ယူကရိန်းစစ် - နာမည်ကျော်သူတွေရဲ့ ပုံတွေခိုးယူပြီး ဗလာဒီမီယာ ပူတင်ကို ထောက်ခံနေကြ

ဓာတ်ပုံ ရင်းမြစ်, ER Yamini
- ရေးသားသူ, ဂျူလီယာနာ ဂရက်နန်နီ၊ မက်ဟာဗီ အရိုရာ၊ ဆာရပ်ဂျ် အလီ
- ရာထူးတာဝန်, World Service Disinformation Team
အင်စတာဂရမ် (Instagram) နဲ့ ယူကျု (YouTube) တို့ကတဆင့် သူ့ပရိသတ်ကြီးနဲ့ အမြဲအဆက်မပြတ် ရှိနေတဲ့ အိန္ဒိယက လူမှုမီဒီယာ အကျော်အမော် အီးအာ ရာမီနီဟာ သူ့ဘဝမှာ တွစ်တာကနေ တွိတခါမှ မလုပ်ဖူးပါဘူး။
ဒါပေမယ့် မတ်လ အစောပိုင်းက နေ့တနေ့မှာ သူ့ပုံကို သုံးထားတဲ့ တွစ်တာ အကောင့်တခုကနေ "#ပူတင်နဲ့အတူရပ်တည်တယ်၊ စစ်မှန်တဲ့ မိတ်ဆွေဖြစ်မှု (#IStandWithPutin. True Friendship)" လို့ ဟက်ရှ်တက်ဂ် နဲ့ တွိလုပ်ထားပါတယ်။ အဲဒီတွိ မှာ တယောက်က အိန္ဒိယကို ကိုယ်စားပြု၊ နောက်တယောက်က ရုရှားကို ကိုယ်စားပြုထားတဲ့ လူနှစ်ယောက်က ပွေ့ဖက်ပြီး နှုတ်ဆက် နေကြတဲ့ ဗီဒီယိုကိုလည်း တွဲတင်ထားပါတယ်။
ရာမီနီက ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာ ဘယ်နိုင်ငံကိုမှာ မထောက်ခံဘူးလို့ ပြောပြီး သူ့ ပရိသတ်တွေ အထင်မှားမှာကို စိုးရိမ်တယ်လို့ ဆိုပါ တယ်။
"အဲဒီ တွိကို ပရိဿတ်တွေ မြင်သွားရင် ကျွန်မကို ဘယ်လိုထင်ကြမလဲ" လို့ သူက စိုးရွံ့ပြီး "ကျွန်မပုံကို သူတို့ အကောင့်မှာ မသုံးစေချင်ဘူး။"
အဲဒီ တွစ်တာ အကောင့်ဟာ မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ #IStandWithPutin #IStandWithRussia ဟက်ရှ် တက်ဂ်တွေ နဲ့ အတူ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ထောက်ခံပြီး သူနဲ့ရုရှားရဲ့ ပုံရိပ်ကို မြှင့်တင်ပေးကြတဲ့ ကွန်ရက်တခုရဲ့ အစိတ်အပိုင်းမျှသာပါ။ ဒီလို ထောက်ခံမှုတွေကို ခေတ်စားအောင်လုပ်နေကြတာတွေက အထူးသဖြင့် အိန္ဒိယ၊ ပါကစ္စတန်၊ တောင် အာဖရိက၊ နိုင်ဂျီးရီးယား စတဲ့နိုင်ငံတွေ အပါအဝင် တောင်ပိုင်းကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA/Mikhail Metzel/Kremlin Pool/Sputnik
အဲဒီထောက်ခံမှုတွေကို ဖြန့်တဲ့အကောင့်တွေထဲမှာ တကယ် မစ္စတာပူတင်နဲ့ ရုရှားကို ထောက်ခံကြသူတွေ အစစ်အမှန် အကောင့် တွေလည်း ပါဝင်ပါတယ်။
ဒါပေမယ့် တခြားအကောင့်တွေအများအပြားက အစစ်အမှန်မဟုတ်ဘဲ အတုတွေပါ။ အဲဒီအကောင့်တွေကနေ အဲဒီ သတင်းစကားကို တခြား အကောင့်များစွာဆီ ထပ်ဆင့်ဖြန့်ပေးပါတယ်။
"သူတို့က ကြည့်ရတာ အလိုအလျောက်လုပ်တဲ့ ကွန်ပျူတာ ပရိုဂရမ်တွေ၊ ပရိုဖိုင်းအတုတွေ၊ အကောင့်တုတွေကနေ စထုတ် လိုက်တာ ဖြစ်ပြီးတော့ အဲဒီနိုင်ငံတွေမှာ ပူတင်ကို လူအများအပြားက ထောက်ခံနေကြလေဟန် သတင်းမှားကိုဖြန့်ကြတာ" လို့ အွန်လိုင်းမှာ အနှောင့်အယှက် ပေးတာတွေ၊ သတင်းတု သတင်းလိမ်တွေကို သုတေသနလုပ်နေတဲ့ CASM အဖွဲ့ကို ပူးတွဲတည်ထောင်သူ ကားလ် မေလာက ပြောပါတယ်။
မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ဘာသာစကားပေါင်းများစွာနဲ့ ရုရှားကို မြှင့်တင်ပေးတဲ့ အကောင့် ပရိုဖိုင်းပေါင်း ၉,၉၀၇ ကို သူတို့ လိုက်ခြေရာခံ ကြည့်ခဲ့ပါတယ်။ အဲဒီထဲက အကောင့်ပေါင်း ၁,၀၀၀ ကျော်ဟာ သူတို့ဆီကနေ တခြားအကောင့်တွေဆီကို၊ အဲဒီက လက်ခံချင်သည် ဖြစ်စေ၊ မခံချင်သည် ဖြစ်စေ ထပ်ဆင့်ပို့ပို့ပေးနေတဲ့ Spam လို အကောင့်တွေဖြစ်ကြောင်း CASM ကတွေ့ရှိခဲ့ပါတယ်။
ဘီဘီစီအနေနဲ့လည်း အဲဒီအကောင့်တုတွေလို့ သတ်မှတ်နိုင်တဲ့ အကောင့်တွေထဲက ရာနဲ့ချီတဲ့ အကောင့်တွေကို လေ့လာစူးစမ်းခဲ့ ပါ တယ်။ အဲဒီမှာ မစ္စတာ မေလာ ယူဆထားသလိုပဲ သူတို့ဟာ အစစ်အမှန်ပုံဖမ်းပြီး သတင်းတုတွေ ဖြန့်နေတာကို အသေအချာတွေ့ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Prince Williams/Getty Images
အွန်လိုင်းမှာ ဓာတ်ပုံရှာစက်ကို သုံးပြီးရှာကြည့်ရာမှာ အဲဒီ ပရိုဖိုင်းပုံတွေဟာ ထင်ပေါ်ကျော်ကြားသူတွေ၊ လူမှုမီဒီယာမှာ ပရိသတ် အများအပြားရှိသူတွေ၊ သာမန်လူတွေ စသဖြင့် အဲဒီလူတွေရဲ့ ပုံတွေကို ယူသုံးထားတာ ဆိုတာကို ဘီဘီစီက တွေ့ရပါတယ်။ တကယ်မှာ တော့ အဲဒီလူတွေဟာ ယူကရိန်းကို စစ်ပြုနေတဲ့ ရုရှားကို ထောက်ခံတဲ့နေရာမှာ သူတို့ရဲ့ ပုံတွေကို သုံးထားတယ်ဆိုတာ သိကို မသိ လိုက်ရပါဘူး။
အဲဒီ အကောင့်ဖွင့်တဲ့သူတွေက ဘယ်သူတွေလဲ၊ သူတို့က ရုရှားအစိုးရနဲ့ ဆက်စပ်မှုရှိသူတွေလား စတာတွေကိုတော့ လိုက်လံစုံစမ်း အတည်ပြုနိုင်ဖို့ ဘီဘီစီက မစွမ်းသာခဲ့ပါဘူး။
အကောင့်နာမည် ပရီတီ ရှာမာ (Preety Sharma) ဆိုတဲ့ တယောက်ဆိုရင် သူ့ ကိုယ်ရေးရာဇဝင်မှာ သူက မော်ဒယ်ဖြစ်တယ်၊ လုပ်ငန်းရှင်တယောက် ဖြစ်တယ်လို့ ဆိုထားပါတယ်၊ အရင်တုန်းက အိန္ဒိယကဖြစ်ပြီး အခုက မီယာမီမှာလို့လည်း ရေးထားပါတယ်။ အကောင့်က ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စဖွင့်တာဖြစ်ပြီး ရုရှား ကျူးကျော်စစ်စပြီး ၂ ရက်အကြာမှာဖြစ်ပါတယ်။ အဲဒီ အကောင့် ကနေ "ပူတင်က လူကောင်းတယောက်"ဆိုတဲ့ တွိကို ပြန်ထပ်ဆင့်ဖြန့်ထားတာတွေ့ရပါတယ်။
ဒါပေမယ့် အကောင့်ရဲ့ ပရိုဖိုင်းမှာတင်ထားတဲ့ အမျိုးသမီး ပုံကတော့ ကမ္ဘာတဖက်ခြမ်းက နီကိုးလ် သွန်း (Nicole Thorne) ရဲ့ ပုံနဲ့ပါ။ နီကိုးလ် သွန်းက သြစတြေးလျကဖြစ်ပြီး သူ့ အင်စတာဂရမ်မှာ ပရိသတ်ပေါင်း ၁ သန်း ခွဲရှိပါတယ်။ သူ့ ပရိုဖိုင်းပုံနဲ့ တင်ထားတဲ့ တွစ်တာကို သူ တခါတလေမှ သုံးတာပါ။
နောက်အကောင့်တခုကတော့ အိန္ဒိယ အဆိုကျော် ရာဂျာ ဂုဂျာပါ။ ယူကရိန်းကို ရုရှားကျူးကျော်တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဖွင့်တာပါ။ အဲဒီ အကောင့် ကနေ ပို့စ်ပေါင်း ၁၇၈ ခုဟာ ထပ်ဆင့်ပြန့်ထွက်သွားပါတယ်။ တခြားက ဖြန့်လိုက်တဲ့ တွိတွေကို ထပ်ဆင့်ပြန်ဖြန့် လိုက်တာ ပါ။ သေချာတာကတော့ အလိုအလျောက် လုပ်လိုက်တာဆိုတာပါပဲ။
ဘီဘီစီက မစ္စ သွန်းကိုရော၊ မစ္စတာ ဂုဂျာကိုရော ဆက်သွယ်မေးကြည့်တဲ့အခါ အဲဒီအကောင့်တွေဟာ သူတို့ရဲ့ အကောင့်တွေ မဟုတ်တဲ့ အကြောင်း အတည်ပြုပြီး ပြောပါတယ်။
ဒါတွေကိုကြည့်ရင် ကွန်ပျူတာကနေ အလိုအလျောက်လုပ်နေတာကို တွေ့ရပေမယ့် ရုရှားကို ထောက်ခံတဲ့ အကောင့် အားလုံးက အတုတွေလို့ မပြောနိုင်ပါဘူး။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စဖွင့်ပြီး မတ်လ ၂ ရက်နေ့မှာ ရုရှားကို ထောက်ခံတဲ့အကြောင်း တွိစလုပ်တဲ့ အကောင့်တခုကို ကြည့်ခဲ့ပါတယ်။ သူ့မှာ ပရိသတ် တယောက်မှ မရှိပါဘူး။ တင်ထားတဲ့ ပရိုဖိုင်းပုံနဲ့ လိုက်ကြည့်တော့ အိန္ဒိယ လူငယ်တယောက်ရဲ့ အကောင့် ဆိုတာ သိရပါတယ်။
သူက အစစ်အမှန်ပါ၊ ဆန်သဲလ် ကူးမား ဆိုတဲ့ လေကြောင်းအင်ဂျင်နီယာ လူငယ်တယောက်ပါ။ ရုရှားထောက်ခံတဲ့ ပို့စ်တွေပဲ ဖြန့်ဖို့ ဘာလို့ အကောင့်ဖွင့်တာလဲလို့ သူ့ကို မေးကြည့်ကြပါတယ်။
"တွစ်တာကို ဖွင့်ကြည့်ရင် ခေတ်စားနေတဲ့ ပို့စ်တွေကို ထပ်ဖြန့်ပေးတာ"လို့ သူက ဆိုရင်း ရုရှားက အိန္ဒိယကို တချိန်ကထောက်ခံ ပေးခဲ့တာဖြစ်လို့ အိန္ဒိယအနေနဲ့လည်း အခုအချိန်မှာ ရုရှားကို ထောက်ခံပေးရမယ်လို့ သူယုံကြည်ကြောင်း ပြောပြပါတယ်။ အခုမှ ဘာလို့ အကောင့်ဖွင့်တာလဲဆိုတာကိုတော့ သူ့အရင် အကောင့်ဟောင်းရဲ့ ပတ်စ်ဝတ်ကို မေ့သွားလို့ အကောင့်သစ်ဖွင့်တာလို့ ဖြေပါတယ်။
အနောက်က မဟုတ်
အဲဒီလို အကောင့်တွေကနေ တွိလုပ်ကြတာတွေက အနောက်နိုင်ငံတွေကို ဝေဖန်တဲ့ပို့စ်တွေ ဖြစ်သလို ဘရစ်စ် (Brics) လို့ ခေါ်ကြတဲ့ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စတဲ့ နိုင်ငံတွေကြား ညီညွတ်မှုကို ပြကြတာတွေနဲ့ မစ္စတာ ပူတင်ကို ထောက်ခံကြတဲ့ တွိတွေပါ။
"ဒီသတင်းအချက်အလက် ကမ်ပိန်းက အနောက်ကို ရည်ရွယ်ထားတာပါ၊ ဒါပေမယ့် အကောင့်တွေထဲက တခုကမှ အနောက်နိုင်ငံက လိပ်စာ ဒါမှမဟုတ် လူလို့ မဖော်ပြထားဘူး" လို့ မစ္စတာ မေလာက ပြောပါတယ်။
အကောင့်အစစ်အမှန်မဟုတ်ဘူးလို့ ယူဆသတ်မှတ် နိုင်တဲ့ အကောင့်တွေကလည်း လိုက်ကြည့်မယ်ဆိုရင် "လူကမဟုတ်ဘဲ ပရိုဂရမ်က" ဖြန့်နေတာ၊ ဥပမာ ၂၄ နာရီ တွိလုပ်နေတာမျိုး၊ တင်တဲ့ အကြောင်းအရာခေါင်းစဉ်တွေကလည်း အမျိုးမျိုးဆိုတာကို တွေ့ရတယ်လို့ သူက ထပ်ဖြည့်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Twitter
CASM က လိုက်စုံစမ်းကြည့်တဲ့ အကောင့်တွေထဲက အကောင့် ၁၀၀ ကို ဘီဘီစီက ကြည့်ရမှာ အကောင့် ၄၁ ခုမှာ ပရိုဖိုင်း ရုပ်ပုံ မပါ ပါဘူး။ နောက်ထပ် အကောင့် ပေါင်း ၃၀ ကလည်း မစ္စတာ ပူတင် လို၊ ဖေ့ဘွတ်ခ် အကြီးအကဲ မတ်ခ် ဇူကာဘတ်လို နာမည်ကြီး လူတွေရဲ့ ပုံတွေ ဒါမှ မဟုတ် တခြား ပန်းချီသရုပ်ဖော်ပုံတွေနဲ့ပါ။ လေးပုံ တပုံလောက်ကပဲ လူပုံတွေနဲ့ ပရိုဖိုင်းပုံတင်တာပါ၊ အဲဒီထဲက တချို့ ပုံတွေက သူများပုံတွေကို ခိုးထားတာပါ။
တွစ်တာက "တခြားလူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ အဖွဲ့တွေရဲ့ ပုံတွေကို ယူပြီး အများအထင်လွဲစရာ၊ ရှုပ်ထွေးစရာ တွေ မဖြစ် စေရဘူး၊ လိမ်ညာလို့ မရဘူး"လို့ တားမြစ်ထားပါတယ်။
ယူကရိန်းစစ်ပွဲစတင်ချိန်ကတည်းကဆိုရင် သူတို့ ကုမ္ပဏီက ချမှတ်ထားတဲ့ မူဝါဒတွေ၊ စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့ အကောင့်ပေါင်း ၁၀၀,၀၀၀ ကျော်ကို ဖယ်ရှားလိုက်တယ်လို့ တွစ်တာ ကုမ္ပဏီက ပြောပြီး အဲဒီထဲမှာ ဒါဇင်နဲ့ ချီတဲ့ အကောင့်တွေက ရုရှားကို ထောက်ခံ တဲ့ ဟက်ရှ်တက်ဂ် တွေ (#IStandWithRussia #IStandWithPutin) နဲ့ ဆက်နွှယ်မှု ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Twitter
CASM က သုတေသနလုပ်ပြီး အကောင့်တုတွေလို့ ထောက်ပြတဲ့ ရာနဲ့ချီတဲ့ အကောင့်တွေကို သူတို့ စုံစမ်းစစ်ဆေးပြီး ရပ်ဆိုင်းလိုက် တယ်လို့ တွစ်တာ က ပြောပါတယ်။ အဲဒီထဲမှာ တခြားသူတွေရဲ့ ပုံတွေယူသုံးထားတယ်လို့ ဘီဘီစီက ထောက်ပြတဲ့ အကောင့် ၁၂ ခုထဲက ၁၁ ခုလည်း ပါဝင်ပါတယ်။
ဒါပေမယ့် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အမြင်တခုခုကို ချဲ့ကားပြန့်သွားအောင် ကျယ်ကျယ်ပြန့်ပြန့် စီမံလုပ်ကိုင်နေတယ်ဆိုတဲ့ အထောက်အထား တစုံတရာမှ မတွေ့ရဘူးလို့လည်း တွစ်တာက ပြောပါတယ်။








