အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ကျုးလွန်မှု လူအများ အမျက်ဒေါသထွက်

ဓာတ်ပုံ ရင်းမြစ်, Weibo
တရုတ်နိုင်ငံ တန်ရှန်းမြို့က စားသောက်ဆိုင်တဆိုင်မှာ အမျိုးသမီးတွေကို အမျိုးသား အဖွဲ့တဖွဲ့က ကိုယ်ထိလက်ရောက် ပြင်းပြင်းထန်ထန် ထိုးနှက်ခဲ့တဲ့ ဗီဒီယိုဖိုင်တခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံသွားပြီးတဲ့နောက်ပိုင်း ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ လူ ၉ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဖြစ်ရပ်ဟာ လူမှုကွန်ရက်ပေါ်မှာ လူအများရဲ့ အမျက်ဒေါသထွက်မှုတွေနဲ့ ကြုံခဲ့ရပြီး တရုတ်နိုင်ငံတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုံမှုတွေ တကျော့ပြန် ပြန်လည် ပေါ်ပေါက်လာခဲ့ပါတယ်။
စားသောက်ဆိုင်တဆိုင်မှာ အမျိုးသမီးတဦးရဲ့ ကျောပေါ်ကို အမျိုးသားတဦးက လက်ရောက်ခဲ့ပြီး အဲဒီအမျိုးသမီးက သူ့ကို တွန်းထုတ်လိုက်ရာကနေ ဒီဖြစ်စဥ် စဖြစ်ခဲ့တာပါ။
တခြားသူတွေက အဲဒီအမျိုးသမီးကို အပြင်ဘက် တရွတ်တိုက် ဆွဲခေါ်မသွားခင် အဲဒီအမျိုးသားက သူ့ကို ထိုးကြိတ်ခဲ့သလို ကြမ်းပြင်ပေါ်ကို လဲကျသွားချိန်မှာလည်း ဆက်ပြီး ထိုးနှက်ခဲ့ပါတယ်။
အဲဒီအမျိုးသမီးနဲ့အတူ စားသောက်နေတဲ့သူတွေကိုလည်း အဲဒီအမျိုးသားအဖွဲ့က တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။
ဒီဖြစ်ရပ်ကြောင့် အမျိုးသမီးနှစ်ဦး ဆေးရုံတင်ခဲ့ရပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ မကျရောက်ခဲ့ပဲ ပြန်လည် သက်သာလာခဲ့ပါတယ်။ နောက်ထပ်နှစ်ဦးလည်း ဒဏ်ရာအနာတရ အနည်းငယ်ပဲ ရခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံ မြောက်ပိုင်း ဟာဗေးပြည်နယ် တန်ရှန်းမြို့ ရဲတပ်ဖွဲ့ကတော့ ပြဿနာ မီးခွက်ထွန်း ရှာမှု၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေနဲ့ ဆက်စပ်လို့ သံသယဖြစ်ဖွယ် လူ ၉ ဦးကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်ပေါ်မှာလည်း ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုတွေက စနေနေ့ တနေ့လုံး လွှမ်းမိုးခဲ့ပြီး ၀ီဘို လူမှုကွန်ရက်စာမျက်နှာရဲ့ ဆွေးနွေးမှု အများဆုံး ထိပ်ဆုံး အကြောင်းအရာ ၆ ခုထဲမှာ ပါခဲ့ပါတယ်။
သံသယဖြစ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ကိုလည်း နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ တောင်းဆိုထားပါတယ်။
“ဒီလိုမျိုးဖြစ်စဥ်တွေ ငါ့ဆီမှာလည်း ဖြစ်လာနိုင်တယ်။ ငါတို့အားလုံးလည်း အဲဒီလိုမျိုးတွေ ကြုံရနိုင်တယ်” လို့ ဆိုထားတဲ့ ထောက်ပြဝေဖန်သူတဦးရဲ့ ပို့စ်ကို နှစ်ခြိုက်သူပေါင်း ၁၀၀, ၀၀၀ ကျော် ရှိခဲ့ပါတယ်။
“၂၀၂၂ ခုနှစ်အထိ ဒီလိုဖြစ်ရပ် ဘာလို့ ဆက်ဖြစ်နေသေးတာလဲ” လို့ မေးခွန်းထုတ်ထားသူလည်း ရှိပါတယ်။
“ သူတို့တွေကို ရာဇ၀တ်မှု ပြစ်ဒဏ်တွေပေးပါ၊ တယောက်မှ လွှတ်မပေးနဲ့” လို့ တုံ့ပြန်သူတွေလည်း ရှိပါတယ်။
အကြမ်းဖက်လုပ်ရပ် နမူနာ ဖြစ်ရပ်တခုအဖြစ် ဒီတိုက်ခိုက်မှုကို အမှုဆင်ခဲ့တာလို့ ပြောဆိုမှုတွေကို Wechat ပေါ်က လူအများမျှ၀ေနေကြတဲ့ ပို့စ်တခုက ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။
“အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ များပြားတဲ့ အသိုင်းအဝိုင်းတခုအတွင်းမှာ အခုလိုမျိုး ဖြစ်ခဲ့တာ”လို့ အမည်မသိ ပို့စ်တင်သူတဦးက မှတ်ချက်ပြုပါတယ်။
“လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှု၊ မတူကွဲပြားမှု ရှု့ထောင်ကို မျက်ကွယ်ပြုထားပြီး ဖိနှိပ်ထားတာဟာ အမျိုးသမီးတွေ၊ လူတွေ ကြုံတွေ့ရတဲ့ အကြမ်းဖက်မှုကို ငြင်းဆန်တာ ဖြစ်တယ်” လို့လည်း ဆိုပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ များတဲ့ တရုတ်နိုင်ငံ
ကယ်ရီ အလန်
တရုတ်နိုင်ငံဆိုင်ရာ မီဒီယာအရေး လေ့လာသုံးသပ်သူ
အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ တရုတ်နိုင်ငံမှာ ကြောက်ခမန်းလိလိကို ဖြစ်ပျက်နေပါတယ်။
ပြီးခဲ့တဲ့ ဆယ်နှစ် ကျွန်မ တရုတ်နိုင်ငံမှာ နေခဲ့တုန်းကဆို အမျိုးသားတွေဟာ သူတို့ရဲ့ လက်တွဲဖော်တွေကို နေ့ခင်းကြောင်တောင်ကြီးမှာတောင် ကိုယ်ထိလက်ရောက် စော်ကားကြတဲ့ ဖြစ်စဥ်တွေ အများကြီး ကျွန်မကိုယ်တိုင် မျက်စိနဲ့တပ်အပ် တွေ့မြင်ခဲ့ရပါတယ်။
ဘေးကနေ လက်ပိုက်ကြည့်နေတဲ့ အဖွဲ့တွေကိုလည်း အမြဲတမ်းလိုလို တွေ့ရပါတယ်။
ဒီလိုမျိုးဖြစ်ရပ်တွေဟာ လက်တွဲဖော်နှစ်ယောက်ကြား ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖြစ်ရပ်တခုလို အများအပြားက သမိုင်းတလျှောက် ရှုမြင်ခဲ့ကြတာပါ။
တချို့ဆို သူတို့ ပါ၀င် ပတ်သက်ရမှာ စိုးရိမ်ကြတယ်။ အကြောင်းကတော့ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုကြောင့် ဒါမှမဟုတ် ရာဇ၀တ်မှုထဲ သူတို့ငြိစွန်းသွားမှာ ကြောက်လန့်နေကြတာပါ။
တရားဥပဒေအရ အပြစ်ပေးအရေးယူနိုင်မယ့် အိမ်တွင်းအကြမ်းဖက်မှု ဥပဒေကို ၂ဝ၁၆ ခုနှစ်ကျမှ တရုတ်နိုင်ငံက ပြဌာန်းခဲ့ပါတယ်။
၂ဝဝ၁ ခုနှစ်မတိုင်ခင်အထိ ကိုယ်ထိလက်ရောက် ညှဥ်းပန်းနှိပ်စက်မှုဟာ အိမ်ထောင်ကွဲမှုအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တောင် မဟုတ်ပါဘူး။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ တရားစွဲဆိုမှုတွေ ပိုမိုများပြားလာတယ်ဆိုပေမယ့် ဆင်နာဝီဘိုလို လူမှုကွန်ရက်ပေါ်က ပြောဆိုမှုတွေကတော့ မျှော်လင့်ချက် ကုန်စရာပါ။
ဒီလိုမျိုးဖြစ်စဥ်ရဲ့ နောက်ဆုံးရလဒ်က ပြစ်ဒဏ်သေးသေးလေးပဲ ချမှတ်ခံရတာ ဒါမှမဟုတ် ငွေဒဏ်အနည်းငယ်ပဲ ကောက်ခံခံရတာ ဖြစ်လိမ့်မယ်လို့ အများအပြားက ယူဆနေကြပါတယ်။
လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှု ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို တိုင်ကြားခဲ့တဲ့ အမျိုးသမီးတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အမှုနိုင်ခဲ့သူ အနည်းငယ်ပဲ ရှိပါတယ်။
တိုင်တန်းမှုကို အထောက်အကူပြုမယ့် ဓာတ်ပုံ ဗီဒီယိုမှတ်တမ်း မရှိမချင်း ကျူးလွန်ခံရသူတွေဘက်က ရပ်တည်ခဲ့တဲ့ အမှု အနည်းငယ်သာ ရှိခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံတွင်းမှာ ဆက်တိုက် လော့ခ်ဒေါင်းချ သတ်မှတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ နှစ်ကျော် ကာလအတွင်း အိမ်တွင်းအကြမ်းဖက်မှုတွေ၊ အိမ်တွင်း တိုက်ခိုက်မှုတွေ ပိုမို ဆိုးဝါးလာခဲ့ပါတယ်။








