဝိုင်း အုပ်စုထဲ ပါချင်သူတွေအနေနဲ့ စကားတခွန်းခွန်း မှားပြောမိတာနဲ့ ဝိုင်းအကျဉ်ခံရဖို့ ရှိပါတယ်။

လိင်စိတ်၊ ကျား-မ၊ အမျိုးသား၊ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Katje van Loon

ဓာတ်ပုံ ပုံစာ, Battlestar Galactica စိတ်ကူးယဉ်သိပ္ပံ တီဗီဇာတ်လမ်းတွဲထဲက ဗိုလ်Starbuck လိုမျိုး ဝတ်စားထားတဲ့ ကာတီယာ

"တကယ်လို့ ကာတီယာအနေနဲ့ သူဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ပြတဲ့ ID ကတ်ပြားအသစ် တစ်မျိုးမျိုး မလိုချင်ဘူး၊ သူ့ကို နာမ်စားပြောင်းခေါ်ဖို့ စဉ်းစားနေစရာမလိုပါဘူး ဆိုရင် ကျား မအဖြစ် သူမခံယူတာ ဘာများ အဓိပ္ပာယ် ရှိတော့မှာလဲ။ နိုင်ငံတကာ ကျား-မအဖြစ် မခံယူသူများနေ့ ဆိုပြီး သတ်မှတ်ဖို့ကရော အရေးပါပါတော့မလား ဆိုပြီး ဒီဆောင်းပါးကို ဖတ်နေသူတွေ အခုချိန်မှာ တွေးနေကြမယ် ဆိုတာ သူသိနေပါတယ်"လို့ ကာတီယာ ကပြောပါတယ်။

တကယ့်ကို အရေးပါပါတယ် လို့ သူက ဆိုပါတယ်။

သူတို့ဘာလဲ ဆိုတာကို လူတွေ အပြည့်အဝ နားမလည်နိုင်သေးတဲ့ ကမ္ဘာတစ်ခုထဲမှာ သူတို့ကို မြင်နိုင်စွမ်း မရှိဘူးလို့ ခံစားမိတယ် လို့ ကာတီယာက ပြောပါတယ်။ ဒီတော့ သူတို့ ရှိကြောင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ နေ့တစ်နေ့ သတ်မှတ်ပေးလိုက်တာက ကောင်းတာပေါ့ လို့ ဆိုပါတယ်။ အဲဒီနေ့မှာ လမ်းမပေါ်ထွက် ဆန္ဒပြဖို့ မလိုပါဘူး။ ဒါပေမဲ့ ပန်းစည်းလေးလောက် ပို့ပေးရင် ကောင်းတာပေါ့လို့ ကာတီယာက ပြောပါတယ်။

ကျား-မအဖြစ် မခံယူသူ လို့ အခေါ်ခံရတာဟာ အင်တာနက်ပေါ်မှာ အရေးပါတယ်လို့ ကာတီယာက ယူဆပါတယ်။ ဒီလိုစကားလုံးတွေနဲ့ သူ့ကိုယ်သူ ဖော်ညွှန်းရတာက သူ့အတွက် အရေးပါလှပြီး သူဘယ်သူလဲ ဆိုတာ သိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ပို သက်သောင့်သက်သာ ဖြစ်စေတယ်လို့ ဆိုပါတယ်။ "လူတွေကို ကိုယ့်ဘဝကိုယ် ကျေနပ်စေချင်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်အောင် လုပ်ပေးတဲ့ ဒီလိုနေ့မျိုး တစ်နေ့ ရှိလာတာက ကောင်းတာပေါ့"လို့ ကာတီယာက ပြောပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က သူရေးတင်ခဲ့တဲ့ ဘလော့ဂ်ပို့စ် တစ်ခုကနေ ထွက်ပေါ်လာတဲ့ အကောင်းဆုံး မျှော်လင့်ချက် ရလဒ်တစ်ခုပါပဲ လို့ သူက ပြောပါတယ်။