ရုရှားဟာ ခြောက်ပစ်ကင်း မဟုတ်ပေမယ့် ဒီအတွက်လည်း မရှက်ပါဘူးလို့ နိုင်ငံခြားရေးဝန်ကြီးပြော

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့တာ အချိန်အားဖြင့် ၄ လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ အဲဒီကာလအတွင်း အရပ်သူ အရပ်သား ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို မြို့တွေ ရွာတွေလည်း ပြာပုံအတိ ဖြစ်ခဲ့ရပြီး သန်းပေါင်းများစွာသော ယူကရိန်းပြည်သူတွေလည်း စစ်ဘေးက လွတ်ဖို့ နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်ကို ဘီဘီစီက တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ဘီဘီစီသတင်းထောက်ကို ကြည့်ပြီး အခြေအနေတွေက အများထင်သလို မဟုတ်ကြောင်း ပြောပါတယ်။
သူက ရုရှားက ယူကရိန်းကိုကျူးကျော်ခဲ့တာ မဟုတ်ဘူးလို့ ဖြေပါတယ်။ အထူးစစ်ဆင်ရေး တရပ်ဆင်နွှဲတာသာ ဖြစ်တယ်၊ နေတိုးအဖွဲ့ထဲကို ယူကရိန်းကို ဆွဲသွင်းတာဟာ ရာဇဝတ်မှု မြောက်တယ်ဆိုတာကို အနောက်အုပ်စု သိနားလည်အောင် ရှင်းပြဖို့က တခြားနည်းလမ်းလည်း မရှိဘူးလို့ သူက ဆိုပါတယ်။
ရုရှားရဲ့ ကျူးကျော်စစ် စတင်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နောက်ပိုင်းမှာ မစ္စတာ လက်ဗရော့ဗ်ဟာ အနောက်တိုင်း မီဒီယာတွေနဲ့ သိပ်ပြီး တွေ့ဆုံခဲ့တာမျိုး မရှိခဲ့ပါဘူး။
သူက ရုရှားရဲ့ အကြောင်းပြချက် တခုဖြစ်တဲ့ ယူကရိန်းမှာ နာဇီတွေ ရှိနေလို့ ဆိုတာကို ထပ်ပြောပါတယ်။ ရုရှား အရာရှိတွေ မကြာခဏ ပြောလေ့ရှိတာက ယူကရိန်းထဲက နာဇီတွေကို ရှင်းထုတ်ဖို့ ဝင်တိုက်တာသာ ဖြစ်တယ်ဆိုတာပါ။ ယူကရိန်း သမ္မတကိုယ်တိုင်က ဂျူးသွေးပါတာကြောင့် နာဇီဆိုတဲ့ စကားတွေသုံးနေတာကို ကာကွယ်ဖို့ မစ္စတာ လက်ဗရော့ဗ်က ဟစ်တလာဟာလည်း ဂျူးသွေးပါတာပဲ လို့ ပြောခဲ့တဲ့ နောက်မှာ ဝေဖန်ပြစ်တင်သံတွေ ညံသွားခဲ့ဖူးပါတယ်။
ကုလသမဂ္ဂ အရာရှိတယောက်ကို ကိုးကားပြီး ဘီဘီစီ သတင်းထောက်က Chernihiv ဒေသထဲက Yahidne ဆိုတဲ့ ရွာမှာ ရှိတဲ့ မသန်စွမ်းသူ ၅ ယောက်နဲ့ ကလေး ၇၄ ယောက် အပါအဝင် ဒေသခံ ၃၆၀ ကို ရုရှားတပ်တွေက ကျောင်းတကျောင်းရဲ့ မြေအောက်ခန်းထဲမှာ ၂၈ ရက် အတင်းအကြပ် နေခိုင်းခဲ့တာ၊ ရေနဲ့ မိလ္လာ စနစ်တွေ မရှိတဲ့ အတွက် အသက်ကြီးသူ ၁၀ ယောက် သေဆုံးခဲ့ရတယ်ဆိုတဲ့ အပေါ်မှာ ဒါဟာ နာဇီတွေကို တိုက်တာလားလို့ မေးခဲ့ပါတယ်။
မစ္စတာ လက်ဗရော့ဗ်က ဒါ အင်မတန် စိတ်မကောင်းစရာပါ။ ဒါပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ တခြား ကုလသမဂ္ဂ အရာရှိတွေ အပါအဝင် နိုင်ငံတကာက သံတမန်တွေကို အနောက်အုပ်စုက ဖိအားတွေ ပေးနေကြတယ်၊ မကြာခဏ ဆိုသလို အနောက်အုပ်စုရဲ့ လုပ်ကြံထားတဲ့ သတင်းမှားတွေကို သူတို့ကို သုံးပြီး ဖြန့်တာခံနေကြရတယ်လို့ တုံ့ပြန်ပါတယ်။
ရုရှားကိုယ်တိုင်ကလည်း ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါရုရှားပါ။ အဲဒီအတွက်လည်း မရှက်နေပါဘူးလို့ သူက ဆိုပါတယ်။

အသက် ၇၂ နှစ် ရှိပြီ ဖြစ်တဲ့ မစ္စတာ လက်ဗရော့ဗ်ဟာ ရုရှားကို နိုင်ငံတကာ အလယ်မှာ ကိုယ်စားပြုလာတာ ၁၈ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက သူ့ကိုရော သူ့သမီး ဖြစ်သူကိုပါ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားကြပါတယ်။
အမေရိကန် ပြည်ထောင်စုကလည်း သူဟာ လုံခြုံရေး ကောင်စီဝင် တနိုင်ငံကို ရုရှားက ကျူးကျော်တဲ့ ကိစ္စမှာ တာဝန်ခံရမှာ ဖြစ်ပေမယ့် ယူကရိန်းကိုပဲ ရန်လိုသူ အဖြစ် လုပ်ကြံ ပုံဖော်ပြောဆိုတာတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ယူကေနဲ့ ရုရှားရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ မေးရမှာတော့ ယူကေဟာ ရုရှားရဲ့ မိတ်ဆွေကောင်း မဆန်တဲ့ နိုင်ငံစာရင်းထဲမှာ တရားဝင် ပါနေပြီ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဆက်လက်ပြီး ဆက်ဆံရေး မကောင်းဘူးဆိုရင်တောင်မှ ဒီစကားက ဖုံးဖုံးဖိဖိ ပြောထားတာမျိုးသာ ဖြစ်မယ်လို့ သူက ဆိုပါတယ်။
သံတမန်ရေးနည်းလမ်းတွေနဲ့ ဆောင်ရွက်သွားဖို့က လုပ်စရာအကွက်တောင် မကျန်တော့ဘူးလို့ မစ္စတာ လက်ဗရော့ဗ်က ပြောပါတယ်။ အကြောင်းက ဗြိတိသျှ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး နှစ်ယောက်စလုံးက ရုရှားကို နိုင်အောင် တိုက်သင့်တယ်လို့ ပြောနေကြတယ်၊ ရုရှားကို ဒူးထောက်အညံ့ခံအောင် လုပ်ရမယ်လို့ ပြောနေကြတယ်လို့ သူကဆိုပါတယ်။ ဆက်လက်ပြီး ဒါဆိုရင်လည်း လုပ်ကြည့်လိုက်ပါလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ လ အတွင်းက ယူကေရဲ့ နိုင်ငံခြားရေး ဝန်ကြီးက ရုရှားသမ္မတ ပူတင်ဟာ ကမ္ဘာ့စင်မြင့်မှာ သူ့ အရှက်သူခွဲနေတာ၊ ယူကရိန်းမှာ သူအရှုံးနဲ့ ရင်ဆိုင်သွားအောင်ကို လုပ်သွားရမယ်လို့ ပြောခဲ့ပါသေးတယ်။
ယူကေအပေါ် သူ့အမြင်နဲ့ ပတ်သက်လို့ မေးရာမှာတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားထက် နိုင်ငံရေး ရည်မှန်းချက်တွေကိုပဲ ဦးစားပေးနေကြပြန်ပြီလို့ ပြောပါတယ်။
ယူကရိန်း အရှေ့ဖျားက ရုရှားယိမ်းတဲ့ ခွဲထွက်ရေးသမားတွေ သိမ်းပိုက်ထားတဲ့ နယ်ထဲမှာ ဗြိတိသျှလူမျိုး ၂ ယောက်ကို သေဒဏ်ချမှတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ဘီဘီစီ သတင်းထောက်က မေးမြန်းခဲ့ပါတယ်။
အနောက်နိုင်ငံတွေက ဒီကိစ္စအတွက် ရုရှားမှာ တာဝန်ရှိတယ်လို့ ရှုမြင်ကြောင်း ပြောရာမှာ သူက အနောက်နိုင်ငံတွေက ဘယ်လို သဘောထားထား သူစိတ်မဝင်စားဘူး၊ နိုင်ငံတကာ ဥပဒေတွေကိုပဲ စိတ်ဝင်စားတယ်၊ နိုင်ငံတကာ ဥပဒေတွေမှာ ကြေးစားစစ်သားတွေကို နိုင်ငံတနိုင်ငံအတွက် တိုက်ပွဲဝင် စစ်သည်တွေအဖြစ် သတ်မှတ်မထားဘူးလို့ ဆိုပါတယ်။
ဆက်လက်ပြီး ယူကရိန်း အရှေ့ဖျားက ခွဲထွက်ရေး ဒေသတွေက ပြည်သူတွေကြုံနေရတဲ့ အဖြစ်တွေကိုတော့ ဘီဘီစီ မတင်ပြပေးဘူးလို့ စွပ်စွဲပါတယ်။ သူက အဲဒီဒေသတွေမှာ ယူကရိန်း တပ်ဖွဲ့တွေက ၈ နှစ်လောက် ဗုံးမိုးရွာနေခဲ့တာလို့ ဆိုပါတယ်။
ဘီဘီစီ သတင်းထောက်ကလည်း အဲဒီ ခွဲထွက်ရေး ဒေသတွေက အခြေအနေတွေကို သိရဖို့ ဒေသတွင်း ခေါင်းဆောင်ပိုင်းကို ဆက်သွယ်ပြီး လာရောက်ခွင့်အကြိမ်ကြိမ် တောင်းခံခဲ့ကြောင်း၊ ဒါပေမယ့်အကြိမ်တိုင်း အငြင်းခံခဲ့ရကြောင်း ပြန်ပြောခဲ့ပါတယ်။
ရုရှားက ယူကရိန်းဟာ ဂျဲန်နိုဆိုက်ဒ် ခေါ် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ က ခွဲထွက်ရေး သူပုန်တွေ လက်ထဲက ဒေသတွေမှာ အရပ်ပြည်သူ ၈ ယောက် အသတ်ခံခဲ့ရပြီး အဲဒီမတိုင်ခင် နှစ်ကလည်း ၇ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ရုရှားယိမ်း ခွဲထွက်ရေး ဒေသရဲ့ အရာရှိတွေက ပြောကြပါတယ်။ ဘီဘီစီ သတင်းထောက် လူ့အသက် တချောင်း ဆုံးရှုံးရင်တောင် အင်မတန် ဝမ်းနည်းစရာ ဖြစ်တယ်လို့ ဆိုနိုင်ပေမယ့် အခုကိစ္စက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုထဲ ပါတယ်လို့ ပြောလို့ မရကြောင်း ပြောခဲ့ပါတယ်။
တကယ်လို့သာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့ရင် အဲဒီ လူဟန့်စ်ခ်နဲ့ ဒေါညက်စ် ဒေသတွေက ခွဲထွက်ရေး သမားတွေက သတင်းသမားတွေကို ဝင်ရောက်သတင်းယူစေဖို့ စိတ်ဝင်စားခဲ့ကြမှာပါ၊ ဒါပေမယ့် ပေးမှ မဝင်ခဲ့တာလို့ ဘီဘီစီ သတင်းထောက်က ပြောရမှာတော့ မစ္စတာ လက်ဗရော့ဗ်က သူ မသိဘူး လို့သာ ပြန်ဖြေသွားခဲ့ပါတယ်။
အဲဒီ ဘီဘီစီသတင်းထောက်နဲ့ ရုရှားနိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံ မေးမြန်းခန်းမှာ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ပြောခဲ့တဲ့တချို့ အကြောင်းအရာတွေကို ဘီဘီစီရဲ့ အချက်အလက် စိစစ်ရေး အဖွဲ့က လေ့လာ စိစစ်ခဲ့ကြပါတယ်။
ယူကရိန်းကိုနေတိုးအဖွဲ့ထဲ ဆွဲသွင်းတာ ရာဇဝတ်မှုလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်မဟုတ်ပေမယ့် နေတိုးထဲ ဝင်လိုကြောင်း ပြောခဲ့ဖူးပါတယ်။ အဲဒီလို ဝင်ရောက်ဖို့ အချိန်ကာလ သတ်မှတ်ထားတာမျိုးတော့ မရှိပါဘူး။
မစ္စတာ လက်ဗရော့ဗ်က နေတိုးထဲ ယူကရိန်းကို ဆွဲသွင်းနေလို့ ဒါကို တားဖို့ ယူကရိန်းကို ဝင်တိုက်တာလို့ ဆိုပါတယ်။
တကယ်လို့သာ ယူကရိန်းဟာ နေတိုးအဖွဲ့ဝင် ဖြစ်နေခဲ့မယ်ဆိုရင် အခုလို ရုရှားဖြစ်ဖြစ် တခြားဘယ်နိုင်ငံကပဲ ဖြစ်ဖြစ် ဝင်ရောက်တိုက်ခိုက်လာရင် ဒီစစ်ရေး မဟာမိတ် နိုင်ငံတွေက ဝင်ရောက် ကာကွယ်ကြမှာ ဖြစ်ပါတယ်။
နေတိုးဘက်က ယူကရိန်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်လာခဲ့တာကတော့ ၂၀၁၄ ကတည်းက ဖြစ်ပေမယ့် တပ်ဖွဲ့တွေ ချထားတာမျိုးတော့ မရှိပါဘူး။
ခရိုင်းမီးယား ဒေသကို ယူကရိန်းထဲက ရုရှားက ဖဲ့ထုတ်သွားခဲ့တဲ့ နောက်ပိုင်းမှာ နေတိုး အဖွဲ့ဝင်နိုင်ငံတွေဘက်က ယူကရိန်းကို စစ်လက်ပစ္စည်းတွေနဲ့ လေ့ကျင့်ရေးအပိုင်းတွေမှာ အကူအညီတွေ ပေးကြပါတယ်။ နောက် ပြည်ပက စစ်ရေး လေ့ကျင့်ပေးသူ တွေတော့ ယူကရိန်းထဲမှာ လာရောက် လေ့ကျင့်ပေးတာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ အတွင်းကလည်း ယူကရိန်း သမ္မတ ဇလန်းစကီးက ယူကရိန်းဟာ နေတိုး အဖွဲ့ဝင်မဟုတ်ဘူး။ ဒါကို ရှင်းရှင်းလင်းလင်း နားလည်ထားရမယ်လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း နေတိုးအဖွဲ့က အရှေ့ဥရောပက သူတို့ အဖွဲ့ဝင် နိုင်ငံတွေမှာ တပ်ဖွဲ့တွေ ထပ်တိုးချထားခဲ့ကြပါတယ်။
၂၀၁၄ နောက်ပိုင်းမှာ အရှေ့ဥရောပမှာ တပ်တွေ တိုးချထားကြောင်း၊ ဘောလ်တစ် နိုင်ငံတွေနဲ့ ပိုလန်မှာ တပ်တော်စု ၄ ခု ချထားပြီး လူအင်အား ၅၀၀၀ ရှိကြောင်း ပြောပါတယ်။
နေတိုးက ခရိုင်းမီးယားကို ရုရှားက တရားမဝင် ဖဲ့ယူမသွားခင်ကအထိ အရှေ့ဥရောပက နေတိုး အဖွဲ့ဝင်တွေမှာ နေတိုး မဟာမိတ် တပ်ဖွဲ့တွေ မရှိခဲ့ပါဘူးလို့ ဆိုပါတယ်။ အရှေ့ဥရောပမှာ နေတိုးရဲ့ စစ်ရေး လှုပ်ရှားမှုတွေဟာလည်း ရုရှားက ဖေဖော်ဝါရီ လကုန်ပိုင်း ယူကရိန်းကို မကျူးကျော်ခင် အထိ သီတင်းပတ်များစွာ ယူကရိန်းနယ်စပ်မှာ တပ်တွေ စုခဲ့တာကြောင့် တုံ့ပြန်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
တချိန်မှာဆို ရုရှားတပ်တွေဟာ အင်အား ၁၀၀၀၀၀ ကနေ ၁၉၀၀၀၀ လောက်အထိ ရှိနေခဲ့မယ်လို့ ခန့်မှန်းရပါတယ်။
ယူကရိန်းကို ကျူးကျော်တာမဟုတ် အထူးစစ်ဆင်ရေး ဆင်နွှဲတာဖြစ်
ဖေဖော်ဝါရီလ ၂၄ ရက်မှာ ရုရှားတပ်တွေဟာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီး ဝင်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။ နိုင်ငံအနှံ့အပြားက နေရာတော်တော်များများကို ပစ်မှတ်ထားခဲ့ကြတာ ဖြစ်ပါတယ်။
ဘီဘီစီ အပါအဝင် သတင်းဌာန အတော်များများက ဒါဟာ ကျူးကျော်စစ်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
မတ်လ အစောပိုင်းမှာပဲ ရုရှားက သူတို့ စစ်တပ်အပေါ် မဟုတ်မမှန်လုပ်ကြံ ပြောဆိုလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမယ်လို့ ဥပဒေတရပ် ထုတ်ပြန်ခဲ့ပါတယ်။
တကယ်တမ်းမှာက ယူကရိန်းကျူးကျော်စစ်နဲ့ ပတ်သက်လို့ ရုရှားရဲ့ အာဘော်အတိုင်း မသွားတဲ့ လူတွေကို အရေးယူအပြစ်ပေးတာပဲ ဖြစ်ပါတယ်။
ရုရှားထဲက မီဒီယာတွေဆိုရင်လည်း စစ်ဆိုတဲ့ စကားလုံးနဲ့ ကျူးကျော်စစ် ဆိုတဲ့ စကားလုံးတွေ မသုံးဖို့ ပိတ်ပင်ခံရပါတယ်။ အဲဒီစကားလုံးတွေအစား အထူး စစ်ဆင်ရေး ဆိုတဲ့စကားလုံးကို သုံးခိုင်းပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နိုင်ငံတကာ ဥပဒေအရ ကြေးစားစစ်သားတွေဟာ နိုင်ငံတနိုင်ငံအတွက် တိုက်ပွဲဝင်စစ်သည်မဟုတ်
စစ်နဲ့ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ ဂျနီဗာ ကွန်ဗင်းရှင်းထဲမှာ စစ်သုံ့ပန်းတွေအတွက် ကင်းလွတ်ခွင့် တွေ ပေးပြီးကာကွယ်ပေး ထားတာ ရှိပါတယ်။
သမားရိုးကျ စစ်တပ်တခုရဲ့ တပ်ဖွဲ့ဝင်မဟုတ်ဘဲ ပြည်ပက လာရောက်တဲ့ အခကြေးငွေပေးပြီး ခေါ်ထားတဲ့ တိုက်ခိုက်ရေးသမား တနည်းအားဖြင့် ကြေးစားစစ်သားတွေကိုတော့ ဒီဥပဒေက ကာကွယ်ပေးမထားပါဘူး။
မစ္စတာ လက်ဗရော့ဗ်က ယူကရိန်း အရှေ့ဖျားက ရုရှားယိမ်းသမားတွေရဲ့ တရားရုံးက သေဒဏ်ပေးခဲ့တဲ့ ဗြိတိသျှ လူမျိုး နှစ်ဦးကို ကြေစားတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲဒီလူ နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက ယူကရိန်းမှာ နေထိုင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်း စစ်တပ်မှာ ကာလအတိုင်းအတာ တခုအထိ တာဝန်ထမ်းဆောင်နေခဲ့ကြတာ ဖြစ်တယ်လို့ သူတို့ မိသားစုတွေက ပြောကြပါတယ်။ ဒါကြောင့် ဒီလူတွေကို ဥပဒေအရ အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။
နိုင်ငံတနိုင်ငံရဲ့ စစ်တပ် တခုမှာ လာရောက် အမှုထမ်းနေတဲ့ ပြည်ပ နိုင်ငံသားတွေ စစ်အတွင်းမှာ ဖမ်းဆီးခံခဲ့ရမယ်ဆိုရင် စစ်သုံ့ပန်းဆိုင်ရာ အခွင့်အရေးတွေ အပြည့်အဝ ရရှိရမှာ ဖြစ်ပါတယ်။








