ဂျွန်နီဒပ်ဖ်အမှု - အိမ်တွင်းအကြမ်းဖက်မှုခံရသူတွေအတွက် အဟန့်အတားဖြစ်စေသလား

မင်းသမီး အမ်ဘာ ဟာ့ဒ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မင်းသမီး အမ်ဘာ ဟာ့ဒ်

လက်တွဲဖော် ဇနီးမောင်နှံနှစ်ဦးကြား ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု စွပ်စွဲချက်တွေ ပါဝင်တဲ့ မင်းသားကြီး ဂျွန်နီဒပ်ဖ်နဲ့ အသရေဖျက်မှု တရားတဘောင် ရင်ဆိုင်ရချိန်မှာ မင်းသမီး အမ်ဘာဟာ့ဒ်ဟာ အွန်လိုင်းပေါ်မှာ ဝေဖန်တိုက်ခိုက်မှု မျိုးစုံခံခဲ့ရပါတယ်။

၂၀၁၈ ခုနှစ်က အတွေးအမြင်ဆောင်းပါးတခုမှာ မင်းသမီး အမ်ဘာဟာ့ဒ်က မစ္စတာ ဒပ်ဖ်ကို နာမည်တပ်ပြောဆိုခဲ့ခြင်းမရှိပေမယ့် သူဟာ အိမ်တွင်းအကြမ်းဖက်မှုခံနေရတဲ့ လူသိရှင်ကြား ပုဂ္ဂိုလ်တဦးလို့ ကိုယ့်ကိုယ်ကိုယ် ရည်ညွန်းပြောဆိုခဲ့တာဟာ မင်းသား ဂျွန်နီဒပ်ကို အသေရေဖျက်တာ ဖြစ်တယ်လို့ ဗာဂျီးနီးယားတရားရုံးက တွေ့ရှိခဲ့ပါတယ်။

မစ္စ ဟာ့ဒ်ရဲ့ ပြန်လည်ခုခံချက်ကို ဂျူရီတရားသူကြီး ၇ ဦးက ပယ်ချခဲ့ပြီး လက်ရှိတရားခွင် အသုံးစရိတ်အတွက် နစ်နာကြေး ဒေါ်လာ ၂ သန်း ပေးအပ်ခဲ့သလို ဂုဏ်သရေ ညှိုးနွမ်းမှုကြောင့် သူ့ရဲ့ ခင်ပွန်းဟောင်း မစ္စတာ ဒပ်ကိုတော့ ဒေါ်လာ ၁၀ သန်းကျော် ပေးအပ်စေခဲ့ပါတယ်။

တရားသူကြီးတွေရဲ့ စီရင်ချက်ဟာ ဥပဒေ ပညာရှင်တချို့ကို အံ့အားသင့်စေခဲ့ပါတယ်။

အထူးသဖြင့် ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ယူကေမှာ အလားတူ အမှုမျိုး ရင်ဆိုင်ရချိန်မှာ မစ္စတာ ဒပ်ဖ် ရှုံးနိမ့်ခဲ့မှုကို လိုက်ခဲ့တဲ့ ဥပဒေပညာရှင်တွေက ပိုပြီး အံ့အားသင့်ခဲ့ပါတယ်။

မစ္စ ဟာ့ဒ်အတွက်လည်း ဒါဟာ သူ့ရဲ့ သက်သေထွက်ဆိုချက်အားလုံးနီးပါးကို ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။

အတူတွဲခဲ့တဲ့ ၅ နှစ် သက်တမ်းတလျှောက် မစ္စတာ ဒပ်ဖ်ဟာ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဥ်းပန်းနှိပ်စက်မှုတွေ လုပ်ခဲ့တယ်လို့ဆိုတဲ့ ဇနီးဟောင်း မစ္စ ဟာ့ဒ်ရဲ့ စွပ်စွဲချက်တွေကို အသက် ၅၈ နှစ်အရွယ် မစ္စတာ ဒပ်ဖ်က အပြင်းအထန် ငြင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တရားရုံးဟာ မစ္စတာ ဒပ်ဖ်ဘက်က ရပ်တည်ခဲ့ပြီး ဒီစွပ်စွဲချက်တွေဟာ မှားယွင်းတယ်လို့ အမိန့်ချလိုက်ပါတယ်။

ဒီအမိန့်ကြောင့် သူ အင်မတန် စိတ်ထိခိုက်ကြေကွဲရတယ်လို့ အသက် ၃၆ နှစ်အရွယ် မစ္စ ဟာ့ဒ်က ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

သူ့ရဲ့အဖွဲ့ကတော့ အယူခံ၀င်သွားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လူအများရဲ့ သုံးသပ်ချက် တရားခွင်မှာတော့ မစ္စ ဟာ့ဒ်ဟာ အမှုရှုံးသွားပြီ ဖြစ်ပါတယ်။

တရားသူကြီးတွေရဲ့ စီရင်ချက်မတိုင်ခင် ပြီးခဲ့တဲ့ သီတင်း ၆ ပတ်ကျော် အမှုရင်ဆိုင်ကတည်းက မစ္စ ဟာ့ဒ်က လိမ်နေတယ်လို့ အွန်လိုင်းပေါ်က လူထုသဘောထား ကောက်ခံမှုမှာ တွေ့ရပါတယ်။

မစ္စ ဟာ့ဒ်ရဲ့ သက်သေထွက်ဆိုချက်တွေကိုလည်း အကြီးအကျယ် ပျက်ရယ်ပြုခဲ့ကြပြီး လူမှုပတ်၀န်းကျင်နဲ့ ကင်းကွာနေသူ၊ ကိုယ်ချင်းစာစိတ်ကင်းသူလို့ သူ့ကို ခေါ်ဝေါ်သုံးစွဲတဲ့ hashtag တွေလည်း တွစ်တာလူမှုကွန်ရက်မှာ ရေပန်းစားခဲ့ပါတယ်။

မကြာခင်ထွက်ရှိမယ့် Aquaman 2 ရုပ်ရှင်ကနေလည်း သူ့ကို ထုတ်ပေးဖို့ မေတ္တာရပ်ခံချက်မှာ လက်မှတ်ပေါင်း ၄.၄ သန်းကျော် ရရှိခဲ့ပါတယ်။

TikTok ပေါ်မှာလည်း သမီးရည်းစားအတွဲတွေက ဒါတွေဟာ လုပ်ကြံပြောဆိုနေတယ်ဆိုတာကို ပြသဖို့ ကြိုးစားတဲ့အနေနဲ့ တရားခွင်မှာ မစ္စဟာ့ဒ် စွပ်စွဲတဲ့ အကြမ်းဖက်မှု လုပ်ရပ်တွေကို ဂရမ်ဖစ်နည်းပညာနဲ့ သဏ္ဌာန်လုပ် သရုပ်ဆောင်ခဲ့ကြပါတယ်။

“ဒီအမှုဟာ မစ္စ ဟာ့ဒ်ဆီကို ဝေဖန်တိုက်ခိုက်မှု အများအပြား ရှိစေခဲ့သလားဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း နားလည်ဖို့ လိုအပ်လိမ့်မယ်”လို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျွမ်းကျင်ပညာရှင် လူမှုဗေဒ ပညာရှင် ဒေါက်တာ Nicole Bedera က ယူဆပါတယ်။

ကျွန်မတော့ အင်မတန် အံ့အားသင့်ရတယ်။

မစ္စ ဟာ့ဒ်အပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေဟာ တရားခွင် ပြင်ပမှာပါ သက်ရောက်မှုတွေ ရှိလာမှာကို မစ္စ Bedera လို အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

မစ္စ ဟာ့ဒ် ကြုံခဲ့ရတဲ့ အွန်လိုင်းပေါ်က ဝေဖန်တိုက်ခိုက်မှုတွေကြောင့် အိမ်တွင်းအကြမ်းဖက်မှု ကြုံခဲ့ရသူတွေတချို့ဟာ သူတို့ရဲ့ အဖြစ်အပျက်တွေကို ထုတ်ဖော်ပြောဆိုဖို့ အတားအဆီးတခုလို ဖြစ်မှာ၊ နှုတ်ဆိတ်သွားမှာကို အများက သတိပေးနေကြပါတယ်။

အမှုနိုင်သွားတဲ့ မင်းသားကြီး ဂျွန်နီ ဒပ်ဖ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမှုနိုင်သွားတဲ့ မင်းသားကြီး ဂျွန်နီ ဒပ်ဖ်

“တရားခွင်မှာ သူတို့ရဲ့ အဖြစ်အပျက်တွေကို တွေ့မြင်နိုင်တဲ့ အိမ်တွင်းအကြမ်းဖက်မှုကနေ လွတ်မြောက်လာသူ အများပြား ရှိပါတယ်။ ဒီကိစ္စက သူတို့တွေအပေါ်မှာလည်း ထိခိုက်လာလိမ့်မယ်” လို့ မစ္စ Bedera က ပြောပါတယ်။

“နောက်အနာဂတ်မှာ အိမ်တွင်းအကြမ်းဖက်မှု ခံရသူ အများအပြားက ထုတ်ဖော်ပြောဆိုဖို့ စိုးထိတ်လာကြလိမ့်မယ်လို့လည်း ကျွန်မ ထင်တယ်” လို့လည်း သူက ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းကို သတင်းမပို့ပဲ နှုတ်ဆိတ်ခဲ့တာ ကာလအတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်မှာ အိမ်တွင်းအကြမ်းဖက်မှု ကြုံခဲ့ရသူ ငါးယောက်မှာ နှစ်ယောက်လောက်ဟာ ရဲကို သတင်းပို့ခဲ့တယ်လို့ တရားရေးဌာနရဲ့ အခုနောက်ဆုံး စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အတူနေ ကြင်ရာဖက်ရဲ့ အကြမ်းဖက်မှုကို ခံခဲ့ရသူတွေ ထုတ်ဖော်ပြောဆိုတာကလည်း ၄၀ % ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

“အိမ်တွင်းအကြမ်းဖက်မှုကနေ လွတ်မြောက်လာသူတွေဟာ ထုတ်ဖော်မပြောဆိုဖို့ ဆုံးဖြတ်တဲ့အခါမှာ သေသေချာချာ စဥ်းစားချင့်ချိန်ကြတယ်ဆိုတာ အထင်းသား မြင်ရတယ်။ ကုန်ကျစရိတ်၊ အကျိုးအမြတ်တွေကို သေချာ ထည့်တွက်ကြသလို တခါတလေမှာ မတိုင်ကြားတာဟာ သူတို့အတွက် ပိုကောင်းတယ်ဆိုတာကိုလည်း အဲဒီတွက်ဆမှုတွေက ပြသနေတယ်” လို့ ပြည်သူ့အခွင့်အရေး ရှေ့နေတဦးလည်းဖြစ် လိင်ပိုင်းဆိုင်ရာ တရားမျှတမှုအကြောင်း စာရေးသူတဦးလည်း ဖြစ်တဲ့ Alexandra Brodsky က ပြောပါတယ်။

အထိနာစေတဲ့ စုံစမ်းစစ်ဆေးမှုနဲ့ တရားခွင်ကို ကြောက်တာရယ်၊ အယုံအကြည်မခံရမှာ စိုးမှုတွေက အဲဒီချိန်ခွင်လျှာ ညှိမှုမှာ အတော်လေး အလေးသာတာ တွေ့ရပါတယ်။

မစ္စ ဟာ့ဒ်ရဲ့ တုန့်ပြန်မှုဟာ ဒီနှစ်ခုလုံးကို ပုံဖော်နေတယ်လို့ အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရတဲ့ အတွေ့အကြုံအကြောင်း ဘ၀မှတ်တမ်းရေးထားတဲ့ Goodbye Sweet Girl စာအုပ် ရေးသားသူလည်းဖြစ် Ashland တက္ကသိုလ်က ပါမောက္ခတဦးလည်းဖြစ်တဲ့ Kelly Sunberg က ပြောပါတယ်။

“လူအများအပြားဟာ သူတို့အနိုင်ကျင့်ခံရမှုတွေကို သူတို့ဘာသာ ကြိတ်ဖြေရှင်းကြတာ အကြောင်းအရင်းရှိတယ်” လို့လည်း ဆိုပါတယ်။

“တကယ်လို့ မစ္စ ဟာ့ဒ်နိုင်သွားခဲ့မယ်ဆိုရင်တောင် အိမ်တွင်းအကြမ်းဖက်မှုတွေကနေ လွတ်မြောက်လာသူတွေကို နှုတ်ဆိတ်စေမယ့် သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကြုံခဲ့ရသလို အယုံအကြည် ကင်းမဲ့ခံရမှာ၊ အပုပ်ချခံရမှာတွေကို ဘယ်သူမှ လိုချင်ကြမှာ မဟုတ်ဘူး”လို့လည်း မစ္စ Sunberg က ပြောပါတယ်။

“ကျွန်မ စာအုပ်မရေးခင် ဒီလိုမျိုး တုံ့ပြန်မှုမျိုးသာ တွေ့မြင်ခဲ့မယ်ဆိုရင် စာအုပ်ထုတ်ဖို့ ကျွန်မ စိတ်လုံခြုံမှာ မဟုတ်ဘူးလို့”လည်း သူက ဆိုပါတယ်။

“လူတွေက သူ့ကို စိတ်ပုံမမှန် မဟုတ်တဲ့သူ၊ လိမ်ညာပြောဆိုသူ၊ ရူးနေတာ၊ လူတွေကို လှည့်စားနေတာ၊ သူကြုံခဲ့ရတာတွေနဲ့ ထိုက်တန်တယ်လို့ လူတွေက သူ့ကို ပြောကြတာတွေဟာ ကြောက်ဖို့ သိပ်ကောင်းတယ်” လို့လည်း မစ္စ Bedera က ပြောပါတယ်။

ဂျန်နီဒပ်ဖ်နဲ့ အမ်ဘာဟာ့ဒ်

ဓာတ်ပုံ ရင်းမြစ်, Bedendan Smialowski

ဓာတ်ပုံ ပုံစာ, ဂျန်နီဒပ်ဖ်နဲ့ အမ်ဘာဟာ့ဒ်

အသက် တနှစ်အရွယ် သမီးလေးကို တယောက်တည်း ပြုစုပျိုးထောင်တဲ့ မိခင် မစ္စ ဟာ့ဒ်က သူ့အနေနဲ့ နေ့စဥ် မဟုတ်ရင်တောင် အသက်အန္တရာယ် ခြိမ်းခြောက်မှု ရာနဲ့ချီ အမြဲလိုလို ကြုံနေရတယ်လို့ တရားခွင် နောက်ဆုံး သီတင်းပတ်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“လူတွေက ကျွန်မကို သတ်ချင်ကြသတဲ့။ သူတို့ နေ့တိုင်း အဲလိုပဲ ပြောကြတယ်။ ကျွန်မကလေးကို အပူပေးစက်ထဲကို ထည့်ချင်ကြတယ်လို့လည်း ပြောကြတယ်။ အင်မတန် စိတ်ထိခိုက် နာကျင်ရတယ်” လို့လည်း မစ္စ ဟာ့ဒ်က ပြောပါတယ်။

ဒါပေမဲ့ မစ္စ ဟာ့ဒ်ဟာ သူ့ရဲ့ လက်တွဲဖော်ဟောင်းကို မခံချင်အောင် ပြောပြီး အနိုင်ကျင့်နေတယ်လို့ ယူဆရတဲ့ အသံဖိုင်တွေကို တရားခွင်အတွင်းမှာ ကြားခဲ့ရပါတယ်။

အသံဖိုင်တခုမှာတော့ သူဟာ မစ္စတာ ဒပ်ဖ်ကို ဘေဘီလို့ ချစ်စနိုးမခေါ်ခင် ရိုက်လိုက်တယ်ဆိုတာကို မစ္စ ဟာ့ဒ်က ၀န်ခံခဲ့ပါတယ်။

“၂၀၁၆ ခုနှစ်မှာ တခြား အသံဖိုင်တခုမှာတော့ ကမ္ဘာကြီးကိုပြောလိုက်စမ်း ဂျွန်နီ။ ကျွန်တော် ဂျွန်နီဒပ်ဖ်ဟာ အိမ်တွင်းအကြမ်းဖက်မှုကို ခံနေရသူတဦးလို့ သူတို့ကို ပြောလိုက်စမ်းပါ”လို့ မစ္စ ဟာ့ဒ်က ပြောခဲ့ပါတယ်။

မစ္စ ဟာ့ဒ်ဟာ လိမ်ညာနေတာ၊ သူတို့ရဲ့ ဆက်ဆံရေးမှာ သူသာ တကယ် ကျူးလွန်သူ ဖြစ်တယ်ဆိုတဲ့အကြောင်း သက်သေအထောက်အထားတခုအဖြစ် ဒီအသံဖိုင်တွေကို လူမှုကွန်ရက်ပေါ်မှာ ပုံမှန်လိုလို မျှဝေ အသုံးပြုနေကြပါတယ်။

ဒါပေမဲ့ အဲဒီလို စေ့စေ့စပ်စပ် စိစစ်ခံရမှုမျိုးတော့ မစ္စတာ ဒပ်ဖ် ကြုံခဲ့ရပုံ မပေါ်ပါဘူး။

တရားရုံးဘက်ကတော့ မျက်မြင်သက်သေအများအပြားကို စစ်ဆေးခဲ့ပါတယ်။ အဲဒီထဲမှာ ပါတဲ့ မစ္စတာ ဒပ်ဖ်ရဲ့ ရည်းစားဟောင်း သရုပ်ဆောင် Ellen Barkin ကတော့ မစ္စတာ ဒပ်ဖ်ရဲ့ မူးယစ်ဆေးနဲ့ အရက်စွဲနေသူ တယောက်ဖြစ်ပြီး အကြမ်းဖက်မှုတွေကို ကျူးလွန်လိုစိတ်ရှိသူလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

အသံသွင်းထားတဲ့ အသံဖိုင်ထဲမှာတော့ မစ္စတာ ဒပ်ဖ်ဟာ မစ္စ ဟာ့ဒ်ကို ဆဲရေးတိုင်းထွာတာတွေ၊ ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်ပြောဆိုတာတွေကို တရားရုံးဘက်က ကြားခဲ့ရပါတယ်။

မစ္စ ဟာ့ဒ်ကို သေစေချင်တဲ့အကြောင်း ပြောဆိုထားတဲ့ မက်ဆေ့တွေကိုလည်း တရားခွင်မှာ တွေ့မြင်ခဲ့ရပါတယ်။

“ဒါဟာ လိုရာဆွဲ ကျင့်သုံးတဲ့ တရားမမျှတတဲ့ ကျင့်၀တ်တတခုဆိုတာ ရှင်းနေတာပဲ” လို့ မစ္စ Bedera က ပြောပါတယ်။

“ဂျွန်နီ ဒပ်ဖ်ဘက်ကလည်း ဆိုးဆိုးဝါးဝါးအကြောင်းအရာတွေ တကယ် ပြောခဲ့တယ်။ အမ်ဘာ ဟာ့ဒ်ကို သတ်ချင်တာ၊ မုဒိမ်းကျင့်ချင်တာလည်း သူ့စိတ်ထဲမှာ ရှိတာ မက်ဆေ့တွေမှာ တွေ့ရတယ်” လို့လည်း သူက ဆိုပါတယ်။

လူအများအပြားကတော့ ဒါက ဟာသတခုပါလို့ အမြန်အဆန်ပဲ ပြောကြတယ်။

အသရေဖျက်မှုနဲ့ အမှုဖွင့်ခဲ့တဲ့ မစ္စတာ ဒပ်ဖ် သုံးခဲ့တဲ့ ဥပဒေလမ်းကြောင်းကို အကြမ်းဖက်မှု ကျူးလွန်သူတွေဘက်က အသုံးပြုကြမှာကိုလည်း ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

“ဒီအမှုမှာ ပျောက်ဆုံးနေတာ တခုက နှိပ်စက်ညှဥ်းပန်းမှုအတွက် မစ္စ ဟာ့ဒ်က မစ္စတာ ဒပ်ဖ်ကို တရားစွဲတာ မဟုတ်ပါဘူး။

သူတင်မက အနိုင်ကျင့်ခံရမှုတွေကို ထုတ်ဖော်ပြောဆိုခဲ့မှုတွေအတွက် မစ္စ ဟာ့ဒ်ကို မစ္စတာ ဒပ်ဖ်ဘက်က တရားစွဲတာပါ” လို့ ပြည်သူ့အခွင့်အရေးရှေ့နေ Alexandra Brodsky က ပြောပါတယ်။

မစ္စ Brodksy ကတော့ ဒါဟာ တက္ကသိုလ်တက်နေတုန်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်နေတယ်လို့ စွပ်စွဲခံရတဲ့ လူငယ်အမျိုးသားတွေကို သူတို့ရဲ့ နာမည် အမည်းစက်မထင်အောင် ဘယ်လို လုပ်ရမလဲဆိုတာကို အကြံပေးကြတဲ့ PR အများပြည်သူဆက်ဆံရေး အကြံပေးတွေနဲ့ တရားသူကြီးတွေရဲ့ အိမ်တွင်းလုပ်ငန်းတခု ကြီးထွားလာမှု ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။

“အသရေဖျက်မှုနဲ့ တရားစွဲမလား ဒါမှမဟုတ် အနည်းဆုံးအဆင့် အဲဒီလို လုပ်မယ်လို့ ခြိမ်းခြောက်မလဲဆိုတာက ဒီကိစ္စမှာ အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်တယ်။ ဒီနည်းဗျူဟာ ပြန့်နေပြီဆိုတာလည်း မြင်ရတယ်” လို့လည်း သူဆိုပါတယ်။

ဒီအမှုမှာတော့ သီတင်း ၆ ပတ်ကြာ စစ်ဆေးပြီးတဲ့နောက် ၂၀၁၈ ခုနှစ်က Washington Post သတင်းစာမှာ ရေးသားခဲ့တဲ့ မစ္စ ဟာ့ဒ်ရဲ့ အတွေးအမြင်ဆောင်းပါးဟာ မစ္စတာဒပ်ဖ်ကို အသရေဖျက်တာ ဖြစ်တယ်လို့ ဂျူရီတရားသူကြီးတွေက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါဟာ နှိပ်စက်ညှဥ်းပန်းမှုတွေ မကျူးလွန်ပါဘူးလို့ဆိုတဲ့ မစ္စတာ ဒပ်ဖ်ရဲ့ ငြင်းဆန်မှုတွေဘက်က သက်သေထူလိုက်တာ ဖြစ်ပါတယ်။

“တရားသူကြီးအဖွဲ့က ကျွန်တော့်ဘ၀ကို ပြန်ပေးလိုက်တယ်”လို့ တရားခွင် စီရင်ချက်ပြီးတဲ့နောက် ထုတ်ပြန်ချက်မှာ မစ္စတာ ဒပ်ဖ်က ရေးသားထားပါတယ်။

ဂျူရီတွေရဲ့ အဆုံးအဖြတ် နားထောင်ဖို့ ရောက်လာတဲ့ အမ်ဘာဟာ့ဒ်နဲ့ သူ့ရှေ့နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျူရီတွေရဲ့ အဆုံးအဖြတ် နားထောင်ဖို့ ရောက်လာတဲ့ အမ်ဘာဟာ့ဒ်နဲ့ သူ့ရှေ့နေ

အသရေဖျက်မှုအတွက် နစ်နာကြေး တောင်းခံမှုတွေကို နည်းဗျူဟာတခုလို ပြစ်မှုကျူးလွန်သူတွေဘက်က အသုံးပြုလာကြတဲ့အခါ ဒီကိစ္စက စိုးရိမ်စရာ တခု ဖြစ်လာတယ်လို့လည်း မစ္စ Brodsky က ပြောပါတယ်။

“ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ တရားခွင် အဆုံးသတ်မှာတော့ မစ္စတာ ဒပ်ဖ်ဟာ အနည်းဆုံးအဆင့် တချို့သူတွေအတွက် သူရဲကောင်းတယောက် ဖြစ်လာတယ်။ ဒီလိုမျိုး လိုက်လုပ်ကြမှာကိုလည်း တကယ် စိုးရိမ်မိတယ်” လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာပဲ ဒီလိုမျိုး ကိစ္စတွေဟာ အိမ်တွင်းအကြမ်းဖက်မှုကနေ လွတ်မြောက်လာသူတွေအတွက် ယေဘုယျအားဖြင့် အဟန့်အတားတခုလို ဖြစ်လာနိုင်တယ် လို့လည်း မစ္စ Brodsky က ထောက်ပြပါတယ်။

“သူငယ်ချင်းတယောက်ယောက်၊ အတန်းဖော် ဒါမှမဟုတ် နာမည်ကျော် သရုပ်ဆောင်တဦး အသရေဖျက်မှုနဲ့ အမှုရင်ဆိုင်တာကိုတွေ့ရင် တချို့သူတွေဟာ သူတို့ ဒီကိစ္စကို မဖြေရှင်းချင်ဘူးလို့ ပြောလာလိမ့်မယ်”။