ယူကရိန်းစစ်ပွဲ- ကမ္ဘာ့စားသုံးဆီ တင်သွင်းမှုအများဆုံး အိန္ဒိယအတွက် နှိုးဆော်ချက်

အိန္ဒိယဟာ ကမ္ဘာ့ဒုတိယအများဆုံး စားသုံးဆီနှင့် ဟင်းချက်ဆီ တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်
ဓာတ်ပုံ ပုံစာ, အိန္ဒိယဟာ ကမ္ဘာ့ဒုတိယအများဆုံး စားသုံးဆီနှင့် ဟင်းချက်ဆီ တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်

ကမ္ဘာ့စားအုန်းဆီ အများဆုံး ထုတ်လုပ်တဲ့ အင်ဒိုနီးရှားက သူတို့ရဲ့ စားအုန်းဆီ ပြည်ပတင်ပို့မှုကို ရပ်တန့်ထားမယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ကပ်ရောဂါ တို့ကြောင့်လို့ အပြစ်တင်နေကြတဲ့ ပြည်တွင်းက ကုန်စျေးနှုန်းတွေ မြင့်တက်လာနေတာကို တည်ငြိမ်စေဖို့ အခုလို လုပ်တာလို့ ပြောပါတယ်။

ဟင်းချက်ဆီဟာ အိန္ဒိယက လူတွေအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့ ဒုတိယအများဆုံး ဟင်းချက်ဆီ စားသုံးတဲ့နိုင်ငံဖြစ်ပြီး ဟင်းသီးဟင်းရွက်ဆီ အများဆုံး တင်သွင်းတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။သူတို့နိုင်ငံရဲ့ ဟင်းချက်ဆီ လိုအပ်ချက်အချို့ရဲ့ ၅၆ ရာခိုင်နှုန်းကို နိုင်ငံ ၇ နိုင်ငံကျော်က တင်သွင်းနေတာပါ။

အိန္ဒိယလူမျိုးတွေက စားအုန်းဆီ၊ ပဲပိစပ်ဆီနဲ့ နေကြာဆီတွေကို ချက်ပြုတ်တဲ့နေရာမှာ အဓိက အသုံးပြုနေတာပါ။တိုင်းပြည်ရဲ့ စားအုန်းဆီ လိုအပ်ချက် ၉၀ ရာခိုင်နှုန်းဟာလည်း အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက တင်သွင်းနေတာ ဖြစ်ပါတယ်။

အဲဒီ တင်သွင်းမှုနဲ့တင် မလုံလောက်ဘူးဆိုရင်လည်း အိန္ဒိယနိုင်ငံရဲ့ နေကြာဆီ လိုအပ်ချက် တစ်ဝက်ကို ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှု ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ ရုရှားနဲ့ ယူကရိန်းတို့ကနေ တင်သွင်းပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် လာမယ့်ဘဏ္ဍာနှစ်မှာ နေကြာဆီ တင်ပို့မှု ၂၅ ရာခိုင်နှုန်း ပြတ်တောက် သွားဖွယ်ရှိတယ်လို့လည်း အစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။ စားအုန်းဆီ ဒုတိယအများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံမှာလည်း တင်းကြပ်တဲ့မူဝါဒတွေ ရှိနေပါပြီ။

ဒီနှစ်မှာ အိန္ဒိယက ဟင်းချက်ဆီ တင်သွင်းဖို့အတွက် ဒေါ်လာ လီယံ၂၀ (ပေါင် ၁၆ဘီလီယံ) ခန့် သုံးစွဲခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ်က သုံးစွဲခဲ့တဲ့ ပမာဏထက် နှစ်ဆတောင် များပါတယ်။

"ဘယ်နိုင်ငံမှ သွင်းကုန်တွေအပေါ် အများကြီး မှီခိုလို့ မရပါဘူး။ ကျွန်တော်တို့ အခု ဒုက္ခရောက် နေပြီ။ ဒီကိစ္စက ကြီးမားတဲ့ အကျပ်အတည်းလို့ ပြောနိုင်ပါတယ်။ သွင်းကုန်အပေါ် မှီခိုနေရတာကို လျှော့ချဖို့ ဒီစစ်ပွဲကနေ သင်ခန်းစာယူဖို့ လိုပါတယ်" လို့ ဟင်းသီးဟင်းရွက်ဆီ‌ရောင်းဝယ်ရေး Solvent Extractors Associationအဖွဲ့ အမှုဆောင် ဒါရိုက်တာ လီဗွီမီတာ BV Mehta က ပြောပါတယ်။

အိန္ဒိယက ဟင်းချက်ဆီတွေအပေါ် စည်းကြပ်ခွန်တွေချတာကို လျှော့ချထားပါတယ်။ဒါပေမဲ့ ၂၀၂၀ခုနှစ် ကတည်းက စျေးနှုန်းတွေ မြင့်တက်လာပြီး လတ်တလောမှာလည်း ယူကရိန်း စစ်ပွဲကြောင့် တင်ပို့မှုတွေ ပြတ်တောက်ပြီး အခက်အခဲတွေဖြစ်နေပါတယ်။

ကမ္ဘာတလွှားမှာ ဟင်းချက်ဆီဈေးတွေ တဟုန်ထိုးတက်လာနေ
ဓာတ်ပုံ ပုံစာ, ကမ္ဘာတလွှားမှာ ဟင်းချက်ဆီဈေးတွေ တဟုန်ထိုးတက်လာနေ

အိန္ဒိယမှာရှိတဲ့ အိမ်ထောင်စုတွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ မုန့်ဆိုင်တွေက သဘောကျနှစ်ခြိုက် အသုံးပြုနေတဲ့ စျေးအသက်သာဆုံး စားအုန်းဆီ ကမ္ဘာ့စျေးကွက် စျေးနှုန်းက နှစ်နှစ်အတွင်း သုံးရာ ရာခိုင်နှုန်းကျော်ထိတောင် မြင့်တက်လာခဲ့ပါတယ်။

ဟင်းချက်ဆီစျေးနှုန်းတွေ တစ်လမပြည့်ခင်အချိန်အတွင်း ၂၀ ရာခိုင်နှုန်းကျော် စျေးတက်သွားတာက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ပြီးတော့ ဆီတွေကို သိုလှောင်ထားတဲ့သူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်နေပါတယ်။ အိန္ဒိယနိုင်ငံက စျေးပေါတဲ့ အစားအစာအများစုက ဆီနဲ့ကြော်တာဖြစ်ပါတယ်။

ဝင်ငွေနည်းပြီး ဆင်းရဲတဲ့ အိန္ဒိယလူမျိုးတွေ အတွက် ဆန်၊ ဂျုံနှင့် ဆားတို့လိုပဲ ဟင်းချက်ဆီက အဓိကကျပါတယ်။ အိန္ဒိယရဲ့ အကြီးတန်းစားနပ်ရိက္ခာဆိုင်ရာ အရာရှိ ဆူဟန်ရှုပန်ဒီ ကလည်း "ဟင်းချက် ဆီစျေးနှုန်းတွေ မြင့်တက်လာတာကနေ ထိခိုက်မှုတွေ ဖြစ်လာမှာ သေချာနေပါပြီ"လို့ ဝန်ခံ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲမှာ ၇.၆၈ ရာခိုင်နှုန်း အထိ ၁၆လအတွင်း အမြင့်ဆုံး အစားအစာ စျေးနှုန်းတွေ အမြင့်ဆုံးစျေးတက်လာတာကိုလည်း မီးလောင်ရာ လေပင့်လိုက်သလို ဖြစ်သွားပါတယ်။

စျေးနှုန်းတွေ အခုလို မြင့်မားနေတာ ဆက်ဖြစ်နေရင် အိန္ဒိယကို ရိက္ခာထောက်ပံ့ဖို့ လိုအပ်လာမှာ ဖြစ်တဲ့အတွက် ရေတို သွင်းကုန်ပြတ်လပ်မှုအတွက် အစားထိုးဖို့ ရွေးချယ်စရာနည်းလမ်း မရှိသလောက်ဖြစ်နေပြီလို့ ” ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (UNFAO)က စားနပ်ရိက္ခာ ဘောဂဗေဒပညာရှင် ဒီရန်းက ပြောထားပါတယ်။

ဟင်းချက်ဆီ ရှားပါးမှုကို တစ်စိတ်တစ်ပိုင်း အစားထိုးနိုင်ဖို့ မုန်ညင်းနဲ့ ပဲပိစပ်တွေ ဒီနှစ်ထဲမှာ အထွက်ကောင်းမယ်လို့လည်း အိန္ဒိယက မျှော်လင့်နေပါတယ်။ "ပြည်တွင်းစားသုံးဆီ ဈေးမြင့်တက်မှုက ကမ္ဘာ့စျေးနှုန်းမြင့်တက်မှုရဲ့ ထက်ဝက်နီးပါးရှိနေပေမယ့် အိန္ဒိယနိုင်ငံက ကမ္ဘာ့ငွေကြေးဖောင်းပွမှု အကျိုးသက်ရောက်မှုကို အပြည့်အဝ မခံရသေးတာဟာ ပြည်တွင်းက စားသုံးဆီ ထုတ်လုပ်မှုကို တိုးလာခဲ့လို့ဖြစ်တယ်"လို့ မစ္စတာပန်ဒီက ပြောပါတယ်။

“ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာဖြစ်ပြီး လယ်သမားတွေ ကို သူတို့လိုချင်တဲ့ စျေးတွေရမယ်လို့ ပိုဆွဲဆောင်လာနိုင်ရင် ဆီထွက်ကုန် အပင်တွေ ပြောင်း စိုက်တာတွေလည်း ဖြစ်လာမှာပါ”

အိန္ဒိယရဲ့ အစီအစဥ်တစ်ခုကတော့ ဆီအုန်းပင်တွေ ပိုစိုက်ဖို့ ပါ။ ပဲပိစပ်လို အလားတူ သီးနှံတွေထက် ဆီအုန်းက ဆီအဆများစွာ ပိုထွက်တဲ့ သီးနှံတစ်ခုဖြစ်တဲ့အတွက် ဒီစိတ်ကူးက စိတ်ကူးကောင်းလို့ ပြောလို့ရပါတယ်။စားအုန်းဆီဟာ စွယ်စုံသုံးလို့ရတဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး လူသုံးကုန်ပစ္စည်းတွေနဲ့ စက်မှုလုပ်ငန်းသုံးပစ္စည်းတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

အိန္ဒိယက စားအုန်းဆီ အများစုကို အင်ဒိုနီးရှားကနေ တင်သွင်း
ဓာတ်ပုံ ပုံစာ, အိန္ဒိယက စားအုန်းဆီ အများစုကို အင်ဒိုနီးရှားကနေ တင်သွင်း

ဒါပေမဲ့ ဆီအုန်းပင်က ရေကြိုက်တဲ့ အပင်ဖြစ်တဲ့အတွက် စိုက်ခင်းသစ်တွေစိုက်ရင် သစ်တောတွေအများကြီး ခုတ်လှဲဖို့ လိုအပ်ပါတယ်။ဆီအုန်းစိုက်ခင်းသစ် သုံးပုံတစ်ပုံကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် တောင်ကုန်းဒေသတွေမှာစိုက်ဖို့ အိန္ဒိယအစိုးရက အဆိုပြုထားတာရှိပါတယ်။

အဲဒီလို စိုက်ပျိုးမှုတွေလုပ်လာရင် အပူပိုင်းမိုးသစ်တောတွေ အပျက်စီးခံပြီးမှ အောင်မြင်မှုရခဲ့တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ ရဲ့ နမူနာတွေ ရှိခဲ့အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေရဲ့ အတားအဆီး အဟန့်အတားတွေနဲ့လည်း ကြုံလာရနိုင်ပါတယ်။

အိန္ဒိယပြည်တွင်းက စားအုန်းဆီထုတ်လုပ်မှုကို သုံးဆအထိမြှင့်ဖို့ အစိုးရက စီစဥ်နေပြီး အခုတော့ လောလောဆယ်မှာ ၂.၇ ရာခိုင်နှုန်းအထိပဲ တိုးနိုင်သေးတယ်လို့ မစ္စတာပန်ဒီက ပြောပါတယ်။ အခုအချိန်မှာ အိန္ဒိယလူမျိုးတွေရဲ့ ဟင်းချက်ဆီ စားသုံးမှုဟာ “စျေးသက်သာတဲ့ အခြားရွေးချယ်စရာတွေ ” ဘက်ကို ပြောင်းနေကြပြီလို့ လည်း သူက ဆိုပါတယ်။

အစဉ်အလာအားဖြင့်ဆိုရင် အိန္ဒိယလူမျိုးတွေက သူတို့နေထိုင်တဲ့ နေရာဒေသတွေအပေါ် မူတည်ပြီး မုန်ညင်းဆီ၊ မြေပဲဆီ၊ အုန်းဆီနဲ့ နှမ်းဆီတို့လို မွှေးကြိုင်ပြီး အနံ့ပြင်းတဲ့ ဆီတွေနဲ့ ချက်ပြုတ်လေ့ ရှိပါတယ်။

စားအုန်းဆီနဲ့ နေကြာဆီတွေတို့လို အစေ့က ထွက်တဲ့ဆီတွေနဲ့ နိုင်ငံခြားက ဟင်းသီးဟင်းရွက်ဆီတွေကို ပြောင်းပြီး အသုံးပြုလာကြတာဟာ မြို့ပြ အသွင်ကူးပြောင်းမှုနဲ့ ကမ္ဘာလုံးဆိုင်ရာစနစ် မြင့်တက် ပြောင်းလဲလာတာနဲ့လည်း သက်ဆိုင်ပါတယ်။ အဲ့ဒီဆီတွေက စျေးပေါပြီး ထုတ်လုပ်သူတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြားရွေး ချယ်စရာတွေအဖြစ် ရောင်းချကြပါတယ်။

"ကျွန်တော်တို့ရဲ့ ဟင်းချက်ဆီ အကျပ်အတည်းက ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့သလို ဖြစ်နေတာပါ။ ဘာလို့လဲဆိုတော့ တင်သွင်းလာတဲ့ ဟင်းသီးဟင်းရွက်ဆီတွေကို လူတွေစားသုံးကြဖို့ အောင်အောင်မြင်မြင် လှုံ့ဆော်ခဲ့တာကြောင့်ပါ "လို့ အစားအသောက်သမိုင်းပညာရှင် ပရီသာဆန်က ရှင်းပြပါတယ်။

နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ၊ မြို့ပြကို ရွှေ့ပြောင်းနေထိုင်သူတွေ များလာတာနဲ့အမျှ မြို့ပြတွေက ချက်ပြုတ်တဲ့သူအများစုဟာ အရောင်မရှိ အနံ့မရှိတဲ့ စားအုန်းဆီနဲ့ နေကြာဆီတို့လို ဆီတွေကို သုံးပြီး ချက်ပြုတ်လာကြတယ်လို့ လူအများစုက ယူဆထားကြပါတယ်။

“အိမ်မှာ ပုံမှန်ချက်ပြုတ်စားသောက်နေတဲ့ အိန္ဒိယလူအများစုရဲ့ အလေ့အကျင့်ကိုလည်း ငြီးငွေ့စရာကောင်းတဲ့ ကိစ္စတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုလာကြတယ်” လို့ အစားအသောက် စာရေးဆရာ Marryam H Reshii ကဆိုပါတယ်။ ပြီးတော့ "ဒါက ဟင်းချက်ဆီရွေးချယ်မှုနဲ့ လည်း အများကြီး သက်ဆိုင်တယ်"လို့လည်း သူက ထပ်ပြောပါတယ်။

အဆိုပါ စားသုံးဆီစျေးနှုန်းတွေ မြင့်တက်လာတာဟာ လူနေမှုစရိတ်တွေ တအားတက်လာတာနဲ့ ရင်ဆိုင်နေရတဲ့ အိန္ဒိယလူမျိုးတွေကို ထိခိုက်မှုတွေဖြစ်လာစေပါတယ်။ “ဟင်းရွက်ဆီတွေက အိန္ဒိယမှာ ဟင်းချက်ဖို့အတွက်ဖြစ်ပြီး သံလွင်ဆီက မြေထဲပင်လယ် ဟင်းလျာအတွက်ပါ။ စျေးတွေတက်လာတာက ကျွန်တော်တို့ရဲ့ ချက်ပြုတ်တဲ့ အလေ့အထတွေကို သိသိသာသာ သက် ရောက်မှုရှိလာမှာ ”လို့ အစားအသောက်ရှိုးပွဲတွေ လက်ခံစီစဉ်သူ ရာကတ်ခ်စ်ရက်ဟူနာသန်ကလည်း ဆိုပါတယ်။

ဒါပေမဲ့ ဒီအကျပ်အတည်းက လူတွေကို ဟင်းချက်ဆီတွေကို ချင့်ချင့်ချိန်ချိန်နဲ့သုံးဖို့ လှုံ့ဆော်သလို ဖြစ်လာနိုင်တယ်လို့လည်း အစားအသောက်စာရေးဆရာ ဆာဒီယာဒေလီ ကပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယလူမျိုးအများစုကတော့ အဆီများတဲ့ အစားအစာကို နှစ်သက်ဆဲ ဖြစ်ပါတယ်။